Part 17 (Unicode)

1.6K 155 15
                                    

"လုပ်...လုပ် ကားစက်နှိုးထား...ယူစရာရှိတာယူ ပြီးရင်သွားကြမယ်"

ဆူဆူညံညံစကားပြောသံတွေကြောင့် မိုရ် ငြိမ်ငြိမ်လေးလှဲနေရာက ငေါက်ခနဲထထိုင်လိုက်မိတယ်။ ခုနလေးကမှ သူ အိပ်ရာဝင်ခဲ့တာမို့ အချိန်မနည်းတော့မှန်းလည်း သိနေတယ်။ နောက်ဆုံးနာရီကြည့်ခဲ့တုန်းကတင် တစ်နာရီထိုးပြီးနေပြီ။ ဒီအချိန်ကြီးမှာမှ စကားပြောသံတွေကြားလိုက်ရတော့ ထထိုင်ပြီးတာနဲ့ချက်ချင်းပဲ အခန်းပြင်ကို ထွက်သွားလိုက်တယ်။ မီးဖိုခန်းကစပြီး ဧည့်ခန်းတောက်လျှောက်ထိ မီးတွေထိန်ထိန်လင်းနေပြီး သူထွက်လာတော့ ဆွဲခြင်းကြီးတစ်ခြင်းကိုင်ပြီး အိမ်ရှေ့ကို ခပ်သုတ်သုတ်ထွက်သွားတဲ့ ဒေါ်ကြီးစိန်မြကျောပြင်ကို မြင်လိုက်ရတယ်။

မမနှင်းနဒီဝေ မွေးခါနီးပြီမို့များ....။

မိုရ်ရဲ့အတွေးမဆုံးသေးခင် အထဲကိုပြေးဝင်လာတဲ့
ကိုကိုနဲ့ အပြင်ထွက်တဲ့ လျှောက်လမ်းအလယ်မှာတိုးတယ်။ အိမ်ရှေ့မှာလည်း မေမေကြီးရဲ့ "ဇွဲကောင်းရေ... မိုရ်အိပ်ပျော်နေလိမ့်မယ် မနှိုးနဲ့တော့ မနက်မှ လာခေါ်လို့ရတယ်"ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဒါဆို...ကိုကိုက အခု သူ့ကိုလာခေါ်တာတဲ့လား။ မိုရ် ရင်တွေတဒိန်းဒိန်းခုန်လာပြီး ကိုကို့မျက်နှာကိုလည်း တွေတွေလေးစိုက်ကြည့်နေမိတယ်။ အမြဲကြည်လင်သန့်စင်နေတတ်တဲ့ ကိုကို့မျက်နှာက
ဒီနေ့ကျမှ ပိုပြီး ဖြူဖျော့မှုန်မှိုင်းနေခဲ့သလိုပါပဲ။

"မိုရ် ကိုကိုတို့နဲ့လိုက်ခဲ့ချင်လား"

သူ ပြန်ဖြေဖို့ ပါးစပ်ဟလုဆဲဆဲမှာပဲ ကိုကို့စကားသံကို ကြားလိုက်ရပြန်တယ်။

"မိုရ် လိုက်ခဲ့နော်။ မိုရ်ပါရင် ကိုကိုပိုအားရှိမှာ..."

ကိုကို့လက်တွေက သူ့ပခုံးပေါ်မှာ....။
သူ့ကိုငေးကြည့်နေတဲ့ ကိုကို့မျက်ဝန်းတွေကလည်း
သူ့ကို တကယ်လိုအပ်နေပုံနဲ့မို့ မိုရ် အချိန်မဆိုင်းဘဲ ခေါင်းညိတ်ပြလိုက်မိတယ်။ အိမ်ရှေ့ကို နှစ်ယောက်အတူတူ ထွက်လာတော့ မမနှင်းနဒီဝေဆီက ညည်းသံတွေ ခဏရပ်သွားပြီး ဒေါ်ကြီးစိန်မြရဲ့မျက်စောင်းကိုလည်း မြင်လိုက်ရတယ်။ မိုရ်က သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်လေးတစ်ယောက်ပဲ ဖြစ်နေတာလား။ သူ ကိုကို့ကို အနှောင့်အယှက်ပေးဖို့ မကြိုးစားခဲ့တာတောင်မှ ဒီလူတွေဟာ သူ့ကို မကြည်ဖြူကြဘူးလား။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now