Chapter 31

2K 101 3
                                    

ဒီရက်ပိုင်းတွေက ရှားအတွက် စိတ်ရော လူပါ ပင်ပန်းရသော ရက်များဖြစ်လို့နေ၏။

ဒယ်ဒီ့ရုံးချိန်းတိုင်း သူ လိုက်နေရရုံမကဘဲ ဒယ်ဒီ့ရှေ့နေနဲ့လည်း သူ အမှုအတွက် လုံးပန်းနေရတာမို့ အစားအသောက်ပင် မမှန်ဖြစ်လာသည်။ ထို့အပြင် သူ့အား အုပ်ထိန်းခွင့် အချေအတင်ကလည်း ပြီးလုဆဲဆဲ ဖြစ်နေခဲ့ချိန်၌ ဦးနေမင်းလတ်ဖက်မှ အသားစီး ရနေတာ‌ကြောင့် သူ့ရှေ့နေဖက်မှပင် လက်လျော့စပြုလာခဲ့သည်။ ထိုထက်ပိုဆိုးသည်က ဒယ်ဒီ့ပြစ်မှုများက လိုက်လို့မရအောင်ပင် ဦးနေမင်းလတ်ဖက်မှ ဖိအုပ်ထားတာမို့ ပြစ်ဒဏ်ခံယူရမည့် နှစ်နည်းဖို့ကိုပင် သူတို့မျှော်လင့်လို့မရ ဖြစ်လာခဲ့သည်။

ဦးနေမင်းလတ်၏ အာဏာစက် ဘယ်လောက်ပြင်းလဲဆိုတာအား ရှားအတွက် သူ ကိုယ်တိုင် ကြုံဖူးထားတာမို့ ဘာမှသေချာ လိုက်မလုပ်ပေးနိုင်သည့် သူ့ကိုယ်သူပင် အားမလိုအားမရ ဖြစ်လာတော့၏။

ထိုအခြေအနေတွေ၌ အမှုက အကြီးအကျယ်ရှုံးရတော့မှာ ကိုးဆယ်ရာခိုင်နှုန်းနီးပါး သေချာနေသော်လည်း ရုံးချိန်းဝင်ရတိုင်း တရားရုံးထဲ၌ ဒယ်ဒီကတော့ သူ့ကိုယ်သူ ဘာတွေ ယုံကြည်ချက်ပြင်းပြနေလဲ မသိအောင်ပင် အေးဆေးသက်သာစွာ မူမပျက် ထိုင်နိုင်နေဆဲမို့ ဒယ်ဒီ ဟန်လုပ်နေတာများလားဟုပင် ရှားရတု ဒယ်ဒီ တကယ်ရော အဆင်ပြေရဲ့လားဆိုတာအတွက် စိတ်ပူလာမိတော့သည်။

မင်းပိုင်စိုးဇေ၏ ထိုကဲ့သို့ ထောင့်မကျိုးသည့်အပြင် နောင်တရခြင်း အလျဉ်းမရှိသည့် ပုံစံကြောင့် အမှုက ပိုလို့ပင် ရှုံးဖို့ အလားအလာများနေတော့လေ၏။

ဒီနေ့လည်း ရုံးချိန်းရှိသည်။

ရှား သူ့ဒယ်ဒီကိုသာ လှမ်းလှမ်းကြည့်နေခဲ့သည်။ အနောက်တိုင်းဝတ်စုံအား နက်ကတိုင် အရောင်မျိုးစုံဖြင့် သေသပ်ခန့်ညားစွာ ဝတ်ဆင်တတ်သည့် ဒယ်ဒီ့ကို အခုလို ထောင်ဝတ်စုံနှင့် မြင်ရတာ ရင်နာမိပါ၏။ ဒယ်ဒီ့၏ မျက်ဝန်းညိုများက သိမ်းငှက်ကဲ့သို့ စူးရဲစွာ ကြည့်နေတတ်သော်လည်း ‌သေချာသတိထားကြည့်မိလျှင် ပင်ပန်းနွမ်းနယ်နေသယောင်ရှိသည်။ သူ မက်မက်စက်စက် နမ်းရှိုက်ခဲ့ဖူးသည့် ဒယ်ဒီ့နှုတ်ခမ်းသားများကလည်း မျဉ်းတစ်ကြောင်းလို ခပ်တင်းတင်းစေ့ထားသော်ငြား အရောင်ဖျော့နေသည်။ ထို့အတွက် ဒယ်ဒီ နေရောကောင်းရဲ့လား သူ ပူပန်လာမိသလို ခွဲခန်းဝင်ထားဖူးသည့် ခန္ဓာကိုယ်ကရော ကျန်းမာနေရဲ့လား သူ စိတ်ပူလာမိသည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now