Part 10(Unicode)

1.9K 181 49
                                    

ရန်ချိန်းဖြစ်ခဲ့တဲ့ အဲ့ဒီနေ့တစ်ညလုံး မိုရ်တို့အားလုံး ဘော်ဒါဆောင်ရဲ့ စည်းကမ်းထိန်းသိမ်းရေးမှူးရုံးခန်းထဲမှာပဲ ဖြစ်သလိုအိပ်ခဲ့ကြရတယ်။ မိုရ်ရဲ့လက်ချက်ကြောင့် ဒဏ်ရာရသွားတဲ့ကောင်တွေက သူ့ကိုအခဲမကျေကြပေမယ့် ဒီပြဿနာထဲမှာ သူတို့က အဓိကရန်စသူတွေဖြစ်နေကြတော့ ပါးစပ်ပိတ်နေရုံကလွဲပြီး ရွေးချယ်စရာမရှိကြဘူး။ စည်းကမ်းထိန်းသိမ်းရေးမှူးက "ဘယ်သူရန်စတာလဲ"
မေးတာကိုလည်း မကြားသလိုဘဲ ငြိမ်နေခဲ့ကြလို့ နောက်ဆုံးတော့ အုပ်ထိန်းသူတွေအလာကိုပဲ သူတို့စောင့်နေကြရတော့တယ်။

"မင်းတို့မိဘတွေ မနက်ကျရောက်လာလိမ့်မယ်"

အေးစက်စက် စကားတစ်ခွန်းက မိုရ်ရဲ့
နားထဲကနေ ပူပူလောင်လောင်ကြီး ဆင်းချသွားတယ်။ မိဘတွေဆိုတော့...ဘဘကြီးနဲ့ မေမေကြီးကို ပြေးမြင်ရမယ့်အစား ကိုကိုနဲ့မမနှင်းနဒီဝေတို့ကိုပဲ သူသွားတွေးမိတယ်။ သူ့ကို ဒီနေရာလာပို့တုန်းကလည်း ကိုကိုတို့ဇနီးမောင်နှံပဲမို့ သူ့ပြဿနာကို လာရှင်းပေးရမယ့် သူတွေကလည်း ကိုကိုတို့ပဲဖြစ်မယ်လို့သိသိချင်း စိတ်မထိန်းနိုင်ဖြစ်ခဲ့တာတွေအတွက်တောင် သူနောင်တရခဲ့သလိုပါပဲ။

တကယ်လို့...
ကိုကိုသာ သူ့ကိုစိတ်ပျက်သွားခဲ့ရင် မိုရ်ဘယ်လိုလုပ်ရမလဲ။

လူသံ၊သူသံကြားတာနဲ့ တွင်းထဲပြေးဝင်ပုန်းတတ်တဲ့ ယုန်လိုကောင်လေးက နောက်ကွယ်မှာ လက်သည်းတွေ ထုတ်တတ်နေတဲ့ ကျားရိုင်းတစ်ကောင်လို ဖြစ်နေခဲ့တာကို ကိုကိုသိလိုက်ရရင် သူ့ဆံပင်တွေကို ဖွချင်နေဦးမှာတဲ့လား။

မိုရ်ဟာ ဘယ်လိုပဲ ကြီးပြင်းလာခဲ့လာခဲ့၊
သူ့ရဲ့စိတ်တွေက ဘယ်အတိုင်းအတာထိပဲ အရိုင်းဆန်လာခဲ့လာခဲ့ ကိုကို့ရှေ့မှာတော့ ဖြူစင်ရိုးသားလွန်းတဲ့ ညီငယ်လေးတစ်ယောက်ရဲ့
ပုံစံမျိုးကိုပဲ သူပြချင်တယ်။ သူမျှော်လင့်ထားတဲ့
ချစ်ခြင်းတွေကို မရခဲ့ရင်တောင် ရှိပြီးသားသံယောဇဥ်တွေကို ပျောက်ပျက်မသွားစေချင်တာက သူ့ရဲ့ဆန္ဒငယ်လေး တစ်ခုဖြစ်နေခဲ့လို့...၊ သူကိုယ်တိုင် ဒီနွံထဲကနေ ရုန်းကန်ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီးတာတောင်မှ
ကိုကိုဟာ သူလျစ်လျူရှူပစ်လို့မရနိုင်တဲ့ အသက်ဓာတ်လို ဖြစ်တည်မှုမျိုး ဖြစ်နေခဲ့လို့...။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now