Part 7(Unicode)

1.8K 168 15
                                    

မိုရ်ရဲ့နှလုံးသားလေးကို မိုရ်ကိုယ်တိုင် ဆုတ်ဖြဲပစ်ခဲ့တဲ့ နေ့တစ်နေ့ကုန်လွန်သွားတော့ အရာအားလုံးက ပုံမှန်အတိုင်းပဲ ဆက်လက်လှုပ်ရှားနေတယ်။

မိသားစုဝင်တွေအားလုံး မနက်စာကို နေ့တိုင်း အတူတူစားကြတယ်။ မမနှင်းနဒီဝေ ရောက်လာကတည်းက မိုရ်ထိုင်ခွင့်မရတော့တဲ့ ကိုကို့ဘေးကနေရာ...ဘယ်တော့မှ မသက်ဆိုင်တော့တဲ့ အဲ့ဒီနေရာလေးကို ဒီလိုအချိန်တွေတိုင်း သူတိတ်တခိုး ငေးမောဖြစ်နေဆဲ။ 

ကလေးအငယ်လေးတွေ မရှိလို့ ထမင်းဝိုင်းထဲ စကားသံတွေတိတ်ဆိတ်သွားတတ်တိုင်း မေမေကြီးက ကိုကိုတို့ဇနီးမောင်နှံကို ချစ်စရာကောင်းတဲ့ ကလေးလေးတွေ မွေးပေးဖို့အတွက် အမြဲတိုက်တွန်းနေတတ်တယ်။ အဲ့ဒီလို အချိန်တွေကျရင် မမနှင်းနဒီဝေက ခေါင်းလေးငုံ့ပြီး ရှက်ရယ်ရယ်လို့...ကိုကိုကတော့ သူ့အမျိုးသမီးလေးကို ကြင်ကြင်နာနာ ငေးကြည့်ရင်း အနာဂတ် မိသားစုလေးအတွက် စိတ်ကူးယဥ်နေဟန် အပြုံးဖျော့လေးကို မျက်နှာပေါ်တင်တယ်။

ထိုသူတွေထဲမှာ ပုံမှန်မဖြစ်နိုင်တော့တဲ့သူက မိုရ်တစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ်။ နှင်းဆီပန်းတွေ အပြည့်အသိပ်ရှိတဲ့ ဝရန်တာမှာ မမနှင်းနဒီဝေနဲ့အတူ ရှိနေခဲ့တဲ့အချိန်တွေကစပြီး သူဟာ ကိုကိုနဲ့ ဝေးသထက် ဝေးလာခဲ့တယ်။ လူချင်းနီးနေပေမယ့် စိတ်ချင်းဝေးနေတဲ့ နေ့ရက်ပေါင်းများစွာကို တစ်နေ့တာမကုန်ဆုံးခင် အချိန်စပ်ကြားတိုင်း မျက်ရည်တွေနဲ့ ကျော်ဖြတ်ခဲ့ရပြီး နောက်တစ်နေ့ရောက်ရင်တော့ သူဟာ ကျောင်းစာ တစ်ခုတည်းမှာသာ စိတ်ပါဝင်စားနေတဲ့ ကိုကို့ညီငယ်လေးပဲ ဖြစ်ဖြစ်သွားတယ်။

"စေညွှန်းမြင့်မိုရ်"ဆိုတဲ့ ဆယ့်သုံးနှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ကိုယ်ထဲမှာ သူကိုယ်တိုင် လက်ခံထားတဲ့ သိစိတ်အပိုင်းအစရော၊ သူကိုယ်တိုင် လက်မခံနိုင်တဲ့ မသိစိတ်အပိုင်းအစတွေရော...
ရောထွေးနေခဲ့ပြီး နောက်ဆုံးမှာ သူဆိုတာ ဘယ်လိုကောင်လေးမျိုး ဖြစ်ခဲ့လဲဆိုတာတောင် မသိနိုင်တော့ဘဲ သူ့ရဲ့နေ့တွေ၊ညတွေကို စက်ရုပ်တစ်ရုပ်လိုပဲ ရှင်သန်ဖြတ်သန်းနေမိတော့တာ....။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Where stories live. Discover now