ညဦးပိုင်းဆောင်းလေအေးများက အဆောင်မှူးအခန်းရှိရာဆီ လျှောက်လှမ်းလာသည့် ဇေ့၏ မျက်ဝန်းညိုများ တည်ရှိရာ မျက်နှာထက်သို့ တိုးဝှေ့နှုတ်ဆက်နေကြသည်။
တိုင်ကြားမှုကို လက်ခံရရှိထားပြီးစ အဆောင်မှူး၏ အခန်းထဲသို့ လူအများ လက်လှမ်းမမီနိုင်သော ပုံစံမျိုး၊ ဒေါသကြီးသည့် ဟန်ပန်မျိုးရှိသည့် အညိုရောင်မျက်ဝန်းများနှင့် အမျိုးသားတစ်ဦး ဝင်ရောက်လာတာကြောင့် အဆောင်မှူး အကဲခတ်လိုက်ပြီး နှုတ်ဆက်လိုက်ရသည်။
"ရှားရဲ့ ဒယ်ဒီ ရောက်နေတာကိုး"
သူ့အဆောင်ထဲ၌ အဆောင်သူ၊ အဆောင်သားပေါင်းများစွာ ရှိတာမို့ အကုန်လုံး၏ မိဘများကိုတော့ သူ မမှတ်မိသော်ငြား ဇေ့ကိုတော့ သူ မှတ်မှတ်ထင်ထင် ရှိနေခဲ့သည်။ အကြောင်းမှာမူ အဆောင်ကို ဇေကိုယ်တိုင် လာကြည့်ခဲ့စဉ်က အဆောင်၌ လာနေမည့် ရှားရတု၏ အစ်ကိုဖြစ်မည်ဟု တွက်ဆလိုက်ချိန်၌ အုပ်ထိန်းသူနေရာမှာ ဖခင်ဟု ဆိုလာတာကြောင့် အံ့ဩသွားရပြီး မှတ်မိနေခြင်းဖြစ်သည်။
"သားက အဆောင်မှာ အဆင်ပြေရဲ့လား"
ဇေ အဆောင်မှူးရှေ့ ဝင်ထိုင်လိုက်ပြီး ရှား၏ အခြေအနေကို မေးလိုက်ရသည်။
မျက်မှန်ကိုင်းအနက်ကို လက်ညှိုးဖြင့် ပင့်မလိုက်ပြီး အသက်ငါးဆယ်ကျော်စပြုနေပြီဖြစ်သည့် အဆောင်မှူး ဦးလေးဖက်မှလည်း ရှားက တော်တော်လေး အေးတဲ့အကြောင်း ပြောပြလိုက်ပြီး ရှားက ဒီတစ်ပတ်လုံး သူ့အခန်းထဲကနေတောင် ထွက်လေ့မရှိကြောင်း၊ ကျောင်းသွားတာလည်း မတွေ့သေးကြောင်း ပြောပြလိုက်ရသည်။
"ကျွန်တော့်သားကို တစ်ယောက်ခန်း ပြောင်းထားပေးလို့ရမလား"
"ဒီအဆောင်မှာက နှစ်ယောက်ခန်းတွေပဲ ရှိတာ။ ဘာအဆင်မပြေလို့လဲ၊ ကလေးက အခန်းဖော်နဲ့ အဆင်မပြေလို့လား။ အခန်းလဲပေးစေချင်ရင်တော့ အန်ကယ့်ဖက်က အဆင်ပြေအောင် လုပ်ပေးလို့ရပါတယ်။ ရှားက နည်းနည်းအေးတဲ့ ကလေးဆိုတော့ တစ်ယောက်ခန်းထားရင်လည်း သူ ပိုပြီး လူမှုဆက်ဆံရေးမှာ အားနည်းသွားမယ်ထင်တယ်"
VOUS LISEZ
နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]
FantasyTitle - နှောင်ကြိုးဖြင့် တွယ်ငြိရာ (နှောင်ကြိုးဖြင့် တွယ်ငြိရာ) Type - Own Creation , Myanmar BL သူ့ရဲ့ အကောင်းမွန်ဆုံးသော အသက်အရွယ်မှာ ဆိုးသွမ်းလွန်းတဲ့ ကလေးတစ်ယောက်ကို မွေးစားခဲ့ရတယ်။ အဲ့ကလေးက တည်ငြိမ်နေတဲ့ သူ့ဘဝထဲကို ကံဆိုးမှုတွေပါ သွင...