Extra (2)

2.9K 114 100
                                    

စံအိမ်ကျယ်ကြီး၏ အောက်ထပ်ကနေပင် ကြားနေရသည့် သောင်းကျန်းရန်ဖြစ်နေသံကြောင့် ပြန်ဖို့ပြင်နေသည့် မိုးခွန်းခ၏ ခြေလှမ်းများပင် ရပ်တန့်သွားခဲ့ကာ လှေကားခြေရင်းမှနေ အပေါ်က အခြေအနေတွေကို လှမ်းကြည့်လိုက်ရင်း အံ့ဩသွားရသည်။

ကိုဇေနှင့် ကိုသွန်းတို့ ရန်ဖြစ်နေကြမည်ဆိုလျှင်တောင် သူ အခုလို အံ့ဩမိမှာမဟုတ်။ ကိစ္စဆိုးတွေ ဖြစ်ပွားပြီးကတည်းက ဒီညီအစ်ကိုနှစ်ယောက်က သိပ်ကိုမှ ပနံသင့်နေကြလွန်းလို့ သူတောင် ကိုသွန်းနား အခုလို ပြန်ကပ်ရဖို့ ရှားကို မျက်နှာချိုသွေးခဲ့ရသေးသည်။

မသိရင် သူ့အဖြစ်က အစ်ကို့နားကပ်ရဖို့ ယောက်ဖနဲ့ တည့်အောင် ပေါင်းနေရတာနဲ့ပင် တူပါသေး၏။ အခုတော့ ဒီနှစ်ယောက်က အငြိုးတကြီး ဖြစ်လျက်ရှိနေသည်။ ထို့ကြောင့် သူ အပေါ်တက်ကူဖို့ ခြေလှမ်းလိုက်သေးသော်လည်း လှေကားထိပ်က မင်းပိုင်စိုးဇေကို ဘွားခနဲ တွေ့လိုက်ရတာမို့ ဧည့်ခန်းထဲ သူ ပြန်ပြေးဝင်သွားမိတော့၏။

ဇေ ထိုကောင်လေးလက်ထဲမှ ကျောပိုးအိတ်ကို ဆွဲလုလိုက်ရရုံမကဘဲ နံရံကို ထိုးကြိတ်နေရာမှနေ သူ့အသားနာအောင်လာလုပ်သည့် ရှားအပေါ်ကိုပါ လက်ပါတော့ဖို့ ဟန်ပြင်နေသည့် နေသွန်းခ၏ ရန်မှ လွတ်အောင် ဇေတစ်ယောက် ရှားအား ခါးမှ မ,ချီလိုက်ရပြီး လှေကားနားထိ ဆွဲလာရသည်။

ဦးနေမင်းလတ်မှာလည်း သူ့သားကြီးကို ဆွဲထားရပြန်သည်။ ဇေကတော့ သူ့သားငယ်ကို လွယ်လင့်တကူ ကောက်,မသွားနိုင်သော်လည်း ဇရာရနေပြီဖြစ်သည့် သူ့ခမျာ သွန်းကို မနည်းထိန်းရသည်။ သူ အရင်က အလွန်အားသန်ခဲ့လို့သာ အခုလောက် ဒေါသကြီးနေသည့် သူ့သားကြီးကို အနည်းငယ် ထိန်းထားနိုင်ရုံရှိသည်။

"ရှား ‌တော်တော့လို့ ပြောနေတယ်လေ၊ ငြိမ်ငြိမ်နေပြီး ကိုယ်နဲ့ပဲ ပြန်လိုက်ခဲ့တော့"

ဇေ သူ့ကလေးအား လှေကားနား၌ အတော်ထိန်းယူနေရသည်။ ဒီကောင်လေး ဒီည နေမကောင်းလို့ စိတ်ခံစားမှု အတော့်ကို လွယ်နေပုံပင်။ ခုနလည်း ကောက်ကာငင်ကာ ထငိုခဲ့ပြီး အခုကျလည်း ထိန်းမနိုင်သိမ်းမရ ဒေါသကြီးနေတာများ ဖျားနေတယ်ဆိုတာ ဟန်လုပ်နေသလားပင် ဘေးလူတွေ မြင်ကုန်လောက်တော့၏။

နှောင်ကြိုးဖြင့် တွယ်ငြိရာ [Completed]Where stories live. Discover now