Chapter 6

2.4K 133 3
                                    

ကျယ်ဝန်းသော စံအိမ်ကျယ်ကြီးထဲ၌ လူနှစ်ဦးသာ နေထိုင်လျက် ရှိတာကြောင့် ညသန်းခေါင်နားရောက်ခါနီးလေ အိမ်ကြီးတစ်ခုလုံး အပ်ကျသံပင် မကြားရတော့လောက်အောင် ပိုလို့ပင် တိတ်ဆိတ်ငြိမ်သက်‌လာလေ ဖြစ်နေခဲ့သည်။

ထိုစံအိမ်အပေါ်ထပ်ရှိ အိပ်ခန်းကျယ်ကြီးတစ်ခု၏ ကုတင်ထက်၌ မင်းပိုင်စိုးဇေ သူ့မပြီးပြတ် သေးသော အလုပ်တွေအား ဆက်လက်လုပ်ကိုင်နေလျက်ရှိ၏။

ထိုစဉ် အခန်းတံခါးခေါက်သံ မတိုးမကျယ် ထွက်ပေါ်လာတာမို့ တစ်ချက်နားစွင့်လိုက်ပြီး အလုပ်ထဲ အာရုံပြန်စိုက်လိုက်သည်။

"ကျွန်တော် ဝင်ခဲ့ပြီနော်"

ဝင်ခဲ့ဟူသည့် ခွင့်ပြုချက်လည်း မပေးလိုက်ပါဘဲနှင့် သူ့အခန်းထဲ ဇွတ်ဝင်လာသော ရှားအား အကြည့်စူးစူးတစ်ချက် ထပ်ပေးလိုက်သော်လည်း ထိုကောင်လေးက သူ့ကုတင်နားထိ တိုးကပ်လာပြီး ကုတင်ပေါ်ပင် တက်ထိုင်လာသည်။

ရှား သူ့လက်ထဲမှ လင်ဗန်းအား ဒယ်ဒီ အလုပ်လုပ်နေသည့် ကုတင်ပေါ်မှ စားပွဲလေးပေါ် လှမ်းတင်ပေးလိုက်ရင်း-

"ဒယ်ဒီ ညစာလည်း မစားဘူး၊ နေ့လယ်ကလည်း ကျွန်တော် ဆိုင်ရွေးလောသွားလို့ သေချာလည်း မစားထားဘူးလေ။ ကျွန်တော် လုပ်တတ်တာက သိပ်မရှိလို့ ဒယ်ဒီ့အတွက် ခေါက်ဆွဲပြုတ်နဲ့ နွားနို့ ဖျော်လာတယ်။ ကြက်ဥနဲ့ ငှက်ပျောသီးလည်း ရေခဲသေတ္တာထဲမှာ တွေ့လို့ ယူလာခဲ့တယ်။ ညဖက်တော့ အားရှိအောင် စားလိုက်ဦး"

သူ ညစာ အနည်းအကျဉ်းလောက်တော့ ကုမ္ပဏီ၌ စားခဲ့ပြီးသော်လည်း ထိုကလေး လာတင်ပေးထားသည့် ခေါက်ဆွဲပြုတ်နံ့ကြောင့် ဗိုက်ပြန်ဆာချင်သလို ဖြစ်သွားသော်ငြား ဒီကောင်လေးကို သူ စိတ်ဆိုးနေဆဲမို့ ကွန်ပျူတာထဲကိုသာ အာရုံပြန်စိုက်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။

သူ ခက်ခက်ခဲခဲ လုပ်လာခဲ့ရတာတွေအပေါ် တစ်ချက်တောင် မြည်းမကြည့်‌‌သော ဒယ်ဒီ့ကြောင့် ရှား ဇွဲမလျှော့ဘဲ ဒယ်ဒီ့ကုတင်ပေါ် သေချာတက်ထိုင်လိုက်ကာ ဒယ်ဒီ့နား တိုးသွားလိုက်ရင်း လင်ဗန်းထဲမှ ခေါက်ဆွဲပြုတ်အား ဇွန်းဖြင့် ခပ်ယူလိုက်ပြီး ဒယ်ဒီ့နှုတ်ခမ်းနား တေ့ပေးလိုက်သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now