Chapter 2

3.9K 164 4
                                    

Oct 28 ရက်နေ့. . .။

ဒီနေ့ရက်၏ ညသန်းခေါင်ယံကို ကျော်လွန်ဖို့ လက်ကျန်တစ်နာရီသာ ကျန်ရှိတော့တာမို့ မင်းပိုင်စိုးဇေ သူ့ကားကို အိမ်အမြန်ရောက်နိုင်ရန်အတွက် သတ်မှတ်မှိုင်နှုန်းကို ကျော်ဖို့ သိပ်မလိုတော့သည့် အရှိန်ဖြင့် မောင်းနှင်လာခဲ့ရသည်။ 

သူ ရှား၏ မွေးနေ့ရက်ကိုတော့ မမရတီအစား သေချာအဖော်ပြုပေးဖို့ ဆုံးဖြတ်ထားခဲ့တာပင်။ သို့သော်ငြား ဒီနေ့မှပဲ သူ့အလုပ်ကလည်း ထင်တာထက်ပင် ပိုများ‌နေခဲ့၏။ အခမ်းအနားပွဲတင်မကဘဲ အရေးပေါ် သွားလိုက်ရသေးသော ကုမ္ပဏီကိစ္စတွေကြောင့် ထိုက‌လေးအတွက် မွေးနေ့ကိတ်ကိုတောင် သူ့အတွင်းရေးမှူးအား စီမံခိုင်းရတဲ့အထိ။

ဇေ သူ့ကားအား ကျယ်ဝန်းသော စံအိမ်ရှေ့ ထိုးရပ်လိုက်ချိန်၌ သူ့လက်ပတ်နာရီက ညဆယ့်တစ်နာရီကိုပင် ညွှန်ပြနေပေပြီ။ ဒီစံအိမ်ကြီးက သူ့မိဘတွေ၊ သူ့အဖိုးအဖွားတွေ၊ သူနဲ့ အစ်ကိုရှားဟန်သာတို့ တူတူကြီးပြင်းခဲ့ရသည့် နွေးထွေးဖို့ကောင်းသည့် အိမ်တစ်အိမ်ဖြစ်ခဲ့သော်လည်း ယခုချိန်မှာတော့ ဒီစံအိမ်ထဲ၌ ဇေတစ်ယောက်သာ ကျန်ရစ်တော့သည်။

ဇေ သူ့ကားထဲမှ ကိတ်မုန့်ဘူးကို မစောင်းသွားအောင် သေချာကိုင်တွယ်လိုက်ရင်း ဧည့်ခန်း၌ မီးရောင်ခပ်ဖျော့ဖျော့လင်းနေတာကို တွေ့လိုက်တာကြောင့် ထိုကလေး မအိပ်သေးပုံမို့ သက်ပြင်းချနိုင်သွားခဲ့သည်။

သို့သော်ငြား ထိုကလေးက ဧည့်ခန်းထဲရှိ ဆိုဖာရှည်ပေါ်၌ ဘေးတစောင်းအနေအထားဖြင့် သူ့ကျောပိုးအိတ်ကို ခေါင်းခုထားရင်း၊ ပေါင်နှစ်ဖက်ကြား သူ့လက်တွေ ညှပ်ထားရင်း၊ ညနေက ပွဲမှာ တွေ့ခဲ့သည့် ပေရေနေသည့် Hoodie အဖြူကိုပင် ဝတ်ဆင်ထားဆဲမို့ ဇေ သူ့နဖူးကြောတွေ ရှုံ့လိုက်မိကာ လက်ထဲမှ ကိတ်မုန့်ဘူးကို စားပွဲပေါ် အသာအယာတင်လိုက်ရင်း သူ့လည်ပင်းမှ နက်ကတိုင်ကို အနည်းငယ် ဖြေလျှော့သည့် အနေဖြင့် ဆွဲချထားလိုက်ပြီး အပေါ်ကုတ်ကို ချွတ်လိုက်ကာ နောက်ထပ် ဆိုဖာတစ်လုံး၏ နောက်ကျောပေါ် တင်ထားလိုက်သည်။

ထို့နောက် ရှားအား အိပ်မယ်ဆိုလည်း အပေါ်တက်အိပ်တော့ဖို့ နှိုးရန် လျှောက်လာခဲ့ရသည်။ ပွဲမှာတွေ့ခဲ့စဉ်က ခဏလေးသာမို့ သေချာ သတိမထားမိခဲ့သော်လည်း ထိုကောင်လေး၏ ဆံနွယ်တွေက တော်တော်ရှည်နေသည်မှာ အပြင်က လမ်းသရဲကောင်လေးတွေနဲ့ပင် တူနေသေးသည်။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now