"ကိုကို..."
"အင်း...ကိုကိုရှိတယ်နော် မိုရ်လေး"
ပတ်ပတ်လည် ဝန်းရံထားတဲ့
အမှောင်ထုနက်နက်ထဲမှာ မိုရ်...ကိုကို့အသံကို လိုက်ရှာနေမိတယ်။ အရိပ်တွေဟာ အမှောင်နဲ့ ရောထွေးနေခဲ့လို့လား။ ဒါမှမဟုတ်... အစကတည်းက အဲ့ဒီနေရာမှာ ဘာဆိုဘာမှ မရှိခဲ့တာမျိုးလား။ သူကြားနေရတဲ့ ကိုကို့အသံဆိုတာကရော စိတ်ကူးယဉ်ပုံရိပ်လွှာထဲက အာရုံမှောက်မှားမှုသက်သက်ပဲလား။
ခြောက်သွေ့နေတဲ့ လည်ချောင်းအဝကနေ
ကိုကို့နာမည်ကို ထပ်ခေါ်ကြည့်တော့လည်း
အမှောင်ဟာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတယ်။သူ့အနားမှာ ကိုကိုမရှိတော့ဘူး....။ ခြေကုန်လက်ပမ်းကျအောင်ထိ ပြေးလွှားနေခဲ့ပေမယ့် သူ ကိုကို့ကို ဘယ်နေရာမှာမှ ရှာလို့မတွေ့တော့ဘူး။
.
.
.
"စေညွှန်း...."
"စေညွှန်း...."
"စေညွှန်းမြင့်မိုရ်"
နာမည်အပြည့်အစုံနဲ့အတူ
လှုပ်နှိုးခံလိုက်ရတဲ့ ခန္ဓာကိုယ်တစ်ခြမ်း...။ညင်သာမှုမရှိတဲ့ အထိအတွေ့ကြောင့် မိုရ် မျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်တော့ အလင်းရောင်တွေက သူ့မျက်လုံးထဲ စုပြုံတိုးဝင်လာတယ်။ မျက်လုံးဖွင့်လို့မရသေးခင် ထထိုင်ဖို့ကြိုးစားရတာ ထင်သလောက်မလွယ်တဲ့အပြင် သူ့ကို လာနှိုးတဲ့တစ်ယောက်ကလည်း အကြောင်းအရာတစ်ခုကို မရပ်မနားပြောနေသေးလို့ နားထင်ဘေးနှစ်ဖက်က ဝေဒနာက ပိုနာကျင်လာတယ်။ အဲ့ဒီအချိန်မှာ မိုရ် ကိုကို့ကို သတိရတယ်။
ကိုကိုရော....အရက်သောက်ပြီးတိုင်း
ဒီလိုဝေဒနာမျိုးကို ခံစားရတာလား။ တဒင်္ဂအဆက်ပြတ်သွားတဲ့ လောကကြီးကို ပြန်ဖမ်းယူဖို့ ကြိုးစားရင်း နာကျင်မှုတွေပဲ ပိုတိုးလာတာတောင်မှ ကိုကိုက ဒီဝေဒနာကို ထပ်ခါတလဲလဲ ခံစားချင်နေခဲ့တာလား။"မင်းအစ်ကိုရောက်နေတယ်"
အစောပိုင်းကအထိ စကားလုံးတွေဟာ
စကားလုံးသက်သက်၊ အဲ့ဒီစကားလုံးတွေကို အသိစိတ်က အဓိပ္ပာယ်မဖော်နိုင်ခဲ့သမျှ ကိုကိုရောက်နေတယ်လို့ ကြားလိုက်တာနဲ့ တုန်လှုပ်မှုကို မိုရ် ဦးစွာခံစားလိုက်ရတယ်။ အဲ့ဒီနောက်မှာ သူအသက်ရှူလိုက်တိုင်း ရနေတဲ့ အနံ့အသက်တချို့ကြောင့် အိပ်ရာပေါ်က ဝုန်းခနဲထရပ်ပြီး အဝတ်အစားအသစ်တစ်စုံ ပြေးလဲတဲ့သူ့ကို သတင်းယူဆောင်လာသူက အံ့အားသင့်စွာ ငေးကြည့်နေတယ်။
YOU ARE READING
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
General FictionOn the other side...Love or Hate Own creation by Han_Me