Part 26 (Unicode)

2.1K 165 11
                                    

"ဒါ....ဒါက.....ဘယ်လိုဖြစ်"

အမြင်မှားတာဖြစ်မှာစိုးလို့ အခေါက်ခေါက်ပြန်ဖတ်တော့လည်း သူမြင်နေရတဲ့နာမည်တွေက ပြောင်းလဲသွားတာမရှိခဲ့...။ သတင်းစာကိုကိုင်ထားတဲ့ သူ့ရဲ့လက်တွေ တုန်ရီမနေခဲ့ပေမယ့် အတွင်းစိတ်မှာတော့ ပွက်ပွက်ဆူပြီး ပူလောင်နေခဲ့တယ်။

မဟုတ်ဘူး....ဒီလိုဖြစ်သွားစေဖို့အတွက်
သူ ကိုကို့ဆီကနေ ထွက်ပြေးလာခဲ့တာမှ မဟုတ်ဘဲ...။ ကိုကိုတို့မိသားစုကို မပြိုကွဲစေချင်တဲ့ဆန္ဒတွေနဲ့ သူ့ရဲ့ခံစားချက်တွေကိုပါ ဖိနှိပ်ပစ်ခဲ့တာလေ။ ဘာအပြစ်မှမရှိတဲ့ က‌လေးငယ်လေးအတွက် ကိုကိုနဲ့အဝေးမှာနေနိုင်ဖို့ သူ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ....။ ဒါတွေအားလုံးလုပ်ခဲ့တာတောင်မှ မမျှော်လင့်ထားဘဲ ပြိုပျက်သွားတဲ့အိမ်ထောင်တစ်ခုက သူ့ကိုလည်း အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်ခဲ့ပြီး ဒီကိစ္စတွေအားလုံးကိုဖြစ်စေတဲ့ အဓိကတရားခံဟာ သူပါပဲဆိုတဲ့ အစိုင်အခဲတစ်ခုကို ရင်ထဲမှာ အမြစ်တွယ်ကြီးထွားစေရင်း နာကျင်မှုကလည်း အသက်ရှူမိချိန်တိုင်းမှာ မခံမရပ်နိုင်ဘဲ။

"အဲ့လိုမဖြစ်ရဘူးလေ...အဲ့လိုမဖြစ်ရဘူး"

သတင်းစာပေါ်က နာမည်တွေကို စိုက်ကြည့်ရင်း တတွတ်တွတ်ရေရွတ်နေတဲ့သူ့ပုံစံက အရူးတစ်ယောက်နဲ့
တူ​နေခဲ့ပြီး အလင်းရောင်ပျောက်ဆုံးသွားချိန်အထိ တစ်နေရာတည်းမှာ မလှုပ်မယှက်ထိုင်နေတဲ့ခန္ဓာကိုယ်ဟာ တစ်သက်လုံး အဲ့ဒီအတိုင်းပဲ ငြိမ်သက်သွားတော့မယ်လို့ ထင်ရစေတယ်။ ဟာလာဟင်းနေတဲ့ခံစားမှုက ပြည့်သိပ်နေတဲ့ခံစားမှုလို မဆိုးရွားဘူးလို့ ထင်စရာရှိတဲ့တိုင်အောင် တစ်ခုခုကို ရှာဖွေချင်ပေမယ့် ဘယ်အရာကိုမှ ရှာမတွေ့နိုင်တဲ့အခါ အဲ့ဒီခံစားမှုကလည်း ကမ္ဘာတစ်ခုလုံးပျောက်ဆုံးသွားရသလို ဆိုးရွားနေခဲ့တာမျိုးပါပဲ။

ပိုပြီးငြိမ်သက်နေလေလေ၊ သူ့အတွေးတွေဟာ ပိုပြီးရုန်းကြွလာလေလေ...မခံနိုင်တဲ့အဆုံးမှာတော့ အခန်းထောင့်မှာ ပုံထားတဲ့ ကျောပိုးအိတ်တစ်လုံးကို
ဆွဲယူပြီး ပန်းတွေရှိတဲ့နေရာကို ကျောခိုင်းခဲ့တယ်။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now