Part 9(Unicode)

1.8K 172 9
                                    

"မိုရ်...နေကောင်းအောင်နေနော်။
အဆင်မပြေရင် အိမ်ကိုသာ ဖုန်းဆက်လိုက်။
ကိုကို ချက်ချင်းပြန်လာခေါ်မယ်"

စကားအဆုံးမှာ သူ့ဆံပင်တွေပေါ်
ရောက်လာတဲ့ လက်တစ်ဖက်...။

မထိရက်၊ မကိုင်ရက်သလို ခပ်ဖွဖွ ထိတွေ့လိုက်ခြင်း ဖြစ်ခဲ့ပေမယ့် မိုရ်ကတော့ သူ့ကိုယ်လုံးလေးကို
အလိုလို ကြုံ့ထားလိုက်မိတယ်။

ကိုကို့အပြုအမူတွေက ဘယ်တုန်းကမှ
မပြောင်းလဲခဲ့ဘူး။ တစ်ဖက်သတ် ပြောင်းလဲသွားတဲ့ မိုရ်ကသာ ကိုကို့ အပြုအမူတိုင်းအတွက်
အဓိပ္ပာယ်တွေ သတ်မှတ်မိပြီး ကိုကိုနဲ့အဝေးဆုံးကိုပါ ထွက်ပြေးသွားချင်နေခဲ့မိတာ...။ ဒါပေမယ့်
အခုလိုအချိန်မျိုးကျ သူ့ဆံပင်တွေ​ပေါ်မှာရှိနေတဲ့ ကိုကို့လက်ကို မလွှတ်တမ်း ဖမ်းဆုပ်ထားပြီး
"ကျွန်တော့်ကို ပြန်ခေါ်သွားပေးပါ"လို့ မိုရ်ပြောချင်လာပြန်ရော....။

"ကိုကိုလည်း အရက်ခဏခဏမသောက်နဲ့နော်"

သူပြောတော့ ကိုကိုပြုံးတယ်။ သူ့ကို
ငေးခနဲဖြစ်သွားစေတဲ့ ဒီအပြုံးလှလှတွေကို
ဖြစ်နိုင်ရင် ဖန်ပုလင်းတစ်လုံးထဲထည့်ပြီးတော့တောင်
မိုရ် သိမ်းထားချင်တာ...။ လွမ်းလာတဲ့အချိန်မျိုးကျ အပြုံးတွေရှိနေတဲ့ အဲ့ဒီဖန်ပုလင်းကို မိုရ်ထုတ်ကြည့်မယ်။ ပြီးရင်တော့ မိုရ်...အဲ့ဒီဖန်ပုလင်းကို ဘယ်တော့မှ ပြန်မသိမ်းတော့ဘူး...။

"တစ်ခါတလေတော့ ကိုကိုသောက်ချင်သောက်မိမှာပေါ့။ ဝိုင်လောက်ဖြစ်ဖြစ်..."

"ဒါပေမယ့် မူးအောင်ထိတော့ မသောက်ပါနဲ့"

ခဏငိုင်သွားပြီးမှ ခေါင်းညိတ်ပြလာတယ်။ ကိုကိုတို့အိမ်ထောင်ရေးက အခုတလော အဆင်မပြေမှန်း မိုရ်သိတယ်။ ဘာအကြောင်းကိစ္စရယ်ကြောင့်လို့
အတပ်မပြောနိုင်ပေမယ့် ပြဿနာဖြစ်ရတဲ့
ကိစ္စထဲမှာ ကိုကိုနဲ့ မမနှင်းနဒီဝေတို့ ရင်သွေးလေး မရနိုင်သေးတာကလည်း တစ်ခုအပါအဝင်ပဲ။ မေမေကြီးတို့က "မင်းတို့လင်မယား ကလေးယူဖို့လည်း ကြိုးစားကြပါဦး"လို့ပြောတိုင်း ကိုကို့မျက်နှာ ပျက်သွားတတ်တာတွေ၊ မမကြီးနဲ့ အစ်ကိုလေးတို့
မိသားစု အိမ်ကိုလာလည်ကြတိုင်း ကိုကိုက
အကြောင်းတစ်ခု မဟုတ်၊တစ်ခုပြပြီး သူတို့အနားကနေ ရှောင်သွားတတ်တာတွေ...၊ အဲ့ဒီလိုနေ့တွေတိုင်းမှာ ကိုကိုမူးပြီး မိုရ်ရဲ့အခန်းထဲကို ရောက်လာတတ်တာတွေက သေချာသတိထားကြည့်မိရင်တော့ အကျိုးအကြောင်း ဆက်စပ်နေတယ်။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now