Part 24 (Unicode)

1.7K 161 16
                                    

ဒီလိုညမျိုးတွေကို သူမုန်းတယ်။
အထူးသဖြင့် ဘာတစ်ခုကိုမှ သဲသဲကွဲကွဲ
မမြင်နိုင်တဲ့ အမှောင်ထုထဲ အရှိန်နဲ့ပြေးဝင်နေမိသလို... သူ့စိတ်ဝိညာဥ်က ခြေဦးတည့်ရာ ပြေးလွှားနေရင်း တစ်ချိန်တည်းမှာပဲ တစ်နေရာရာမှာ တစ်ခုခုနဲ့များ ရင်ဆိုင်လိုက်ရလေမလား တထိတ်ထိတ်ဖြစ်ရတဲ့ ခံစားချက်ကို မုန်းမိတာဖြစ်လိမ့်မယ်။

အလင်းရောင်ရှိတဲ့နေရာကို ဦးတည်လိုက်ရင် ကြောက်လန့်စိတ်တွေ ပြေပျောက်သွားမလားထင်ခဲ့ပေမယ့် ပိုနီးလာတာနဲ့အမျှ သူ့ကိုစောင့်နေခဲ့တာတွေက မျက်စိကျိန်းလုမတတ် စူးရှတဲ့ ပူလောင်ခြင်းတွေပဲ ဖြစ်နေခဲ့တယ်။ မျက်လုံးတွေကို မှိတ်ချလိုက်ရင်တောင် အဲ့ဒီလောင်ကျွမ်းခြင်းတွေက သူ့အာရုံမှာ အရိပ်မည်းတွေအဖြစ် လာထင်နေခဲ့ဆဲ....။

ဘယ်လိုလုပ်ရင် လွတ်မြောက်နိုင်မလဲ
ရှာဖွေနေရင်းနဲ့ အဆုံးသတ်မှာ သူ့ကိုယ်သူပဲ ဆုံးရှုံးလိုက်ရတယ်။ သူ ကိုကို့ကို စောင့်မနေခဲ့သင့်ဘူး။ ခြံထဲကို ကားဝင်လာသံကြားကတည်းက လှည့်ထွက်ဖို့ ဟန်ပြင်နေခဲ့တဲ့ ခြေလှမ်းတွေကလည်း သူ့ရှေ့ကို ကိုကိုရောက်လာချိန်အထိ တုံ့ဆိုင်းမနေခဲ့သင့်ဘူး။

"ကိုကို အရက်တွေသောက်လာတာလား"

"နည်းနည်းပါ"

ခပ်လေးလေးပြန်ဖြေသံနဲ့အတူ ကိုကို့ခန္ဓာကိုယ်က သူ့ကိုယ်ပေါ် ယိုင်ကျလာတယ်။ ဝိုင်နီရနံ့တွေလွှမ်းခဲ့တဲ့ အတိတ်တစ်ချိန်တုန်းကရော၊ ခပ်ပြင်းပြင်း ယမကာရနံ့တွေ စွဲနေတဲ့ လက်ရှိအချိန်မှာရော ကိုကို့ကို အလိုက်သင့်ထွေးပွေ့လိုက်ရုံကလွဲပြီး သူ့မှာ ရွေးချယ်စရာမရှိခဲ့...။ ကိုကို့မျက်နှာတစ်ပြင်လုံး
အပ်ထားတဲ့ သူ့ပခုံးတစ်ဖက်ဟာ ယမကာရနံ့ရောနေတဲ့ အသက်ရှူငွေ့တွေကြောင့် ပြင်းရှရှလေးနွေးနေခဲ့တယ်။ သူ့လက်တစ်ဖက်က ကိုကို့ခါးကို ဖက်ထားမိပြီး နောက်တစ်ဖက်ကတော့ သူ့လည်ပင်းကို သိုင်းဖက်ထားတဲ့ လက်တွေဆီမှာ...။

"ကိုကို တော်တော်မူးလာတာပဲ...ဒီပုံစံနဲ့
တစ်ယောက်တည်း ကားမောင်းလာတာ
အန္တရာယ်များတယ် သိရဲ့လား...။ ဘာလို့
အမြဲတမ်း...ကိုယ်လုပ်ချင်တာတွေပဲ လုပ်နေတာလဲ ကိုကိုရာ"

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now