Part 4

1.6K 45 0
                                    


......အတိတ်ဆီသို့.......

သတ်မှတ်ထားတဲ့တည်နေရာကနေ ပစ်မှတ်ဆီသို့ချိန်ဆလိုက်ရင်း လက်ကဂေါ့ဖ်ရိုက်တံကိုကိုင်ကာ ခါးကိုအနည်းငယ်ကိုင်းလိုက်ပြီး အားကုန်လက်လွှဲကာရိုက်ချလိုက်သည်။

"ဝိုး...ကိုရှိုင်းထက်သာတို့ကတော့ ရိုက်ချက်မိုက်တယ်ဗျာ"

ကိုယ်နဲ့အတူတူရိုက်တဲ့ လုပ်ငန်းရှင်သူဌေးတစ်ချို့က ပြောလာတာကြောင့် ဦးရှိုင်းထက်သာအနည်းငယ်ပြုံးမိသွားသည်။

"ကျွန်တော်ရိုက်တာ တွင်းထဲမှမရောက်တဲ့ဟာကိုဗျာ"

"ဒါပေမယ့်လည်း ဒီနေ့ဘယ်သူမှ ခများလောက်မရိုက်နိုင်သေးဘူးလေဗျာ"

မြှောက်ပြောနေတာလား အတည်ပြောတာလားဆိုတာ ကာယကံရှင်ကိုယ်တိုင်ပဲအသိဆုံးဖြစ်တာမို့ ဦးရှိုင်းထက်သာ ဘာမှမပြောဘဲနေလိုက်သည်။

"ဟော ကိုသီဟမောင်တို့လည်း ရောက်လာကြတာပဲ"

မြန်မာနိုင်ငံရဲ့ Top3 သူဌေးရဲ့စကားသံကြောင့် ဦးရှိုင်းထက်သာ အနောက်ကိုလှမ်းကြည့်မိလိုက်စဉ် လူတစ်စုက သူတို့ရှိရာနားသို့လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။ထိုထဲကမှ အရှေ့ဆုံးကနေ ဦးဆောင်လာသူကတော့ မြန်မာနိုင်ငံရဲ့ Top1သူဌေး ဦးသီဟမောင်ပင်ဖြစ်သည်။ ငယ်စဉ်ကတည်းက အရာရာမှာ မိမိထက်ခြေတစ်လှမ်းသာနေတဲ့အပြင် မိမိချစ်ရတဲ့သူကိုပါ သိမ်းပိုက်သွားခဲ့တဲ့သူ။ ထိုသူကကျောင်းမှာ အဆင့် 1 အမြဲတမ်းချိတ်နေတာကြောင့် သူ့မှာ မိဘများရဲ့အပြောအဆိုများကိုခံနေရသည့်အပြင် သီဟမောင်ကို မယှဉ်နိုင်ရကောင်းလားဆိုပြီး အပြစ်ပေးသည့်အနေနဲ့ အစာရေစာဖြတ်တောက်ခံရပြီး တံခါးပိတ်အခန်းထဲအထည့်ခံရကာ တစ်ယောက်တည်းနေခဲ့ရသည့်ရက်ပေါင်းများလည်း မနည်းခဲ့ပေ။ထို့အပြင် မိမိခိုးချစ်ခဲ့ရသည့်အချစ်ဦးကိုလည်း လက်ဦးမှုရယူသွားခဲ့တဲ့ကောင်ဖြစ်တဲ့အတွက် သူ့ဘက်ကဘယ်တော့မှကျေနပ်မိမှာမဟုတ်ပေ။

"ကျွန်တော့်အမျိုးသမီးက တစ်ခါတစ်လေလေး ဂေါ့ဖ်သွားရိုက်ပါလားလို့ပြောလာလို့ဗျာ အဲ့တာကြောင့်ကျွန်တော်လည်းဒီနေ့အချိန်အားတာနဲ့ပဲ လာခဲ့လိုက်တာ"

ROYL (Ongoing)Where stories live. Discover now