Chapter 13

2.1K 116 1
                                    

ကြယ်ရောင်စုံ ကောင်းကင်အောက်မှ ဟိုတယ်ဝင်းထဲရှိ မီးရောင်စုံများဖြင့် လှပခမ်းနားသော ဟိုတယ်အထပ်မြင့်တွေအား အန်ကယ်တစ်ယောက် ခပ်လောလော မော့ကြည့်လိုက်ရင်း ဒီညတော့ သူ့တာဝန်များ ပြီးဆုံးကျေပွန်သွားပြီမို့ အိမ်ပြန်အနားယူခွင့်ရခဲ့ပြီ။

ဇေ့ဆန္ဒအတိုင်း အန်ကယ်ပါ ဖုန်းပိတ်ထားလိုက်ရ၏။ မကြာမီ ဇေ ပျောက်သွားတာ သိလျှင် ပွက်လောရိုက်ဦးမည်ကို ကြိုမြင်နေသော်လည်း သားမျက်နှာတစ်ကမ္ဘာဖြစ်နေသည့် ဇေ့အား ဆေးရုံပြန်နားဖို့ကို ဖြောင်းဖျလို့ မရတော့တာကြောင့် အမိန့်ကို နာခံရုံသာရှိပြီး ဇေ တောင်းဆိုသည့်အတိုင်း ကုတင်နှစ်လုံး ပါသည့် အခန်းအား ဘိုကင်တင်ပေးထားခဲ့ကာ ထိုသားအဖအား ထားခဲ့ရသည်။

ကားပေါ်ရောက်မှ အန်ကယ်တေဇာ သူ့ဖုန်းအား ပြန်ဖွင့်လိုက်ပြီး အကြိမ်ပေါင်းများစွာ ခေါ်ဆိုထားသည့် ထိပ်ထားဝေ၏ ဖုန်းကို ပြန်လည်ဆက်သွယ်လိုက်ရပြီး ဇေ့တည်နေရာကို အကြောင်းကြားပေးလိုက်ရသည်။

ဇေ သိလျှင် သူ့အား ဘာလုပ်မလဲ ‌မပြောတတ်သော်ငြား ဦးတေဇာ ရှားကို သဘောမကျတာကြောင့် အခုတလော သူတို့သခင်လေးက ရှားနှင့် နီးကပ်နေတာကို သဘောမတွေ့။ ရှားကို အခုလောက်ထိ ဂရုစိုက်နေတာလည်း ဘဝင်မကျ။ ဇေ့၏ အပြုအမူများက ပြောင်းလဲလာသည်ဟု ထင်မိသလို၊ အမြဲတစေ သတိကောင်းခဲ့သည့် သခင်လေးက ရန်သူ၏ အလစ်တိုက်ခြင်းကိုပင် ခံလိုက်ရသေးတဲ့အထိ ဖြစ်လာတာမို့ ဦးတေဇာ နောက်ထပ်တစ်ကြိမ် ရှားဟန်သာကဲ့သို့ မင်းပိုင်စိုးဇေအား ကံမဆိုးစေလိုသည်မို့ ဇေ့ကို ရှားရတုနှင့် ဝေးဝေးသာ ခွဲထားချင်သည်။

ထိုကောင်လေးက မူယာမာယာများလွန်းသည့်ပုံစံမျိုးဖြစ်ပြီး လူကြားထဲ ခေါ်ထုတ်ဖို့လည်း မသင့်သည့် ထောင်ထွက်တစ်ယောက်မို့ ထိုဘာမဟုတ်သည့် ကောင်လေးက ဇေ့အိမ်ထောင်ရေးကိုပါ အနှောင့်အယှက်ဖြစ်လာနိုင်သည်။ ဇေ့အသက်ကိုပါ အခုလို ထိခိုက်စေနိုင်သည့် ရှားကို သူကတော့ သွားပြောဆိုလို့မရတာမို့ ဝေ့အား အမြန်လာထိန်းစေချင်တာပင်။

.
.

ရှားတစ်ယောက် သူ့ဒယ်ဒီဘေးမှ ထပ်ကြပ်မကွာ လိုက်လာခဲ့ရင်း သူ့ဒယ်ဒီမျက်နှာကိုလည်း တစ်ချက်တစ်ချက် မော့ကြည့်နေမိသည်။ ပုံမှန်ထက် ဖြူဖျော့နေပြီး နွမ်းနယ်နေပုံရသည့် ဒယ်ဒီ့မျက်နှာကြောင့် ရှား ဒယ်ဒီ့အား စိတ်ပူနေမိသည်။ ဆေးရုံမှာပဲ ရှိနေရဦးမည့်သူက အခုလို အပြင်၌ အကြာကြီး ရှိနေတာကို သူ မစိုးရိမ်ဘဲတော့ မနေနိုင်ပေ။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now