"ကိုကို ကလေးရခဲ့ရင်တောင်
မိုရ်က အားလုံးရဲ့ထိပ်ဆုံးမှာ ရှိနေမှာဆိုတဲ့စကားကို မှတ်မိသေးလား"မိုရ် ခေါင်းညိတ်တာရော၊ ခေါင်းခါတာရော ဘာတစ်ခုမှမလုပ်ဖြစ်ဘဲ သူတို့နှစ်ယောက်ရဲ့ ခြေချောင်းတွေကိုပဲ ငေးနေခဲ့တယ်။ မနက်ခင်းတစ်ခုကို ဖြတ်ကျော်ပြီး ပြေးလွှားခဲ့ခြင်းအဆုံးသတ်က ကားပါကင်ဝင်းထဲက ချောင်ကျကျတစ်နေရာမှာ ကားတစ်စီးကိုမှီရင်း ခြေပစ်လက်ပစ်ထိုင်နေခဲ့ခြင်းပဲ။ ကိုကိုရော၊ မိုရ်ရော...အသက်ကို ဆွဲဆွဲငင်ငင် မရှိုက်လို့မဖြစ်တော့တဲ့အထိ သူတို့နှလုံးသားတွေဟာ ပြင်းပြင်းထန်ထန် ခုန်ပေါက်လှုပ်ရှားနေခဲ့တယ်။ နှလုံးခုန်နှုန်းတွေ တည်ငြိမ်သွားတဲ့အချိန်ကိုရောက်ဖို့ စောင့်နေတဲ့အချိန်အတွင်း ကိုကိုဟာ တိတ်တိတ်ကလေး ငြိမ်သက်နေခဲ့ပြီးတော့မှ မိုရ်ရဲ့ရင်ထဲကို ခဲတစ်လုံးပစ်ချလိုက်ပြန်တယ်။
"အဲ့စကားကို မိုရ်ယုံရမယ်နော်"တဲ့...။
ကိုကို့မှာ မမနှင်းနဒီဝေတစ်ယောက်တည်း ရှိနေခဲ့မယ်ဆိုရင်တော့ အဲ့ဒီစကားကို မိုရ် အကြွင်းမဲ့ယုံမိမှာပဲ။ ဖခင်တစ်ယောက်အဖြစ် အမှန်တကယ်ရောက်ရှိလာပြီးနောက်မှာ ကိုကိုပြောတဲ့စကားတွေကို ယုံဖို့အတွက်က ကလေးလေးရဲ့မျက်နှာကို မမြင်ရသေးလို့သာ ကိုကို ဒီလိုစကားတွေ ပြောနေတာလို့ပဲ သူ့ကိုတွေးမိစေတယ်။ ကလေးလေးကို မတွေ့ရသေးခင် မိုရ်ကိုဆွဲခေါ်လာခဲ့တယ်ဆိုတာကလည်း ကလေးလေးကို တွေ့ပြီးနောက်ပိုင်းမှာ ကိုကိုဟာ သူ့စိတ်သူပြောင်းလဲမိသွားမှာ ကြောက်နေလို့ပဲ။ ဒီအခိုက်အတန့်မှာ သူ ကိုကို့ကိုနားလည်သွားတယ်လို့ မိုရ်ခံစားလိုက်ရတယ်။
"ကိုကို..."
မိုရ် အသံထွက်ရုံလေးခေါ်ပြီး
ကိုကိုလှည့်ကြည့်လာမှာကို စောင့်နေလိုက်တယ်။ ခံစားချက်တွေက အဆုံးအစမရှိတဲ့ ပင်လယ်ရေပြင်ကျယ်လိုဆိုပေမယ့် သူကိုယ်တိုင်ကတော့ ပင်လယ်ကြမ်းပြင်အောက်နစ်မြုပ်နေတဲ့ ကျောက်တုံးတစ်တုံးဖြစ်ဖို့ကိုပဲ မိုရ်ရွေးချယ်ချင်ခဲ့တယ်။ အဲ့ဒီရွေးချယ်မှုက သူတို့နှစ်ယောက်တည်းနဲ့တင် သက်ဆိုင်နေတာမဟုတ်ဘဲ သူတို့နဲ့ ပတ်သက်သမျှ လူတိုင်းအတွက်ပါ သေရေးရှင်ရေးတမျှ အရေးကြီးနေခဲ့တာမျိုးဖြစ်တယ်။ သူတစ်ယောက်တည်း သည်းခံမြိုသိပ်လိုက်ရုံနဲ့ လူအားလုံး ပျော်ရွှင်သွားရမယ်ဆို ထပ်ခါထပ်ခါ ရွေးချယ်မှုတွေလုပ်နေရမယ်ဆိုရင်တောင်မှ သူ့စိတ်က ပြောင်းလဲသွားမှာမဟုတ်ဘူး။
YOU ARE READING
ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)
General FictionOn the other side...Love or Hate Own creation by Han_Me