Part 22 (Unicode)

1.6K 162 13
                                    

"မနေ့က အဆင်ပြေရဲ့လား ကိုညွှန်း...."

"အင်း...ပြေပါတယ်"

သင်တန်းချိန်ပြီးကတည်းက မပြန်သေးဘဲ ယောင်လည်လည်လုပ်နေတဲ့ သွင်သုတမိုးစကားကို ပြန်ဖြေပေးပြီးတာနဲ့ နှင်းဆီပန်းရွေးတာကိုပဲ မိုရ် အာရုံပြန်စိုက်လိုက်တယ်။ အမှာရထားတဲ့ ပန်းစည်းတွေအတွက် သုံးရမယ့်ပန်းတွေကို လိုက်ရွေးနေတဲ့တစ်လျှောက်လုံး သွင်သုတမိုးက မိုရ်ရဲ့အနားမှာ လိုက်ရပ်ပြီး တစ်ခုခုကို ပြောတော့မလိုလို ဟန်ပြင်လိုက်၊ မိုရ်လှည့်ကြည့်လိုက်ချိန်ကျ ပြောစရာမရှိသလို ဟန်ဆောင်လိုက်နဲ့ "အဆင်ပြေရဲ့လား"ဆိုတဲ့စကားကလည်း
သူ့ဘက်က အတော်လေး အားယူလိုက်ရပုံနဲ့ ပြောထွက်လာတဲ့စကားဖြစ်တယ်။ ဒါ့အပြင် မိုရ်ကိုယ်တိုင်ကလည်း အပြောနဲ့အလုပ်မညီခဲ့လို့ သူ ဝတ်ကျေတန်းကျေပြန်ဖြေလိုက်တဲ့ စကားတစ်ခွန်းက သွင်သုတမိုးဆီက သူမကြားချင်တဲ့စကားတွေ ထပ်ကြားရဖို့ လမ်းစရှာပေးလိုက်သလိုပဲ ဖြစ်နေတယ်။

"ကိုညွှန်းမျက်နှာက အဆင်မပြေဘူးလို့ဘဲ ပြောနေတယ်။ မနေ့က ကျွန်တော်တို့နှစ်ယောက်ကို အတူမြင်လိုက်ရလို့ ဟိုအစ်ကိုနဲ့ စကားများကြတယ်မလား။ ကျွန်တော် လိုက်ရှင်းပြပေးဖို့ ထပ်လိုသေးရင် လိုက်ရှင်းပြ...."

"ဘာဆိုင်လို့လဲ..."

"ဗျာ"

"ငါတို့နှစ်ယောက်က ဘာဆိုင်လို့လဲလို့...။ ဘာမှမဟုတ်တာကို ဘာကိုလိုက်ရှင်းပြမှာလဲ"

သွင်သုတမိုးက မိုရ်ကို ငေးကြည့်နေတယ်။ အဲ့ဒီကောင်လေးရဲ့အကြည့်တွေကို မိုရ်မကြိုက်ဘူး။ အဲ့ဒီအကြည့်တွေက မမနှင်းနဒီဝေကြည့်တတ်တဲ့ အကြည့်တွေနဲ့ သွားဆင်နေတယ်။ မိုရ်ဖုံးကွယ်ထားသမျှ အရာအားလုံးကို တစ်စချင်းစီ ဆွဲထုတ်ချောင်ပိတ်မိစေပြီးရင် သူ့ကိုကူညီချင်ပါတယ်ဆိုတဲ့အပြောတွေနဲ့ သူ့အတွေး၊ သူ့ခံစားချက်တွေကို ပိုရှုပ်ထွေးအောင်ပဲ လုပ်သွားကြတဲ့ အကြည့်မျိုးတွေ...။

"တောင်းပန်ပါတယ် ကိုညွှန်း.....။
ကျွန်တော်က လိုအပ်ရင် လိုက်ရှင်းပြပေးဖို့ ရှိနေကြောင်း
ပြောချင်တာပါ။ ကိုညွှန်းလိုအပ်တဲ့အချိန်တိုင်း
ကျွန်တော့်ကို ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် အသုံးချလို့ရတယ်လို့ ပြောချင်တာ..."

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Tahanan ng mga kuwento. Tumuklas ngayon