Part 2

2.6K 75 0
                                    


"မြနွယ်ရေ မုန့်တွေ ဟင်းဘူးတွေ အကုန်ထည့်ပြီးပြီလား"

"ပြီးပါပြီ အကိုကြီး။ မြနွယ် ကျော်ကျော့်ကို ပစ္စည်းတွေအကုန်ပေးလိုက်ပြီရှင့်"

"ဟုတ်ပြီ အဲ့တာဆိုကျော်ကျော် ကားကို သေချာစစ်ထား မနက်ဖြန်ကျမှ ကားကဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အသံတွေ မကြားချင်ဘူး"

"ဟုတ်ကဲ့ပါ အကိုကြီး"

တောင်ကြီးမှာ တက္ကသိုလ်သွားတတ်တော့မယ့် ညီညီ့အတွက် လိုအပ်တာတွေအားလုံးပြင်ဆင်ပေးပြီးတော့ မြိုင်တစ်ယောက် အိမ်ပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။ ကျွန်းလက်ရန်းတွေကို လက်ဖြင့်တစ်တောက်တောက်ခေါက်ကာ လှေကားကနေတစ်ဆင့် အိမ်ပေါ်သို့ ဟန်ပါပါဖြင့် တစ်ဆင့်ချင်းတက်လာခဲ့လိုက်သည်။ အိမ်ပေါ်ထပ်သို့ရောက်တော့ မိမိနှင့်မျက်နှာချင်းဆိုင်အခန်းကို တစ်ချက်ကြည့်လိုက်ပြီး မြိုင်တစ်ယောက်ထိုအခန်းရှေ့ကိုသွားလိုက်ကာ တံခါးခေါက်လိုက်သည်။

ဒေါက်....ဒေါက်

"ညီညီရေ အိပ်ပြီလား"

အခန်းထဲမှ မည်သည့်တုံ့ပြန်သံမှမကြားရတာကြောင့် မြိုင် အိပ်ခန်းတံခါးကို လက်ဗွေရာဖြင့်ဖွင့်ပြီး ၀င်လာခဲ့လိုက်သည်။ ကုတင်ပေါ်မှာလည်း လူကမရှိသဖြင့် အခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်တော့ ရေချိုးခန်းဆီကနေ ရေကျသံတွေကို ကြားလိုက်ရတာကြောင့် ညီညီရေချိုးနေသည်ဟုသာ သိလိုက်ပြီး အခန်းထဲကိုသာ ဆက်လက်ကြည့်ရှုနေလိုက်သည်။ ညီညီက ငယ်စဉ်ကတည်းက Avengers အရုပ်တွေကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီး သူ့အခန်းထဲတွင် ၄ပေကျော် ၅ပေနီးပါးလောက်ရှိသည့် Avengers အရုပ်တွေကို ထားရှိထားသည်။ အဲ့ဒီအရုပ်တွေကို တစ်ယောက်သောသူက ပေးထားခဲ့တဲ့အရာတွေဟု တွေးမိလိုက်တော့ မြိုင့်ရင်ထဲ တင်းကြပ်သွားပြီး ထိုလူ့ကို လွမ်းဆွတ်တမ်းတမိသွားသည်။

"ဒီလောက်အများကြီး ဘာလုပ်မလို့လဲ ကလေးကနဂိုကတည်းက စာမလုပ်ချင်ပါဘူးဆို ဖျက်လို့ဖျက်ဆီးလုပ်နေပြန်ပြီ"

ပုံစံမတူ အရွယ်အစားမတူတဲ့ Avengers အရုပ်များကိုကြည့်ရင်း မြိုင်ရေရွတ်မိတော့ သူ့ရှေ့မှာရပ်နေတဲ့သူက သူ့ကိုပြုံးပြီးကြည့်လာကာ သူ့ခေါင်းကို လက်ဖြင့်ဖွဖွလေး လာပုတ်သည်။

ROYL (Ongoing)Where stories live. Discover now