"မိုရ် ဘယ်ရောက်နေတာလဲ...သားက
ကိတ်ခွံ့ချင်လို့တဲ့ လိုက်ရှာနေတာ...."အဆုံးမသတ်နိုင်ခဲ့တဲ့ စကားတစ်ခွန်းနဲ့အတူ အရှိန်နဲ့ရောက်လာတဲ့ ကိုကို့ခြေလှမ်းတွေက မိုရ်နဲ့ခပ်လှမ်းလှမ်းမှာပဲ ရပ်တန့်သွားခဲ့တယ်။ မိုရ်ရှိတဲ့နေရာကို ကိုကိုရောက်လာတာလား....မိုရ်ကပဲ ကိုကိုရှိတဲ့နေရာကို ရောက်သွားပြန်တာလား ဝေခွဲမရတဲ့မရေရာမှုတွေက သူ့ခြေလှမ်းတွေကိုလည်း ကိုကို့နည်းတူ ရပ်တန့်သွားစေပြီး မေးခွန်းတွေ ရောက်မလာခင်ကတည်းက မိုရ်ဟာ ကိုကို့အကြည့်တွေ ပြေလျော့သွားစေမယ့် ဖြေရှင်းချက်တွေ တသီကြီးပေးချင်ခဲ့တယ်။
"မိုရ်....မိုရ်တို့ ဒီတိုင်းပဲစကားပြော..."
"ကျွန်တော်အပင်တွေ ကြည့်ချင်တယ်ဆိုလို့လေ...
ကိုညွှန်းက လိုက်ပြပေးနေတာပါဗျ။ မပြောမဆိုနဲ့ ခေါ်သွားမိလို့ တောင်းပန်ပါတယ်နော်အစ်ကို"သူ့ရှေ့မှာ ခပ်သွက်သွက်ဝင်ရပ်လာတဲ့ သွင်သုတမိုးဆီက မုသားစကားတွေကို ကိုကိုယုံကြည်ရဲ့လားလို့ အကဲခတ်မိချိန် သူ့ရဲ့ခပ်ရွံ့ရွံ့အကြည့်တွေက တစ်စုံတစ်ခုကို အလိုမကျနေတဲ့ မျက်ဝန်းတွေနဲ့ပဲ တွန်းတိုက်မိခဲ့တယ်။
"သူက ဘယ်သူလဲ"
မိုရ်ဆီ တိုက်ရိုက်ဦးတည်လာတဲ့ မေးခွန်းဖြစ်ပေမယ့် ကိုကို့အကြည့်တွေက သွင်သုတမိုးဆီမှာပဲရှိနေတယ်။ မေမေကြီးရဲ့ပန်းဆိုင်ကို ကိုကိုဟာ တစ်နှစ်နေလို့ တစ်ခါတောင်မရောက်ဖြစ်။ အဲ့ဒါကြောင့် သွင်သုတမိုးကိုမြင်တော့ ကိုကို့အကြည့်တွေက ရင်းနှီးတဲ့သူတွေကို ကြည့်တဲ့အကြည့်မျိုးနဲ့
မတူတော့တာဘဲ ဖြစ်လိမ့်မယ်။"ဟုတ်....ကျွန်တော့်နာမည် သွင်သုတမိုးပါဗျ။ ကိုညွှန်းတို့ပန်းဆိုင်မှာ ပန်းအလှဆင်သင်တန်း တက်နေပါတယ်"
"မင်းကြည့်ချင်တာကြည့်ပြီးပြီလား"
"ဗျာ"
"ကြည့်ပြီးရင် သူ့ကိုပြန်ခေါ်သွားမလို့...."
အချင်းချင်းမိတ်ဆက်ချိန်က စကားငါးခွန်းပင်မပြည့်။ လူတွေအပေါ်အလိုက်အထိုက် ဆက်ဆံတတ်တဲ့ကိုကိုက သွင်သုတမိုးနဲ့ကျတော့ ပေါင်းသင်းဆက်ဆံရခက်သူ တစ်ယောက်အဖြစ် ပြောင်းလဲသွားတာကိုမြင်လိုက်ရတော့ မိုရ်လည်း အဲ့ဒီကောင်လေးကို အလိုလို လျစ်လျူရှူလိုက်မိတယ်။ သူတို့ အဲ့ဒီနေရာကနေ ထွက်လာတဲ့အထိ ကိုကို့ဆီမှာ အေးစက်တဲ့ အငွေ့အသက်တွေကိုပဲ သူခံစားမိခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုကနေတစ်ခု ကူးပြောင်းသွားတော့မှ
ကိုကိုခြေလှမ်းတွေက ပုံမှန်ပြန်ဖြစ်လာတယ်။
أنت تقرأ
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
قصص عامةOn the other side...Love or Hate Own creation by Han_Me