သူ့ဘေး ထရပ်လာသည့် မျက်ဝန်းညိုများနှင့် ထိုအမျိုးသားအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှား၏ လည်တိုင်တစ်ဝိုက်က အခုချိန်ထိ နာနေသေးကြောင်း သူ ခံစားလိုက်ရတာမို့ သူ့ဂုတ်ကိုသူ ဖိညှစ်လိုက်ပြီး ကျောပိုးအိတ်ကို ပခုံးပေါ် ပြောင်းလွယ်လိုက်ရင်း ထိုအမျိုးသား သူ့ဖိုင်တွဲတွေကို လှမ်းပိတ်နေတာအား ရပ်စောင့်နေလိုက်သည်။
ထို့နောက် ထိုလူက အားသန်သည့်အပြင် လက်ဆကလည်း အလွန်ပြင်းတာမို့ ရှား ထိုလူ့အသားကို သွားမထိမိအောင်ပါ သတိကြီးကြီးထားလိုက်မိပြီး အခုလို အလုပ်ခန်းအကျယ်ကြီး၌ အလုပ်လုပ်ရတာမျိုးကို အပြင်၌ အခုမှ သေချာမြင်ဖူးတာမို့ ရပ်နေရာကနေပင် တစ်ခန်းလုံးအား မျက်လုံးဖြင့် လိုက်ဝေ့ကြည့်နေမိသည်။
ထိုစဉ် သူ့လည်ဂုတ်ပေါ်သို့ ကျရောက်လာသည့် အေးစက်စက် လက်ဖဝါးအထိအတွေ့ကြောင့် သူ့အလိုအလျောက်တုံ့ပြန်တတ်သည့် အကျင့်အတိုင်း တံတောင်ဖြင့် ခတ်ဖို့ ပြင်လိုက်စဉ် သူ့လက်မောင်းကိုပါ ထိန်းချုပ်ခံလိုက်ရပြန်တာကြောင့် ဖျတ်ခနဲ ခေါင်းလှည့်လိုက်ပြီး မော့ကြည့်လိုက်မိသည်။
"ညက ဒယ်ဒီ မင်းအပေါ် တော်တော်ကြမ်းသွားတယ်။ မင်း လည်တိုင်က ပူနေတယ်၊ ကြည့်ရတာ အဆစ်ပါ ရောင်သွားတယ် ထင်တယ်။ ငြိမ်ငြိမ်နေ"
ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသွားတာမို့ သူ့လည်ပင်းဆစ်တွေ တော်တော်နာသွားချိန် ထိုလူက သူ့လက်မောင်းတစ်ဖက်ကိုပါ ထွက်မပြေးနိုင်အောင် မြဲမြံစွာ ဆုပ်ကိုင်ထားသည့်အလား ချုပ်ကိုင်ထားလာပြီး သူ့လည်တိုင်ပေါ် အပေါ် အောက် ခပ်သာသာ ကူးလူးနေသည့် လက်ချောင်းများ၏ အထိအတွေ့ကြောင့် ရှား မနေတတ် ဖြစ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်ကို ပိုကျုံ့ထားလိုက်မိသွားခဲ့သည်။
"ဒယ်ဒီ့လက်က အေးတယ်"
ထို့ကြောင့် မင်းပိုင်စိုးဇေ သူ့လက်ချောင်းများ၏ လှုပ်ရှားမှုအား ထိုကောင်လေး၏ ညှပ်ရိုးပေါ်၌ ရပ်တန့်ထားမိသွားသည်။
သူ့အလုပ်ခန်းက အလွန်အေးပြီး မနက်ကတည်းက သူ ဒီအခန်းထဲ၌ အလုပ်ထိုင်လုပ်နေခဲ့တာမို့ သူ့လက်တွေ အေးနေပုံပင်။
YOU ARE READING
နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]
FantasyTitle - နှောင်ကြိုးဖြင့် တွယ်ငြိရာ (နှောင်ကြိုးဖြင့် တွယ်ငြိရာ) Type - Own Creation , Myanmar BL သူ့ရဲ့ အကောင်းမွန်ဆုံးသော အသက်အရွယ်မှာ ဆိုးသွမ်းလွန်းတဲ့ ကလေးတစ်ယောက်ကို မွေးစားခဲ့ရတယ်။ အဲ့ကလေးက တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ကံဆိုးမှုတွေပါ သွင...