Part 16 (Unicode)

1.7K 164 17
                                    

အမြဲတမ်းဆိုတဲ့စကားကို ကိုကိုမုန်းတယ်တဲ့...။

မဖြစ်စေချင်တဲ့အရာတွေမှာဖြစ်နေတဲ့
အမြဲတမ်းဆိုတဲ့စကား...။

သူ ကိုကိုတို့မိသားစုဝင်အဖြစ် အမြဲတမ်းရှိနေမှာဆိုတဲ့စကားကို ကိုကိုဘာလို့မုန်းတာလဲ။

မိုရ်ထိုင်ချလိုက်တော့ ကိုကိုကပါ
သူ့အနားရောက်လာတယ်။ ပြီးတော့ သူ့ပခုံးကိုကိုင်ပြီး "ကိုကိုပြောချင်တာ...ကိုကိုပြောချင်တာက အဲ့ဒီစကားလုံးကိုပဲ မကြိုက်တာပါ"လို့ ပြောပြန်ရော...။
မိုရ် ဘာမှပြန်မပြောဘဲ ငြိမ်နေတော့ ကိုကို့သက်ပြင်းချသံနဲ့အတူ သူ့ခန္ဓာကိုယ်ကလည်း ကိုကို့ရင်ငွေ့နွေးကို ခိုလှုံလိုက်ရတယ်။ ကိုကိုက မိုရ်ကို ခပ်တင်းတင်းဖက်ထားပြီး "တောင်းပန်ပါတယ်"လို့ ပြောတယ်။

"ကိုကို ဘာကိုတောင်းပန်နေတာလဲ။ ဘာလို့တောင်းပန်နေတာလဲ"

မိုရ်အကျယ်ကြီးအော်လိုက်တယ်ထင်ပေမယ့် သူကြားနေရတဲ့အသံကတော့ လေသံလေးလောက်ပဲ။

"ကိုကိုလည်း မသိဘူး...။ ဒါပေမယ့် ကိုကိုတောင်းပန်ပါတယ်"

"တောင်းပန်စရာအကြောင်းရှိမှ တောင်းပန်ရမှာလေကိုကို။ တကယ်ဆို မိုရ်ကသာ ကိုကို့ကို...."

ချစ်ခဲ့မိတဲ့အတွက် တောင်းပန်ရမှာပါ...။

အကြောင်းပြချက်ရှိရက်နဲ့ စကားလုံးတွေထွက်မလာတော့တဲ့မိုရ်ဟာ အကြောင်းပြချက်မရှိဘဲ တတွတ်တွတ် တောင်းပန်နေတဲ့ ကိုကို့စကားတွေကိုပဲ မွန်းကျပ်စွာ နားထောင်ခဲ့ရတယ်။
မိုရ် ကိုကို့ဆီကနေ ရခဲ့တဲ့အနံ့တွေက ဝိုင်နီမရောထားတဲ့ ကိုယ်သင်းနံ့တစ်မျိုးတည်းပါပဲ။ ဒါပေမယ့် ကိုကိုကတော့ "အရက်သောက်တာ တကယ်မကောင်းဘူးမိုရ်ရယ်"ဆိုတဲ့ စကားကို မျက်နှာပြောင်တိုက်ပြီးပြောခဲ့တယ်။ မိုရ် မလိုချင်ဘဲ လက်ခံလိုက်ရတဲ့ ခံစားချက်တွေအားလုံးဟာ ဒီစကားတစ်ခွန်းတည်းနဲ့ပဲ...ဘယ်တုန်းကမှ မကြားခဲ့ရဖူးသလို သဘောထားရမယ့်စကားတွေအဖြစ် ပြောင်းလဲသွားတယ်။

အရင်တစ်ခါတုန်းက သူလုပ်ခဲ့သလိုမျိုးပါပဲ။ ခဏလောက်ငိုပြီးသွားရင် ငိုလိုက်ရလို့ အဆင်ပြေသွားတယ်ပြောပြီး ဒီရှက်စရာကောင်းတဲ့ အခြေအနေကြီးကို မေ့ချင်ယောင်ဆောင်ပစ်လိုက်တာမျိုးပေါ့။ ကိုကိုကတော့ သူ့လိုမငိုခဲ့ပေမယ့် သူ့ကို အကြာကြီးဖက်ထားပြီး သူတို့ခန္ဓာကိုယ်တွေပူးကပ်နေကြတာ ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့တဲ့အချိန်ကျမှ "ကိုကိုတို့ သွားရအောင် မိုရ်"လို့ ပြောလာတယ်။

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Donde viven las historias. Descúbrelo ahora