Part 25 (Unicode)

1.9K 168 22
                                    

"သွားလမ်းသာလို့ ဘေးမသီရန်မခ လိုရာခရီးကို ရောက်ပါစေကွယ်...မေမေကြီး မောင်သန်းမြင့်ကို ဖုန်းကြိုဆက်ထားပေးတယ်သိလား တစ်ခုခုလိုတာရှိရင် သူ့ကိုပြော.....။ သူ့မိန်းမ မယဉ်နုကိုလည်း ထမင်းချက်တာဝန်ယူပေးဖို့ ပြောထားတယ်။ သားစားချင်တာလေးတွေရှိရင် ပြောပြီးချက်ခိုင်းနော်...
ပြီးတော့ ရှင်ရော ဘာမှာစရာရှိသေးလဲ....ငြိမ်မနေနဲ့လေ ကလေးကို တစ်ခုခုပြောပါဦး..."

"အေးပါကွာ ငါလည်း ဘာပြောဖို့ကျန်နေသေးလဲ စဉ်းစားနေတာ...အင်း...နွေးနွေးထွေးထွေးနေနော် သား... ကျန်းမာရေးလည်း ဂရုစိုက်"

"ဟင်း... တစ်ယောက်တည်း
အဆင်ပြေမှာသေချာရဲ့လား မိုရ်ရယ်"

လက်အုပ်ချီထားတာကိုဖြုတ်ပြီးတာနဲ့ မေမေကြီးရဲ့ဒူးခေါင်းပေါ် လက်နှစ်ဖက်တင်ပြီး ပြုံးပြလိုက်တယ်။ မျက်ရည်တွေထိန်းချုပ်ထားတဲ့ သူ့အပြုံးက မေမေကြီးတို့အတွက် စိတ်အေးစရာအပြုံးမျိုး ဖြစ်နိုင်မယ်လို့ မသေချာပေမယ့်လည်း သူ့ကြောင့် ပူလောင်နေရတဲ့စိတ်ကို နည်းနည်းလေးဖြစ်ဖြစ်တော့ လျော့သွားစေချင်မိတယ်။

"စိတ်မပူပါနဲ့ မေမေကြီးရဲ့...သားတစ်ယောက်တည်းမှ မဟုတ်တာ....ဦးလေးသန်းမြင့်တို့လည်း ရှိနေတာပဲ။ ဘဘကြီးနဲ့မေမေကြီး မှာထားသလိုပဲ ဂရုစိုက်ပြီးနေမှာ...။ သားလည်း ကလေးမှမဟုတ်တော့တာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မဖြစ်အောင် စောင့်ရှောက်နိုင်နေပါပြီ"

"ကလေးဖြစ်နေရင် ကောင်းမယ်လို့ပဲ တွေးမိတော့တယ်ကွယ်..."

မေမေကြီးရဲ့သက်ပြင်းချသံနောက်မှာ
တိတ်ဆိတ်ခြင်းတွေ ထပ်မံကြီးစိုးသွားခဲ့တယ်။
မိုရ်လည်း မေမေကြီးတို့ရှေ့ ကြမ်းပြင်ပေါ် ဒူးထောက်လျက်သားနဲ့ သူ့ခြေထောက်တွေဟာ
ဘယ်တော့မှ ပြန်မထနိုင်တော့မှာလိုမျိုး တုံ့ဆိုင်းလေးလံနေခဲ့တယ်။

"မိုရ်က အဝေးကြီးသွားမှာမှ မဟုတ်တာ မေမေရယ်...မေမေသတိရရင် ဖုန်းဆက်လို့ရ၊ ပြေးတွေ့လို့ရတဲ့နေရာမှာ ရှိနေမှာပဲ...."

မေမေကြီးဖုန်းဆက်လို့ မိုရ်သွားခါနီးလောက်ကျမှ ကပျာကယာရောက်လာတဲ့ အစ်ကိုလေးကလည်း မျက်ရည်တသုတ်သုတ်ဖြစ်နေတဲ့ သူ့အမေကို ဝိုင်းနှစ်သိမ့်တယ်။ ရောက်စတုန်းကတော့ သူ့ကိုနောက်ကျမှပြောလို့ မကျေနပ်နေတဲ့အစ်ကိုလေးက မေမေကြီးရဲ့ဆန္ဒအတိုင်း ပြင်ဦးလွင်အထိ လိုက်ပို့ပေးမယ်ပြောပေမယ့် မိုရ်ကတော့ ငြင်းခဲ့တယ်။ မမကြီးနဲ့လည်း အစောပိုင်းကတင် ဖုန်းပြောပြီးခဲ့ပြီး အားလုံးက မိုရ်ရဲ့ရုတ်တရက်ဆန်လွန်းတဲ့ ဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့ကြပေမယ့် သူ့ကို ဟိုးအဝေးကြီးထွက်သွားမယ့်သူလိုမျိုး မျက်ရည်တွေနဲ့ပဲ နှုတ်ဆက်နေခဲ့ကြတာ...။ မမနှင်းနဒီဝေရဲ့ကိုယ်ပေါ်မှာ ရှိနေတဲ့ ကလေးငယ်လေးလည်း အပါအဝင်ပေါ့...။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now