Part 19 (Unicode)

1.5K 172 14
                                    

"ဟုတ်...ဟုတ်ကဲ့ပါ မေမေကြီးရဲ့....။ သားမမေ့ပါဘူး...အပြန်ကျဝင်ယူခဲ့မယ်"

ဖုန်းကျသွားပြီးတာနဲ့ သူပစ်ချထားခဲ့တဲ့
နှင်းဆီပန်းနီလေးကို မိုရ် ပြန်ကောက်ကိုင်လိုက်တယ်။ သူ့ရှေ့က စားပွဲပေါ်မှာတော့ စက္ကူစတွေရော၊ နှင်းဆီနီနီတွေရော ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေတယ်။ အဆစ်အပေါက်ထင်းနေတဲ့ လက်ချောင်းတွေနဲ့ ပစ္စည်းတစ်ခုချင်းစီကို ကိုင်လိုက်၊ ပြန်ချထားလိုက်နဲ့ ရှုပ်ထွေးနေပြီးတဲ့နောက် နာရီဝက်ခန့်အကြာမှာ
မိုရ်ရဲ့လက်ထဲ လှပတဲ့ နှင်းဆီပန်းနီလေးတစ်စည်း ရုပ်လုံးပေါ်လာတယ်။ အနီရောင်တွေကိုချည်း သုံးထားခဲ့တာဖြစ်လို့ သူကိုင်ထားတဲ့ ပန်းစည်းလေးက စိတ်ကိုဖမ်းစားဝါးမြိုသွားနိုင်တဲ့ ရမ္မက်တစ်မျိုးနဲ့ အနားကလူတွေကိုပါ ဆွဲဆောင်မှင်သက်သွားစေခဲ့လို့ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာမှ သူ့အနားပတ်ဝန်းကျင်က လက်ခုပ်သံတွေကို
စကြားရတယ်။

"ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာ ဘယ်လိုပြီးသွားမှန်းတောင် မသိလိုက်ဘူး"

"လှလိုက်တာနော်.... မြတ်မွန်တို့လုပ်ရင်
ဒီလိုလှလှလေး ထွက်လာပါ့မလားမသိဘူး"

"ကိုညွှန်းက တော်လိုက်တာ"

တစ်ယောက်တစ်ပေါက်ထွက်လာတဲ့
ချီးကျူးသံတွေအတွက် မိုရ်ရဲ့တုံ့ပြန်ပုံက သမာရိုးကျဆန်လွန်းလှတယ်ဆိုရင်တောင် တစ်ယောက်ချင်းစီကို အပေါ်ယံရှပ်ကြည့်ပြီး
ပြုံးလိုက်တဲ့အပြုံးက သူ့ကိုငေးနေတဲ့လူတွေကိုပါ
အလိုလို ပြုံးမိသွားစေတဲ့အပြုံးမျိုးဖြစ်တယ်။
လက်ထဲက နှင်းဆီပန်းစည်းကို ရှေ့ကလူတွေရှေ့ ချပေးပြီးတာနဲ့ သူကြောင့် ရှုပ်ပွသွားတဲ့အမှိုက်တွေကို ရှင်းလင်းရင်း ပြောနေကျစကားတစ်ခွန်းကိုပဲ ထပ်ပြောလိုက်တယ်။

"အလေ့အကျင့်ပါပဲ...ချိုချိုတို့၊ မြတ်မွန်တို့
ကိုသွင်သုတမိုးတို့လည်း အလေ့အကျင့်များလာရင် ကျွန်တော်လုပ်တာထက် ပိုလှတဲ့ပန်းစည်းတွေ လုပ်နိုင်လာမှာပါ"

"ကြည့်...ကိုညွှန်းကလေ ချိုသံသာနဲ့
ခင်မြတ်မွန်တို့ကိုကျ အဖျားစွတ်ခေါ်ပြီး ကျွန်တော့်ကျမှ နာမည်အပြည့်အစုံကြီးနဲ့...။ သူတို့ခေါ်သလို အသွင်လို့ ခေါ်လည်းရတာကိုဗျာ..."

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now