"တော်ပြီ ဒေါ်ကြီး"
နောက်ဆုံးထမင်းတစ်ဇွန်းကို
မိုရ်ရဲ့ပန်းကန်ထဲ ခပ်ဆောင့်ဆောင့် ထည့်ပေးလိုက်တဲ့ အဒေါ်ကြီးရဲ့အပြုအမူကို ဘယ်သူမှ မမြင်လိုက်ကြဘူး။မမကြီးနဲ့ အစ်ကိုလေးတို့ သူတို့လက်တွဲဖော်ကိုယ်စီနဲ့ အိမ်ခွဲနေသွားကြကတည်းက ဒီအိမ်ကြီးထဲမှာ ဘဘကြီးရယ်၊ မေမေကြီးရယ်၊ ကိုကိုရယ်၊ မိုရ်ရယ် လေးယောက်တည်း... ထမင်းစားပွဲအကျယ်ကြီးမှာ တိတ်တိတ်ဆိတ်ဆိတ် စားခဲ့ရတာ လေးနှစ်လောက်ရှိပြီ။
ကိုကိုမင်္ဂလာဆောင်ခါနီးကျမှ မမကြီးတို့ မိသားစုရော၊ အစ်ကိုလေးတို့မိသားစုပါ ဒီအိမ်ကြီးကို ပြန်ရောက်လာကြပြီး လေးယောက်တည်းရှိခဲ့တဲ့ ထမင်းဝိုင်းကလည်း မမကြီးနဲ့ အစ်ကိုလေးတို့ ကလေးတွေကြောင့် မနက်တစ်ခါ၊ ညတစ်ခါ ဆူညံနေတယ်။
အသက်ကြီးပိုင်း အရွယ်ရောက်လာတဲ့ ဘဘကြီးနဲ့
မေမေကြီးတို့ သူတို့မြေးလေးတွေကိုကြည့်ပြီး ပျော်နေတာကိုမြင်ရင် ကလေးတွေရဲ့ဆူညံသံကြောင့် စိတ်ရှုပ်ရတာတွေအားလုံး မိုရ် မေ့သွားတယ်။ သုံးနှစ်သားမိုရ်နဲ့ ဆယ့်သုံးနှစ်သားမိုရ် ဒီဆယ်နှစ်အတွင်း ပြောင်းလဲသွားတာတွေကတော့ အများကြီးပဲ။ ဘဘကြီးပေါင်ပေါ်မှာ မထိုင်ဖြစ်တော့သလို၊ ကျောင်းစာတွေနဲ့ နပန်းလုံးနေရလို့ မေမေကြီး ပုံပြောပြတာကိုလည်း နားမထောင်ဖြစ်တော့ဘူး။ ပြီးတော့ ကိုကိုနဲ့ရော မိုရ် တဖြည်းဖြည်း ဝေးကွာလာတယ်...။မိုရ် ကိုးနှစ်သားအရွယ်မှာ မမကြီး အိမ်ထောင်ကျတယ်။
မမကြီးက သူ့လို ဆရာဝန်တစ်ယောက်နဲ့ပဲ ခမ်းခမ်းနားနား မင်္ဂလာဆောင်ခဲ့ပြီး သတို့သားဘက်က လက်ဖွဲ့တဲ့အိမ်မှာပဲ သူတို့ဇနီးမောင်နှံနှစ်ယောက် သီးသန့်နေကြတယ်။မိုရ် ဆယ့်တစ်နှစ်အရွယ်ကို ရောက်လာတော့ အစ်ကိုလေးက အိမ်ထောင်ပြုပြန်ရော...။ သူ့လိုပဲ အင်ဂျင်နီယာနဲ့
ကျောင်းပြီးထားတဲ့ အစ်မချောချောလေးတစ်ယောက်နဲ့ပေါ့။ အဲ့ဒီအချိန်တုန်းက မိုရ့်ဆီမှာ ကိုကိုရှိသေးတော့ အိမ်သားနှစ်ယောက် ခွဲထွက်သွားတဲ့ ပြောင်းလဲမှုကြီးက သူ့အတွက် ဝမ်းနည်းခြင်းကင်းတယ်။ သူပြန်တွေးရင် ပြန်တွေးမိသလောက် ပျော်ရတဲ့ ခံစားချက်တွေချည်းပဲ ရင်ဘတ်ကျဥ်းကျဥ်လေးထဲမှာ လှိုက်တက်လာတာ...။
YOU ARE READING
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
General FictionOn the other side...Love or Hate Own creation by Han_Me