Part 14 (Unicode)

1.6K 154 8
                                    

မိုရ် အိမ်ပြန်ရောက်နေတာ တစ်ပတ်ကျော်လာပြီ။ မေမေကြီးတို့က မိုရ်တက်ချင်တဲ့သင်တန်းရှိရင်တက်ဖို့ ပြောလာကြပေမယ့် မိုရ်ကတော့ အောင်စာရင်းထွက်ပြီးနောက်ပိုင်းမှ တက်ချင်တာရှိရင် တက်မယ်လို့ ပြန်ဖြေခဲ့တယ်။ ဆယ်တန်းစာမေးပွဲဖြေပြီးကတည်းက အပြိုင်အဆိုင်ပြေးလွှားနေကြတဲ့ ရွယ်တူတွေကြားမှာ မိုရ်က သင်းကွဲတစ်ကောင် ဖြစ်နေလိမ့်မယ်ထင်တယ်။ ကိုကို့မင်္ဂလာဆောင်တုန်းက ရောက်လာခဲ့တဲ့ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မရှိတော့သလို စိုင်းသွင်သုနဲ့ဆိုရင် တစ်သက်လုံးထပ်တွေ့ဖို့ မဖြစ်နိုင်တော့တဲ့အထိ မိုရ် လူတွေအားလုံးနဲ့ ဝေးကွာခဲ့တယ်။ အဲ့ဒီအချိန်မှာ မိုရ်နဲ့ပိုနီးလာတာတွေက မေမေကြီးရဲ့ ပန်းပင်ကလေးတွေပေါ့။

နေ‌မထွက်ခင်ကတည်းက နှင်းဆီပန်းအပြည့်ရှိနေတဲ့ ဝရန်တာလေးဆီကို မိုရ်ရောက်နေတတ်ပြီး နှင်းဆီရနံ့တွေအလယ်မှာ သူ့ဒူးခေါင်းနှစ်ဖက်ကို ကျစ်ကျစ်ပိုက်၊ ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ကြုံ့နိုင်သမျှကြုံ့ထားရင်း နေထွက်ချိန်ကို စောင့်ကြည့်ရတာ သူသဘောကျတယ်။ မဟူရာကောင်းကင်ကြီးဆီကို အလင်းရောင်တွေ ဖြည်းဖြည်းချင်း စိုးမိုးလာကြသလိုမျိုး အဲ့ဒီအချိန်ဆိုရင် သူကိုယ်တိုင်လည်း အမှောင်ထုထဲက လွတ်မြောက်သွားရသလို ခံစားရလို့လေ။ သဘာဝတရားကြီးရဲ့ အနိုင်ရမှုအပေါ်မှာပဲ သူ့စိတ်သူဖြေသိမ့်နေရတဲ့ မိုရ်အတွက်တော့ နေ့ရက်တိုင်းကို ဒီလိုပုံစံမျိုးနဲ့ အားပြန်ဖြည့်ရတာက သူ့တစ်နေ့တာအတွက် လုံလောက်တဲ့နှစ်သိမ့်မှုတစ်ခုတော့ မဖြစ်ခဲ့ဘူး။

လင်းတစ်ခါ၊ မှောင်တစ်လှည့် ပြောင်းလဲနေတဲ့ သဘာဝတရားကြီးက သူ့ကိုအချိန်မ‌ရွေး ဒုက္ခပြန်ပေးနိုင်သေးတာမို့....။

"မိုရ်‌ရေ....သားရေ ခဏလာပါဦး။ ဒီမယ် သားအစ်မက ပြောစရာရှိလို့တဲ့ ခေါ်ခိုင်းနေလို့...."

မေမေကြီးရဲ့ခေါ်သံကြားတာနဲ့ သူကိုင်ထားတဲ့ ရောင်စုံခဲတံကို မိုရ်မြန်မြန်ပစ်ချလိုက်တယ်။ အခန်းထဲမှာပဲ ပုံထိုင်ဆွဲနေတတ်တဲ့ မိုရ်ရဲ့မျက်နှာကို အခုလိုတစ်ယောက်‌ယောက်က ခေါ်လိုက်တော့မှပဲ ဧည့်ခန်းမှာ ပြန်တွေ့ရတယ်။ အထူးသဖြင့် ကိုကိုအလုပ်နားရတဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာပေါ့။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Nơi câu chuyện tồn tại. Hãy khám phá bây giờ