Chapter 9

2.2K 130 5
                                    

အောက်တိုဘာလကို နှုတ်ဆက်ရတော့မည့် နောက်ဆုံးရက်က နိုဝင်ဘာအကူးအပြောင်းကာလနီးပြီမို့ အအေးဓာတ် ပိုသိသာလာခဲ့သည်။

သို့သော်ငြား ရှားနဲ့ လေးရက်လောက်တူတူ ရှိခဲ့ရတဲ့ ဇေ့အတွက်တော့ သူ ဒီကလေးကြောင့် နေ့တိုင်းပူပင်ပူလောင်နေရတာမို့ အေးချမ်းခဲ့သည့် သူ့ဘဝကြီးက နေ့ချင်းညချင်း ပြောင်းလဲသွားရသည့်အပြင် ပျင်းရိခြောက်သွေ့ဖွယ်ကောင်းခဲ့ရသည့် ဘဝကလည်း ဒီကလေးကြောင့် သူ့ထံ၌ မျက်စိပွင့်ကတည်းကနေ ညအိပ်ချိန်ထိ နားချိန်ပင် မရှိတော့။

သူ ရှား၏ ခြေကျင်းဝတ်မှ ညအိပ်ဘောင်းဘီအမည်းအရှည်ကို လိပ်တင်လိုက်ရပြီး ခြေဖဝါးကို အမြန်စစ်ဆေးရသည်။

"ကျစ်. . .မင်းက မျက်စိပွင့်ကတည်းက လျှောက်ပြေးနေတော့တာပဲ"

သူ့ခြေဖဝါးအား မျက်ဝန်းညိုများဖြင့် မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေသော ဒယ်ဒီ့အား ရှား အလိုမကျစွာ ငုံ့ပြောလိုက်မိသည်။

"အခု မပြေးဘူးလေ။ ရုတ်တရက်မို့ မမြင်လိုက်လို့ နင်းမိတာပဲကို"

ညကတည်းက သူ့အား ရန်စကားပဲ ပြောချင်နေသည့် ရှားအား သူ တစ်ချက် မော့ကြည့်လိုက်ရပြီး အကြည့်ဖြင့်သာ ခြောက်လိုက်ရသည်။

"ဆေးထည့်ပေးမယ်၊ ဟိုခုံနားထိ လျှောက်နိုင်တယ်မလား"

ရှား ခေါင်းညိတ်ဖို့ လုပ်လိုက်ပြီးမှ သူ့အား မျောက်ပွဲကြည့်သလို လှမ်းကြည့်နေကြသော ဧည့်ခန်းထဲမှ လူတစ်စုကြောင့် ချက်ချင်း ခေါင်းခါပြလိုက်ပြီး သူ့ဘေးထရပ်လာသည့် ဒယ်ဒီ့လက်မောင်းပေါ် ပစ်မှီပစ်လိုက်ရင်း-

"အေးလို့ထင်တယ်၊ ခြေထောက်က ချက်ချင်းကို အရမ်းနာလာပြီ။ ဒယ်ဒီ ကျွန်တော့်ကို ချီ၊ လျှောက်နိုင်ဘူး"

ရှားအတွက် ထောင်ထဲ၌ တိုက်ပိတ်ခံခဲ့ရသည့်အထိကို သောင်းကျန်းဖူး၏။ ရန်ပွဲတွေ ဖြစ်ဖူး၏။ ထောင်ထဲမှ ဆရာဝန်ဆီပင် သူသာ အများဆုံး ရောက်ခဲ့ဖူးတာမို့ ဒီဒဏ်ရာလောက်ကတော့ စာတောင်ဖွဲ့မနေ။ သို့သော်ငြား ဒယ်ဒီ့နား ထလာသည့် ထိုအမျိုးသမီးကို သူ့မာမီတော်ရလောက်အောင်ထိ သဘောမကျသေးတာမို့ ဒယ်ဒီ့အား သူ အရင်ကုပ်တွယ်ထားပစ်လိုက်သည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now