(Zawgyi code)
ကျွန်မရဲ့ဘဝပါပဲ။
-------------------------------------------------
ကလောင်ခနဲ မြည်သံကြားလို့ လှည့်ကြည့်မိတော့ ကော်ဖီဆိုင်အဝမှာ ဘွားခနဲပေါ်လာတဲ့ ရှေ့နေမလေးဒေါ်မေသက်ထား။
မေသက်ထားဟာ သူ့ကိုတွေ့တာနဲ့ လက်တစ်ဖက်ကို ဟန်ပါပါလှမ်းပြရင်း ကော်ဖီဆိုင်အတွင်းမှာရှိနေတဲ့ ထိုင်ကာစားသုံး နေကြတဲ့လူတွေကို ဖြတ်ကျော်ကာ ထောင့်ဆုံးစားပွဲမှာထိုင်နေတဲ့ သူ့ဆီသို့ တန်းမတ်လို့လျှောက်လာခဲ့တယ်။
မေသက်ထားရဲ့အလှအပတရားကိုတော့ ဆိုင်တွင်းရှိလူများ လစ်လျစ်ရှုမထားနိုင်။
ယောက်ျားတွေမပြောနဲ့ မိန်းမချင်းတောင် လည်ပြန်အငေးခံရတဲ့အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ ဒေါ်မေသက်ထားဟာ စားပွဲတွေအားလုံးကို ကျော်လာပြီး သူ့စားပွဲမှာဝင်ထိုင်လိုက်တာကိုပဲ လူပျိုကြီးဦးမင်းဟန် ဘဝင်ခိုက်လှပြီး ကော်ဖီဆိုင်ထဲရှိ ကျန်လူများကို မော်ကြွားကြွားလေး ဝေ့ကြည့်မိသွားသေးတယ်။
ကြေးနီရောင်အသားရေ၊ ပန်းနုသွေးနေတဲ့ နှုတ်ခမ်းဖူးဖူး၊ မျက်ခုံးနက်နှစ်ခုအလယ်က ချွန်ထက်နေသည့် နှာတံ။
Foreign ဆန်လှသည့် မေသက်ထားရဲ့ မျက်နှာလေးက ဆွဲငင်အားကောင်းလွန်းနေတယ်။
"စောင့်ရတာကြာသွားလား ဦးမင်းဟန်? အခုလို စောင့်နေရတဲ့အတွက် Sorry နော်..."
မေသက်ထား၏အသံကတော့ မျက်နှာလေးနှင့်မလိုက်စွာ ကွဲအက်အက်အသံမျိုး။ ချွဲနွဲ့နွဲ့အသံမျိုးတော့မဟုတ်။
"အာ...ရပါတယ်။ အလုပ်များတဲ့လူဆိုတော့ ဒီလောက်တော့ စောင့်ရမှာပေါ့...အားမနာပါနဲ့ဗျာ ကျတော်နားလည်ပါတယ်"
အစတည်းက မေသက်ထားကိုဆိုလျှင် သဘောခွေ့နေသူပီပီ ဦးမင်းဟန်စကားလောကွတ်ချော်နေသေးတယ်။
ရယ်ဖြီးဖြီးနှင့် ဦးမင်းဟန်၏မျက်နှာထားမှာ လွန်စွာကြည့်ရဆိုးနေတာကိုတော့ ဦးမင်းဟန်ကိုယ်တိုင် သိပုံမပေါ်။
စိတ်ပျက်သလိုအပြုံးတစ်ခုနဲ့ တုန့်ပြန်ရင်း မေသက်ထားတာ သူမကိုင်ဆောင်လာသော ဖိုင်တွဲများကို စားပွဲပေါ်သို့ တင်လိုက်တယ်။
"ကဲ...အလုပ်ကိစ္စလေးပြောလိုက်ရအောင်...ကျမ အချိန်သိပ်မရဘူး"
"အနားယူလိုက်ပါဦးလား? တစ်ခုခုမှာလိုက်မယ်လေ။ ဘာသောက်ချင်လဲပြောပါ..."
"ဒီကပြီးရင် နောက်ထပ် Case တစ်ခုရှိသေးလို့ မနားတော့ပါဘူး၊ အလုပ်ကိစ္စကိုပဲစပြောပါ... ဦးမင်းဟန်"
ကွဲအက်အက်အသံနဲ့ တိကျပြတ်သားလှတဲ့ စကားလုံးတွေဟာ ခပ်ဖူးဖူးအနီရင့်ရောင်နှုတ်ခမ်းလေးထဲမှ အားနာမှုတစ်စက်မှ မရှိပဲ အစီအရီထွက်ပေါ်လာတဲ့အခါမှာတော့ လောကွတ်ချော်နေတဲ့ ဦးမင်းဟန်တစ်ယောက် အောင့်သက်သက် ဖြစ်သွားရတော့တာပေါ့။
"ဟုတ်ကဲ့။ အချိန်မရှိဘူးဆိုလည်း အလုပ်ကိစ္စပဲ ပြောကြတာပေါ့..."
"အင်း... အဲ့ဒါ အဆင်ပြေဆုံးပါပဲ... ကဲ ပြောပါ..."
"ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် ရှေ့နေမလေးရယ်..."
" "မေ" လို့ပဲခေါ်ပါ။ ရပါတယ်..."
ခပ်အေးအေးအပြုံးလေးတစ်ခုနဲ့အတူ သူမရဲ့ ချိုလွင်လှတဲ့ခွင့်ပြုမှုလေးကြောင့် ဦးမင်းဟန်က သူမဟာ တိကျပြတ်သားသော်လည်း လူမှုရေးတော့ ရှိသေးပါလားဟုတွေးလိုက်ပြီး ကျေနပ်သလိုလေး ပြုံးမိသွားပြန်တယ်။
နောက်ပြီး စိတ်ထဲကလည်း ကျိတ်ပြီး အမှတ်ကောင်းပေးမိပြန်သေးတယ်။
"ကျွန်တော်တို့အမွေဆိုင်မြေကွက်ကို ကန်ထရိုက်ပေးချင်ပါတယ်"မေ"။ ဒါပေမဲ့ အမွေဆိုင်ဖြစ်နေတာကတစ်ကြောင်း၊ အမည်ပေါက် တွေကဆုံးပါးသွားတာကတစ်ကြောင်း၊ နောက်ပြီး အမွေလွှဲထားတဲ့တခြား နဲနဲဇာတ်ရှုတ်လေးတွေလည်းရှိသေးတော့......"
သူ့စကားမဆုံးသေးသော်လည်း မေသက်ထားက လက်ပြပြီးရပ်ခိုင်းလိုက်သောကြောင့် သူပြောလက်စကားကိုရပ်တံ့လိုက်ပြန်တယ်။
"အမှုနဲ့ပတ်သက်တာတွေကို ကျွန်မအားလုံးဖတ်ပြီးပါပြီ။ Case က ဦးမင်းဟန်နိုင်ဖို့ 86% လောက်သေချာနေပါတယ်။ နောက်ပြီး ဦးမင်းဟန်က အမွေတွေကို တခြားမောင်နှမတွေကိုလည်း မခွဲပေးချင်ဘူး။ ဟုတ်တယ်နော်..."
"ဟုတ်တာပေါ့ဗျာ။ ဒါ့ကြောင့်ရှေ့နေတစ်ယောက်ကို တိတ်တဆိတ်လိုက်ရှာတာ။ မေနဲ့တွေ့တော့မှပဲ ကျွန်တော်လည်း စိတ်သက်သာ ရာရတော့တယ်။ ကျွန်တော်ကလူပျိုကြီးဆိုတော့ ဘဝရှေ့ဆက်လျှောက်ဖို့ ငွေကြေးလိုအပ်တယ်လေ။ နောက်ပြီးကျွန်တော်က အကိုအကြီးဆုံးဆိုတော့ ကျွန်တော်ပဲရပိုင်ခွင့်ပိုများရမှာ မဟုတ်ဘူးလား?"
ဦးမင်းဟန်ပြောသမျှကို စိတ်ရှည်ရှည်နှင့်နားထောင်ပေးသည့်အပြင် အလေးအနက်ထားပြီး သေချာစွာလိုက်မှတ်နေတဲ့ မေသက်ထားလုပ်ပုံကို ငေးကြည့်ရင်း မေသက်ထားဟာ အလုပ်ကိုလေးစားသော ရှေ့နေမလေးတစ်ယောက်ဟု စိတ်ထဲမှ အမှတ်မပေးပဲ မနေနိုင်တော့ပြန်။
"အင်း၊ ပြောပါဦး..."
"ကျွန်တော်နိုင်ဖို့86%လောက်သေချာတယ်ဆိုတော့ ဒီအမှုကို မေ့ကိုအပ်ပါတယ်ဗျာ။ အကျိုးဆောင်ခကိုရော မေဘယ်လို သတ်မှတ်မလဲ မသိဘူး..."
"ကျွန်မက အမှုအပေါ်မှာပဲစိတ်ဝင်စားတာပါ။ အကျိုးဆောင်ခကို နောင်အမှုနိုင်မှပဲပြောကြတာပေါ့။ လောလောဆယ် ဦးမင်းဟန်ရဲ့ အမွေဆိုင်အိမ်ကို အမည်ပေါက်လျှောက်ရမယ်။ ပြီးတာနဲ့ ကန်ထရိုက်တာတစ်ယောက်ကို အပ်ရမှာဖြစ်လို့ ဦးမင်းဟန်ဖက်က ကျွန်မကို G.P လွှဲပြောင်းပေးရမယ်။ ဘယ်လိုလဲ အဆင်ပြေပါ့မလား?"
အမှုနိုင်မှာသေချာလို့သာ အမှုလိုက်ခကို နောင်မှယူမယ်လို့ပြောနေတဲ့ မေသက်ထားရဲ့ "ဇ"ကို ဦးမင်းဟန် လေးစားရပြန်တယ်။
အရင်က လိုက်ခဲ့သမျှ အမှုတိုင်း နိုင်ခဲ့တာချည်းပဲဆိုတဲ့ သတင်းကြောင့်လည်း ဦးမင်းဟန်ဟာ သူ့အမွေဆိုင်အမှုကို မေသက်ထားလက်ထဲ ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့တာ။
အခုလည်း အမှုကို နိုင်,နိုင်ချေသိပ်များနေလို့သာ မေသက်ထားပုံစံဟာ သွေးအေးလွန်းနေတယ်လို့ ဦးမင်းဟန် ယူဆမိပြန်တယ်။
"ဟာ......ပြေတာပေါ့။ မေလုပ်တာပဲ။ ဘာလို့အဆင်မပြေရမှာလဲ..."
"ဒါဆိုရင် ဒီစာချုပ်တွေမှာ လက်မှတ်ထိုးပေးရမယ်..."
မေသက်ထားက အဆင်သင့်ပါလာတဲ့ General Power လွှဲပြောင်းပေးအပ်တဲ့နေရာမှာ အသုံးပြုတဲ့ စာချုပ်တွေကို ထုတ်ယူပြီး ဦးမင်းဟန်ကို လက်မှတ်ထိုးခိုင်းတဲ့အခါ ဦးမင်းဟန် သဘောတူကျေနပ်စွာဖြင့်လက်မှတ်ထိုး ပေးလိုက်ပြန်တယ်။
"လက်မှတ်ထိုးခိုင်းတဲ့လူက မေပဲ...တစ်ခြားသူမှမဟုတ်တာ။ ထိုးပေးရတာပေါ့..."
ဦးမင်းဟန်လက်မှတ်ထိုးနေရင်း လူပျိုကြီးပီပီအနှောင့်အသွားမလွတ်တဲ့ စကားလုံးများနဲ့ မေသက်ထားကို သွေးတိုးစမ်းလိုက်ပေမယ့် မေသက်ထားကတော့ အပြုံးအေးအေးနှင့်သာ တုံ့ပြန်ဖြစ်တယ်လေ။
"သြော်......ဒါနဲ့ ဦးမင်းဟန်တို့အသိထဲမှာ တိုက်ခန်းအပေါင်ခံမယ့်သူဖြစ်ဖြစ်၊ ကားအပေါင်ခံတဲ့လူဖြစ်ဖြစ်ရှိလား?"
လက်မှတ်ထိုးနေရင်းမှ မေသက်ထားရဲ့မေးခွန်းကြောင့် ဦးမင်းဟန်ဆတ်ခနဲ မျက်လွှာပင့်ပြီး ကြည့်မိသွားတယ်။
"ဘာဖြစ်လို့လဲမေ?"
"ဒီအမှုကို လိုက်ဖို့ကငွေလိုမယ်လေ။ အကျိုးဆောင်ခကို မေကအမှုပြီးမှပဲယူမှာဆိုတော့ အခုလောလောဆယ် ဒီအမှုမှာ ကုန်ကျမယ့်ငွေနဲနဲလောက်လိုချင်လို့ပါ။ နောက်ပြီး မေကပြီးခဲ့တဲ့အပတ်ကပဲ Company တစ်ခုမှာရှယ်ယာဝင်လိုက်တော့ Bank ထဲက ငွေတွေကို အဲဒီ့မှာသုံးလိုက်မိတယ်။ ဒါ့ကြောင့်ပါ......"
ရှယ်ယာဝင်လိုက်တဲ့ကိစ္စ၊ ဘဏ်ထဲမှာ ငွေသိပ်မရှိတော့တဲ့ကိစ္စတွေဟာ တကယ်တော့ မေ့အတွင်းရေးတွေပါ။
ထိုအတွင်းရေးတွေကို သူ့ထံတွင်ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်လာတဲ့ မေ့လုပ်ရပ်လေးကို ဦးမင်းဟန် ကျေနပ်လွန်းက ဘဝင်လေဟတ်ချင်ချင်ဖြစ်ရသေးတယ်။
"အော်.......မေရယ်။ ကိုယ့်အမှုကိုလိုက်မယ့်ကိစ္စပဲ ကိုယ်ကူညီမှာပေါ့။ မေ့ပစ္စည်းတွေကို အဲ့လိုလုပ်စရာမလိုပါဘူး..."
"ဟင့်အင်း......မေကအကျိုးဆောင်ခကို အမှုနိုင်မှယူမယ်လို့ပြောပြီးသားပဲ။ အဲ့ဒီစကားကိုမေ မပြင်နိုင်လို့ပါ..."
"မေလောလောဆယ်လိုနေတဲ့ငွေ Amount ကဘယ်လောက်လောက်လဲ ဆိုတာကိုပဲ ကျတော့်ကိုပြောပါ။ ကျတော့်အတွက်လည်း သိပ်ပြီး ၀န်မလေးတဲ့ ပမာဏတစ်ခုဆိုရင် မေ့ကို ပေးသုံးထားလို့ဖြစ်ပါတယ်"
"အို ကျမ အဲဒီလို သူများငွေကို သုံးလေ့ရှိဘူးရှင့်..."
"အာ...မဟုတ်ဘူးနော် မေ။ ကျတော့်ကို အထင်မလွဲပါနဲ့။ ကျတော်က မေ့ကို ပေးသုံးထားမယ်ဆိုတာက တကယ်လို့ အမှုနိုင်သွားလို့ မေက ကျတော့်ကို အဲဒီငွေပြန်ပေးတဲ့အခါ ကျတော်ပြန်ပြီးလက်ခံမှာပါ။ ဒါဟာလည်း မေက ကျတော့်ကိုကူညီလို့ ကျတော်ကလည်း မေ့ကိုပြန်ပြီး ကူညီတာသက်သက်ပါ။ ဒါကိုမှ မေက သိပ်ဘဝင်မကျသေးဘူးဆိုရင် ပိုက်ဆံပြန်ဆပ်တဲ့အခါကျ အတိုးထည့်ပေးချင်ပေးပေါ့။ ဒါပေမဲ့ မေသိထားရမှာက ကျတော်က အတိုးကို ငွေတော့မလိုချင်ဘူးနော်... ဟင်း...ဟင်း..."
အထာပါပါပြောရင်း စပ်ဖြီးဖြီးကြီးရယ်ချလိုက်တဲ့ ဦးမင်းဟန်မျက်နှာကြီးက တကယ့်ကို မေ့အပေါ် ခွေယိုင်လဲနေပြီဆိုတာ ပေါ်လွင်လွန်းနေတယ်။
ဒါကိုသိပေမယ့်လည်း မေဟာ အလုပ်ကိစ္စသာလျှင် အရေးကြီးတယ်ဆိုတဲ့အတွေးနဲ့ စိတ်ထဲ ကသိကအောင့်ဖြစ်နေရတာကိုတောင် မသိဟန်ဆောင်နေပေးလိုက်တယ်။
"ကျမလိုအပ်တာ... သိပ်တော့မများပါဘူး။ ထန်ကုန်လိုမှ သိန်း ၂၀ ပေါ့။ ဒါကလည်း လောလောဆယ်အတွက်ပါပဲ။ နောက်ပိုင်းသုံးမှာကတော့လကုန်ရင်မေ့ရှယ်ယာကငွေထုတ်လို့ရပြီလေ... အဲဒီအခါကျရင် ရှယ်ယာငွေတွေကို အဲဒီမှာလည့်ပြီး သုံးထားလို့ရနေပါပြီ"
"ဒါဆိုဒီလိုလုပ်။ အခုမေလိုနေတဲ့ငွေ သိန်း ၂၀ကို ကိုယ် မေ့ကိုပေးမယ်။ ဒါကမေ့ကို ကိုယ်ဒီအတိုင်းပေးတာနော်။ အမှုနဲ့ မဆိုင်ဘူး။ ဒီအတိုင်းလက်ဆောင်အဖြစ်ကိုပေးတာ"
"အို မလုပ်ပါနဲ့။ မေ သူများငွေကို ဒီအတိုင်းကြီး မယူချင်ဘူး"
"အာ... မဟုတ်တာ။ အမှုက နိုင်မှာသေချာနေပြီလေ မေရဲ့။ ဒါဟာလည်း မေ့အကူညီက အဓိကကျတာလေ။ တကယ်တော့ မေ့ကူညီမှုနဲ့ယှဉ်ရင် ဒီငွေ သိန်း ၂၀ ဆိုတာ အစွန်းထွက်လောက်ပဲရှိပါတယ်။ ကျတော့် စေတနာကို လက်ခံပေးပါ မေရယ်... အမှုပြီးတဲ့အခါကျရင်တော့ အမှုအတွက် အကျိုးဆောင်ခကိစ္စကို ကျတော် ထပ်ပြီးပေးပါ့မယ်...နော်"
တကယ်လို့ အမှုသာနိုင်သွားရင် အဲဒီ ငွေသိန်း ၂၀ ဆိုတာ သူရလာမယ့် ငွေကြေးပမာဏရဲ့ အစွန်းထွက်တောင်မရှိဘူးဆိုတာ သေချာနေတယ်ဆိုတော့ ဦးမင်းဟန် အခုလို ပုံအောရဲတာလေ။
"အို......မဟုတ်တာ။ မေ မလိုချင်ပါဘူး။ မေ့ပိုင်ဆိုင်မှုတစ်ခုခုကိုပဲပေါင်တာပဲဖြစ်ဖြစ် မေလုပ်ပါရစေ..."
သူဖက်ကလိုက်လိုက်လျောလျောကူညီသော်လည်း မေသက်ထား တွင်တွင်ငြင်းနေပြန်တော့ ဦးမင်းဟန် အခက်တွေ့ရပြန်တယ်။
"မဟုတ်တာမေရယ်။ ကျွန်တော်ကိုယ်က ကူညီချင်လို့ပါ။ မေက ကျွန်တော့်ဆီကမယူချင်ရလည်း ကောက်ရတယ်လို့ သဘော ထားလိုက်ပေါ့နော်။ မေကတောင် ကိုယ့်အမှုအတွက် ဒီလောက်စွန့်ရဲတာ။ ကိုယ်ကဒီငွေလောက်ကိုတော့ မေ့ကိုပေးရဲပါတယ်။ ဘာလဲ... ကိုယ်ကလူပျိုကြီးဆိုတော့ မေက ကိုယ့်ကို ကပ်စေးနှဲလို့သတ်မှတ်ထားတာလား?"
တစ်ပါတည်း ကူညီရင်းနဲ့ သူ့ကိုယ်သူကြောငြာဝင်နေပြန်သောအခါ တည်ကြည်နေသော မေသက်ထားရဲ့မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ယှက်ပြေးသွားတာကို ထူးဆန်းစွာ ဦးမင်းဟန် မြင်တွေ့ခွင့်ရပြန်တယ်။
"မဟုတ်ပါဘူး။ အဲ့ဒီ့လို မသတ်မှတ်ပါဘူး..."
အပြုံးနဲ့တုန့်ပြန်တဲ့ မေ့ကို အားမနာနိုင်တော့ပဲ ဦးမင်းဟန် အားရပါးရငေးကြည့်မိနေတယ်။
ဒီလောက်ချော၊ ဒီလောက်လှတဲ့ ရှေ့နေမလေးရဲ့အပြုံးကို ဖူးမျှော်ခွင့်ရတာ သူ့လောက် ကံကောင်းတဲ့ လူမရှိ။
နောက်ပြီး မေသက်ထားဟာ ပညာတတ်၊ လူရည်သန့်။
ဒီသိန်း ၂၀ လောက်ကတော့ သူအပြုံးမပျက်ပေးဝံ့တယ်လေ။
"အင်း။ အဲ့လိုမသတ်မှတ်ဘူးဆိုရင်လည်း ကျွန်တော်ပေးမယ့် ငွေသိန်း၂၀ကို မေလက်ခံပေးပါနော်..."
"ဦးမင်းဟန်က အဲဒီငွေကို ဘဏ်မှာသွားထုတ်မှာနဲ့ ဘာနဲ့ အလုပ်ရှုတ်မှာပေါ့။ ကျွန်မကားကိုသာ ခဏအပေါင်ထားလိုက်မယ်လေ..."
"No...No...အဲဒီလောက်ငွေကတော့ ကျွန်တော့်မှာပါ ပါတယ် မေရယ်။ အမှုအပ်ပြီဆိုတော့ အမှုအပ်ခပေးရမယ်ဆိုပြီး ကြိုဆောင်လာတာ။ အခုရောက်တော့မှပဲ မေက အမှုပြီးမှယူမယ်ဆိုတော့ ကျွန်တော်တောင်အားတက်သွားပြီ။ အမှုကနိုင်မှာ သေချာလို့ ရှေ့နေတစ်ယောက်က ဒီလိုစကားမျိုးပြောရဲတာပေါ့။ ရော့...ရော့။ အခုပဲမေ့ကိုပေးလိုက်မယ်..."
သူပြောပြောဆိုဆိုနှင့်ပင် သူ့ဘေးနားတွင်ထားထားသည့် Sunstone အိတ်အမဲကြီးအတွင်းမှ တစ်သောင်းကျပ်တန် ဘဏ်ထုတ် ၂ ထုတ်ကို မေ့အရှေ့စားပွဲပေါ်တွင် ရိုကျိုးစွာဖြင့် တင်ပေးလိုက်မိတယ်။
မေက ငွေတွေတင်ပေးထားတာကိုမြင်ရဲ့သားနဲ့တောင် လက်လှမ်းမယူသေး။
"မေ အရင်က အခုလို တခြားလူတွေကိုရဲ့ငွေကို လက်ခံလေ့မရှိဘူးဆိုတော့လေ... လုံးဝလက်မခံချင်ပါဘူး... ဦးမင်းဟန်"
"ကျွန်တော်ဒီလောက်တောင် တောင်းပန်နေတာပဲမေရယ်။ ယူလိုက်ပါနော်။ ယူလိုက်ပါ...။ ကျတော်တို့ နှစ်ယောက်က ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့ဗျာ... တစ်ဦးကမေတ္တာ... တစ်ဦးက စေတနာလို့ သတ်မှတ်ချင်လည်း သတ်မှတ်လို့ရပါတယ်။ ဟဲ... ဟဲ... ဟဲ..."
ဦးမင်းဟန် ခခယယနှင့်ပေးနေပေမယ့် သူမ မယူချင်သေး။
မေသက်ထားဟာ အရင်က သူများအကူညီကို လွယ်လင့်တကူလက်ခံလေ့မရှိဘူးဆိုတာ ဦးမင်းဟန် ရိပ်မိနေပါပြီ။
မေသက်ထားအလိုနဲ့ဆို ဒီငွေ သိန်း ၂၀ ဟာ မေသက်ထားအိတ်ထဲဘယ်နည်းနဲ့မှ ရောက်တော့မှာမဟုတ်။
ဒီတော့ ဦးမင်းဟန်ကိုယ်တိုင်ပဲ ခပ်သွက်သွက်လေး ထိုငွေထုပ် ၂ ထုပ်ကိုယူပြီး မေသက်ထားတဲ့ အလုပ်ဖိုင်တွေထည့်ထားတဲ့ ဖိုင်တွဲထဲသို့ အလိုက်သတိထည့်ပေးလိုက်မိတယ်။
"ဦးမင်းဟယ်ရယ်..."
"ကျတော်တို့က အားနာစရာလူတွေမှမဟုတ်တာ မေရယ်... ဟင်း...ဟင်း...ဟင်း..."
အဲဒီအချိန်မှာ မေ့မျက်နှာပေါ် ဖြစ်ပေါ်လာတဲ့ အပြုံးလေးတစ်ပွင့်။
ထိုအပြုံးမျိုးကို သူမ ပြုံးလိုက်တိုင်း သူမရဲ့ ပါးချိုင့်လေးနှစ်ဖက်က တိတ်တခိုးလေးပေါ်ပေါ်သွားတတ်တယ်။
အဲဒီအပြုံးဟာ အောင်နိုင်သူတစ်ယောက်ရဲ့အပြုံး။
ပိုင်နိုင်သူတစ်ယောက်ရဲ့အပြုံး။
ကျေနပ်စွာသာယာသွားသူတစ်ယောက်ရဲ့အပြုံး။
ဒါပေမဲ့ အဲဒီအပြုံးကို ဘယ်လိုလူမျိုးမှ မမြင်ဖူးသေးချေ။
"ကဲ... ကျွန်မကို ခွင့်ပြုပါဦး ဦးမင်းဟန်။ ကျွန်မနောက်တော့ ဆက်သွယ်လိုက်ပါ့မယ်..."
ထိုစကားကတော့ ဦးမင်းဟန်အတွက် သူမထံတွင်ရှိနေတဲ့ နောက်ဆုံးစကားလုံးပင်ဖြစ်ပါတော့တယ်။
အပြုံးနှင့်နှုတ်ဆက်ပြီး သူမ ကော်ဖီဆိုင်ထဲက ထွက်လာတဲ့အခါမှတော့ ဟန်ပါပါ ဖက်ကိုင်ထားတဲ့ ဖိုင်တွဲထဲတွင် ဦးမင်းဟန် ပေးလိုက်တဲ့ ငွေသိန်း ၂၀က မိန့်မိန့်ကြီး လိုက်ပါလာတော့တယ်လေ။
-------------------------------------------------
တောသူထုံးစံအတိုင်း ကြံခိုင်သွက်လက်လှသော ခြေလှမ်းများကို သူမ ပိုင်ဆိုင်ထားသော်လည်း ယခုတော့ ဒီပဲယင်းဆိုသည့် မြို့သေးလေးရဲ့ ဈေးလေးကိုတောင် ဖြတ်သွားနိုင်ဖို့ အားမသန်တော့။
အကြောင်းမှာ ခြေထောက်တွေ လေးလံနေပြီလေ။
ဘယ်နည်းနဲ့မှ အရှေ့သို့ ရောက်အောင် မလှမ်းနိုင်တော့။
တင်ပါးဆုံမှ ကိုက်ခဲမှုက ခါးနှင့် ဆီးစပ်တို့ကို ကူးစက်လာပြီး အက်ကွဲမတတ်နာကျင်နေလေပြီ။ နောက်ပြီး ကိုယ်မှာလည်း ရေချိုးထားသကဲ့သို့ ချွေးများ စို့နေရပြီ။
မရတော့ဘူးဆိုတာ သူမ သိလိုက်ပြီလေ။
ဒါ့ကြောင့် နေရာကောင်းတာ၊ မကောင်းတာ မရွေးနိုင်တော့ပဲ အနီးဆုံး ဈေးခုံမြင့်တစ်ခုကိုပေါ်တွင် သူမ လှဲလျှောင်းလိုက်ရတယ်။
လှဲလိုက်စဉ်မှာပင် နှာခေါင်းထဲသို့ ဆိုးဆိုးရွားရွားဝင်လာသည့်က ငါးစိမ်းအနံ့။
ဒါဆို သူမ လှဲချလိုက်တဲ့ ဈေးခုံက ငါးစိမ်းရောင်းတဲ့ ခုံပေါ့။ ဘာပဲဖြစ်ဖြစ်လေ။ သူမမှာ နေရာရွေးနိုင်သည့် အခွင့်အရေးမှ မရှိတော့တာ။
ခုံပေါ်တွင် ပလက်အနေအထားလှဲလိုက်ပြီးသည်နှင့် သဘာဝကပေးသည့် အသိစိတ်ဖြင့် သူမ ပေါင်နှစ်ချောင်းကို အလိုလိုထောင်ထားမိပါ၏။
ထိုစဉ် သူမ ထမီက ရွှဲခနဲစိုသွားသည်ကို သတိထားလိုက်မိတယ်။ ဟုတ်ပါပြီ။ ဒါဆို သူမရွာတွင်နေစဉ်က ၀မ်းဆွဲသည်အဒေါ်ကြီးပြောသည့် ရေမွှာဆိုတာ ပေါက်သွားခြင်းပင်ဖြစ်လိမ့်မယ်။
ရေမွှာလည်း ပေါက်ပြီးရော လူက မခံစားနိုင်လောက်အောင် ဗိုက်နာသည့်ဝေဒနာကြီးကို ထပ်ဆင့်ခံစားလိုက်ရပြီး ဗိုက်ထဲမှ သူမ သန္ဓေသားက လည်း လူးလှိမ့်နေပေပြီ။
ဘာပဲဖြစ်ဖြစ်။ ဒီလိုနာကျင်မှုမျိုးကြီးရပ်တံ့သွားဖို့ တစ်ခုတည်းသောနည်းက သူမဗိုက်ထဲမှ ကလေးအပြင်ထွက်မှ ဖြစ်မယ်။
ထို့ကြောင့် ဘာဆို ဘာမှ မသိပဲ သူမ အားကုန် ကျုံးအော်လိုက်မိသောကြောင့် အာခေါင်တို့ ကွဲအက်သွားရပြန်တယ်။
ထိုစဉ် သူမ သိလိုက်တာက မိခင်မေတ္တာရဲ့ အတိမ်အနက်။
အမေရယ် သမီး အမေ့ကို ကန်တော့ပါတယ်နော်။
နာကျင်နေသည့် အကြားက မိခင်ကို စိတ်ထဲမှ မှန်းပြီး သူမ ကန်တော့ဖြစ်လိုက်ပါသေးတယ်။
"ကလေးမ... ဘာလုပ်နေတာလဲ။ ဒီနေရာမှာ အိပ်လို့ မရဘူးလေ။ ဟိတ်ကလေးမ"
နာကျင်နေသည့် ဝေဒနာ။ ညှိုစို့နေသည့် အနံ့သက်။
နောက်ပြီး ခပ်လှမ်းလှမ်းမှကြားလိုက်ရသည့် အဖိုးအိုတစ်ယောက်အသံ။
တုန်ရီနေသော အသံအနေအထားအရ ထိုအသံပိုင်ရှင်က အဖိုးအိုတစ်ယောက်မှန်း လှည့်မကြည့်ပဲနဲ့ သိနေပြီလေ။
သူမ ဘယ်လိုမှ ပြန်အဖြေမပေးမိ။ လက်သီးကို ကျစ်ကျစ်ပါအောင်တစ်ဖက်မှ ဆုပ်ရင်း၊ ကျန်လက်တစ်ဖက်က ဈေးခုံတွင်ထောင်ထားသည့် ၀ါးလုံးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားမိပြီး အားကုန်ညှစ်ချနေမိတယ်။
အနားသို့ ထိုအသံပိုင်ရှင် အဖိုးအိုရောက်လာပြီး ဖြစ်ပျက်နေသော သူမအနေအထားကိုကြည့်ကာ အဖိုးအိုတစ်ကိုယ်လုံး တုန်လှုတ်သွားရတယ်။
ယောက်ျားဖောင်စီး၊ မိန်းမမီးနေဆိုတဲ့ စကားပုံကို သူမကြားဖူးသော်လည်း အခုလောက်ခက်ခဲမယ်မှန်း၊ အခုလောက်ခံစားရမယ်မှန်း သူမ သတိမထားခဲ့။
"ဟာ... ကလေးမ။ ညည်းက ဈေးခုံပေါ်မှာ မီးဖွားနေတာပဲ။ မဖြစ်ဘူး။ မဖြစ်ဘူး။ ဖွားတင်ကိုသွားခေါ်မှ"
ပြောပြောဆိုဆိုဖြင့် ကြောက်လန့်တကြား သူမအနားမှ ထွက်သွားသော အဖိုးအိုကိုလည်း သူမ လှည့်မကြည့်ဖြစ်။
ချွေးတို့က ဆံပင်များအကြားမှ နဖူးပေါ်။ နဖူးပေါ်မှ သူမ မျက်ဝန်းထဲသို့ ကျနေတော့ မျက်ဝန်းထဲတွင် မျက်ရည်နှင့်ချွေးတို့ ရောနှောကုန်လေပြီလေ။
နောက်ပြီး အမြင်တွေက လည်း မျက်ရည်နှင့်ချွေးများကြောင့် ဝေဝါးနေလေပြီ။ တဆက်တည်းမှာ အံချင်သလိုလို ခံစားချက်က သူမ ရင်ထဲ ကိန်းအောင်ကြီးထွားလာပေပြီ။
အဖိုးအိုထွက်သွားပြီး... ခဏကြာတော့ သူမ ခြေသံတစ်ချို့ကိုကြားလိုက်ရပြန်တယ်။ ဒါပေမယ့်လည်း လှည့်မကြည့်ဖြစ်။
ထွီခနဲ ထွေးလိုက်သည့် သူမတံတွေးက အားကုန်ညှစ်နေရင်း အက်ကွဲကာထွက်လာသည့် လည်ချောင်းမှသွေးစတို့ကြောင့် သွေးရောင်လွှမ်းနေသေးတယ်။
"ကလေးမ... ညည်းတစ်ယောက်တည်း ကလေးမွေးလို့ ဖြစ်မလား?"
ကြားလိုက်ရသည့်အသံကြောင့် လှည့်ကြည့်လိုက်သော် အဖွားအိုတစ်ယောက်။
"အရီးရယ်။ ကျွန်မကိုကယ်ပါ။ အား...ကျွတ်...ကျွတ်။ အရမ်းနာနေလို့ပါ။ ကယ်ပါနော်"
"အေး။ ကယ်တယ်လို့တော့ မထင်နဲ့။ ကျုပ်လည်း လက်သည်လုပ်မစားတော့တာ နှစ်နဲ့ချီနေပြီ။ နောက်ပြီး ညည်းရေမွှာတွေလည်း ပေါက်ထားတယ်။ ညည်းကလေး အထဲမှာ ရေမမွန်းသေးဘူးဆိုရင်တော့ ကလေးအသက်ရမယ်"
"ရှင်?"
ရုတ်တရက်ကြားလိုက်ရသော အဖွားအိုစကားကြောင့် သူမ ရင်ထဲမှာ လွန်စွာ စိုးထိတ်သွားရတယ်။
ကလေးကို အဆုံးရှုံးမခဲ့ပါရစေနဲ့။ လူ့လောက ထဲရောက်တောင် မရောက်သေးတဲ့ ကျွန်မကလေးရဲ့ အသက်ကို အဆုံးရှုံးမခံပါရစေနဲ့ အရှင်ဘုရား။
ဒါဆို... ဒါပဲဖြစ်မည်။ မိခင်မေတ္တာဆိုတာ ဒါပဲဖြစ်ရပေမည်။
"ညည်း မစိုးရိမ်နဲ့။ အခု ညည်းလုပ်ရမယ့် တစ်ခုတည်းသောအလုပ်က ကလေးအပြင်ထွက်သွားအောင် ညှစ်ထုတ်ဖို့ပဲ။ ညှစ်အားကိုလည် ချောင်းမှာထားပြီး မညှစ်နဲ့။ ညှစ်သင့်တဲ့ နေရာကို အားထည့်ပြီးညှစ်။ ညည်းကလေးအသက်က အခု ညည်းလက်ထဲမှာ ကလေးမ"
မညှင်သာလှသော်လည်း အဖွားအိုစကားကြောင့် သူမ ခေါင်းတချက်ဆတ်ရင်း ကလေးကို လုံးဝအဆုံးရှုံးမခံဘူးဆိုသော ခိုင်မာသည့်စိတ်နှင့် အားကုန်ညှစ်ချလိုက်ပြီးသည့် တခဏ သူမလက်ဖဝါးနှင့် ဆုပ်ကိုင်ထားသော ၀ါးလုံးလေးတွင် သူမ လက်ဖဝါးမှ ချွေးများပေကျံသွားရတယ်။
နောက်ပြီး အဖွားအိုက သူမထံမှ ဆွဲယူလိုက်သည့် အရာတစ်ခု။
နာကျင်နေသည့် ခံစားချက်များလုံးဝ မပျောက်သွားသော်လည်း ဘယ်လိုအရာ လေးများဖြစ်လိမ့်မလဲဟူသော မျှော်လင့်ချက်ဖြင့် သူမ အောက်သို့ငုံ့ကြည့်လိုက်တော့ ငြိမ်သက်နေသည့်၊ သွေးစတို့အနည်းငယ်ပေနေသည့် အရာလေးတစ်ခု။
ဒါဆို အဲ့ဒါလေးက သူမ ရင်သွေးလေးပေါ့။ ဟုတ်လား။ သူမ ရင်သွေးလေးပေါ့။
ဒါဆို အဲ့ဒီ အရာလေးဆီက ဘာလို့ ဘာအသံ မှမကြားရတာလဲ။ ငိုသံဖြစ်ဖြစ်၊ အော်သံဖြစ်ဖြစ်။ တစ်ခုခုကိုတော့ သူမ တောင့်တနေမိတယ်လေ။
"အရီး... အရီး။ ကလေးက... ကလေးက ဘာလို့ အသံမထွက်တာလဲ။ ကလေးက အသံထွက်ရမှာမဟုတ်ဘူးလား?"
စိုးရိမ်စိတ်ဖြင့်မေးလိုက်စဉ် အဖိုးအိုကိုင်ထားသည့် ကတ်ကြေးကို အဖွားအိုးက ယူပြီး လှုတ်ရှားလိုက်စဉ်ဝယ် ကတ်ကြေးညှပ်သံတစ်ခုထွက်ပေါ် လာတယ်။
"မစိုးရိမ်နဲ့။ ညည်းကလေး ရေမွန်းနေတာ"
"သူ... သူ အသက်မှ ရှိသေးရဲ့လား? လုပ်ပါဦး။ သူ သေသွားပြီလား..."
စိုးရိမ်စိတ်ဖြင့်မေးလိုက်ရင်း မျက်ဝန်းတွင် မျက်ရည်အသစ်တို့ ထပ်ကာ ၀င်ရောက်လာပါ၏။
"မစိုးရိမ်နဲ့။ ဒီမှာကြည့်"
အမယ်လေး။ စကားဆုံးသည်နဲ့ အဖွားအိုက ကလေးကို ပိုင်နိုင်စွာခြေထောက်မှ ဇောက်ထိုးကိုင်ရင်း တင်ပါးကို စပ်စပ်လေးရိုက်လိုက်ပါ၏။
အဖွားအို လုပ်ရပ်ကိုကြည့်ပြီး သူမ အသည်းများ တဆတ်ဆတ်နာကျင်သွားရ၏။
"အူဝဲ... အူဝဲ... အူဝဲ..."
အဖွားအို လုပ်ရပ်အပြီး ကလေးထံမှာ ထွက်ပေါ်လာတဲ့အသံ။
ဟင်းခနဲဆိုသည့် သက်မချလိုက်မှုနှင့်အတူ နာကျင်မှုများကို ကျောခိုင်းပြီး သူမ မိုက်ရူးရဲစွာပြုံးလိုက်မိ၏။
တော်ပါသေးရဲ့။ ကျွန်မကလေးလေး အသက်ရှင်လို့။
"မိန်းကလေး ကလေးမ။ ညည်းရင်သွေးက မိန်းကလေး..."
နောက်ဆုံး သူမကြားလိုက်ရသည့် အဖွားအိုရဲ့အသံ။
ကျေနပ်စွာ၊ ကျေးဇူးတင်စွာ အဖွားအိုကိုငေးကြည့်နေရင်း သူမ အမြင်အာရုံတွေ မှုံဝါးကုန်တယ်။
အခုန သူမ အားအင်တော်တော်များများကို သမီးလေးအသက်ရှင်ဖို့အတွက် အသုံးချလိုက်ရသည် မဟုတ်ပါလား။
-------------------------------------------------
ဒေါ်မင်းထက်သာလွန်။
အသက်က ၃၅ ကျော်နေပြီ။
တကယ်လှတဲ့မိန်းမသားတွေဟာ အသက် ၄၀ ပြည့်ခါနီးလေလေ၊ ပိုပြီး တင့်တင်ချောမောလာလေလေဆိုတဲ့ စကားဟာ ဒေါ်မင်းထက်သာလွန်ကိုပဲ ရည်ရွယ်ပြီးပြောလေသားလို့ ထင်မှတ်ရလောက်တဲ့အထိ။
ထောင်မောင်းလှတဲ့ အရပ်အမောင်း၊ တည်ကြည်လှတဲ့ မျက်နှာထား၊ မေးရိုးစွန်းစွန်းတို့ဟာ လည်ပင်းနဲ့ ပါးကို တိတိကျကျ ပိုင်းခြားထားပေးတယ်။
ကကြီးပုံသဏ္ဍာန်ပေါ်နေတဲ့ နဖူးစပ်မှ ဆံပင်ကိုကြည့်ခြင်းအားဖြင့် အမျိုးအသိုင်းဝိုင်းမြင့်မားတယ်ဆိုတာ ဖွင့်မပြောပါပဲနဲ့ သိသာနေစေတယ်။
မျက်ဝန်းတွေဟာ စူးရှပြီးတောက်ပတယ်။ ပြတ်သားလွန်းတယ်။
မျက်နှာတစ်ခုံလုံးမှာ အထင်ပေါ်ဆုံးလို့လည်း သတ်မှတ်လို့ရတယ်။
မျက်ခုံးနှစ်ဖက်ဟာ မဲနက်ပြီး နှာခေါင်းအထက်နားတွင် အခွေလိုက်လေး စက်ယှက်နေတယ်။
ပြီးတော့ အမြဲတစေလို ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းနှစ်လွှာ။
ခပ်ရင့်ရင့်အရောင်တွေသာ ဆင်မြန်းလေ့ရှိတဲ့ ထိုနှုတ်ခမ်းတွေဟာ သိပ်ကို ရင်ဖိုစရာကောင်းလှတယ်ဆိုတာ မြင်တဲ့လူတိုင်း ချမိတဲ့ ကောက်ချက်တစ်ခုပါ။
မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကမှာ ဒေါ်မင်းထက်သာလွန်ကို မသိတဲ့လူ မရှိဘူး။
မလေးစားတဲ့လူမရှိဘူး။
အနေအထိုင် ပိရိသေသတ်သလို၊ စကားပြောဆိုရာတွင်လည်း ပြတ်သားလှတယ်။
အလုပ်လုပ်ရမှာလည်း တိကျပြီး ကတိတည်တယ်ဆိုတော့ ဘယ်သူမဆို သူမနဲ့ လက်တွဲအလုပ်လုပ်ခွင့်ရရင်ကိုပဲ သိန်းထီဆုကြီးပေါက်သလိုလို ဘဝင်လေဟတ်တတ်တာ။
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုပေမယ့် အလုပ်သမားတွေအပေါ်လည်း သိပ်ကိုအကြင်နာတရားရှိတယ်။
သူ့အလုပ်သမားတွေအတွက် ကိုယ်ပိုင်ဆေးရုံတည်ဆောက်ပေးပြီး လိုအပ်တဲ့ ဆေးဝါးအထောက်အပံ့၊ ကျွမ်းကျင်တဲ့ ဆေးဝါးပညာရှင်အထောက်အပံ့တွေကိုလည်း အပြည့်အ၀ ထည့်ပေးထားသေးတယ်။
အလုပ်သမားတွေရဲ့ သားသမီးတွေတက်နိုင်ဖို့ ပုဂ္ဂလိကကျောင်းတစ်ခုကိုလည်း သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့အတူ ဖွင့်လှစ်ပေးထားပြန်တယ်။
အလုပ်သမားတွေအတွက် နေဖို့ထိုင်ဖို့ကိုလည်း အလုပ်သမားအိမ်ရာပုံစံမျိုး သေချာဆောက်လုပ်ပေးထားတာ။
ဒါ့အပြင် တစ်နှစ်တစ်ခါ ပရိုမိုးရှင်းပေးရတာနဲ့၊ မဲဖောက်ပေးရတာနဲ့၊ နိုင်ငံခြားခရီးစဉ်လွှတ်ရတာနဲ့ဆိုတော့ ဒေါ်မင်းထက်သာလွန်ရဲ့ စီးပွားရေးလုပ်ငန်းစုမှာ အလုပ်လုပ်ခွင့်ရရင်ကိုပဲ ထိုလူက တော်တော့်ကို ကံကောင်းနေပြီ။
ဒါ့အပြင် အလုပ်သမားတွေ အသက်ရွယ်ကြီးသွားလို့ အလုပ်မလုပ်နိုင်တော့တဲ့တနေ့ကျရင် ခြေလွတ်လက်လွတ်မဖြစ်အောင် အာမခံထားပေးတာမျိုးကိုလည်း လုပ်ဆောင်ပေးထားသေးတယ်။
ဒီတော့ ဒေါ်မင်းထက်သာလွန်ရဲ့ လုပ်ငန်းစုက ဘယ်ဝန်ထမ်းမဆို အသက်ရွယ်ကြီးရင့်သွားမယ့် အနာဂတ်အတွက်က စိတ်အေးနေရပြီ။
ဒေါ်မင်းထက်သာလွန်ဟာ ၀န်ထမ်းတွေအပေါ် ထိုသို့ လိုအပ်တာမျိုးမရှိရလေအောင် စောင့်ရှောက်ပေးနိုင်တယ်ဆိုတော့ သူမရဲ့ လုပ်ငန်းစုထဲတွင် အလုပ်ဝင်ချင်နေတဲ့လူတွေမှ ဒုနဲ့ဒေး။
ဒါ့အပြင် လူအတော်များများရဲ့ စီပွားရေး၊ စားဝတ်နေရေးကို စောင့်ရှောက်ပေးထားနိုင်တဲ့ ဒေါ်မင်းထက်သာလွန်ဟာ ထိုဝန်ထမ်းတွေအဖို့တော့ နတ်ဘုရားတပါးလို ကိုးကွယ်ရာဖြစ်နေလေတယ်။
ဝန်ထမ်းတွေကို ဆုပေး၊ ဒဏ်ပေးစနစ်နဲ့ အုပ်ချုပ်ထားတာဆိုတော့ တော်ရုံဝန်ထမ်းဟာ ဒေါ်မင်းထက်သာလွန် စိတ်ခုစေမယ့်အလုပ်မျိုးဆို လုပ်ဝံ့လေ့မရှိ။
ဒေါ်မင်းထက်သာလွန် မနှစ်သက်တဲ့ တစ်ခုတည်းသော လူမှုရေးအားနည်းချက်ဟာ လိမ်လည်ခြင်းပါပဲ။
သူ့ဝန်ထမ်းတွေထဲမှာ သူဘယ်လောက်လဲ ထိုဝန်ထမ်းကိုအားကိုးမိနေပါစေ၊ ထိုဝန်ထမ်းဟာ လိမ်လည်တယ်ဆိုတာ သေချာရင်တော့ ဒေါ်မင်းထက်သာလွန်ဟာ နှစ်ခါပြန်စဉ်းစားလေ့မရှိ။
ချက်ချင်းကို အလုပ်ထုတ်ပစ်လိုက်လေ့ရှိတယ်။
ဒါ့ကြောင့် ဒေါ်မင်းထက်သာလွန်ရဲ့ လုပ်ငန်းစုထဲမှာဘယ်ဝန်ထမ်းမဆို လိမ်လည်မှုကို ဘယ်သူမှ မကျူးလွန်ရဲ။
ဘာလိုအပ်လဲ လိုအပ်တာကိုပြော၊ တတ်နိုင်သလောက် ဖြည့်ဆည်းပေးတာကို ရရှိနေတဲ့နောက်တော့ မည်သူတစ်ဦးတစ်ယောက်ကမှလည်း ဒေါ်မင်းထက်သာလွန်ကို အံတုပြီး မလိမ်လည်ဝံ့။
"ကျမ ဘယ်နှစ်ခါပြောရမလဲ ဦးစိုး။ ဦးစိုးဆိုတာ ဒယ်ဒီ့လက်ထပ်တည်းက အလုပ်လုပ်ခဲ့တဲ့ ၀န်ထမ်းဟောင်း။ ဒယ်ဒီပြီးလို့ ဒီလုပ်ငန်းတွေကို ကျမဦးစီးတော့လည်း ကိုယ့်လူရင်းမို့ ကျမ ယုံကြည်ရတဲ့လူကိုပဲ ပေးအပ်လို့ရမယ့် ရာထူးကို ဦးစိုးကိုပေးခဲ့တာ။ ကျမ ဦးစိုးကို အရမ်းယုံခဲ့တာ။ နောက်ပြီး ဦးစိုးတို့ မိသားစုကို ကျမ စောင့်ရှောက်ထားတာတွေက ဘာတွေများ လိုအပ်နေလို့လဲ... ဘာတွေများလိုအပ်နေလို့?"
ရုံးခန်းထဲမှာ အဲကွန်းတွေ မြိုင်ဆိုင်စွာဖွင့်ထားပေမယ့် ဒေါသကြောင့် မင်းထက်သာလွန်တွင် ချွေးတို့ စို့နင့်နေတယ်။
ဦးစိုးဟာ ပင်ကိုယ်က အလောင်းစားကို ၀ါသနာပါခဲ့သူဖြစ်တယ်ဆိုတော့ အလုပ်နားရပ် ဖဲဝိုင်းထိုင်ရင်း ဖဲကြွေးတွေ တနင့်တပိုးတင်သွားတယ်။
အဲဒီဖဲကြွေးကိုဆပ်ဖို့ ကြားပေါက်ရငွေ ဘယ်လိုရှာရမလဲဆိုတာ အကြံထုတ်မရတဲ့အဆုံး စတိုထဲက ကုန်ကြမ်းတွေကို ခိုးထုတ်ရောင်းစားဖို့လုပ်ရင်း ဦးစိုးလုပ်ရပ်ကို လူမိသွားခဲ့တာ။
ဦးစိုးကို မင်းထက်သာလွန်က ယုံကြည်လွန်းလို့ကို စတိုမန်နေဂျာရာထူးကိုပေးအပ်ခဲ့တာ။
ပင်ကိုယ်ပညာအခံဘာမှမရှိပဲ ဒီလိုရာထူးကို ခပ်လွယ်လွယ်ရခဲ့တဲ့အတွက် ဦးစိုး တန်ဖိုးထားရကောင်းမှန်း နားမလည်။
အခုမှ သူ့လုပ်ရပ်တွေမှားနေပါတယ်ဆိုပြီး မင်းထက်သာလွန်ကို ခြေသလုံးဖက်တောင်းပန်နေလို့လည်း ဘာမှထူးတော့မှာ မဟုတ်။
မင်းထက်သာလွန်အနာကျဉ်ဆုံးအလုပ်က သူ့ကို လိမ်လည်ခြင်းပဲဖြစ်တယ်။
"ကျွန်တော်တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်လည်း တကယ်ကိုခက်ခဲ နေလို့ပါ MD ရယ်၊ တကယ့်ကို ဘေးကျပ်နံကျပ်ဖြစ်နေမိလို့ အခုလို ကြံမိကြံရာ ကြံလိုက်မိတာပါ..."
"မတောင်းပန်ပါနဲ့တော့ဦးစိုးရယ်။ စာရိတ္တဖောက်ဖျက်တဲ့ ခင်ဗျားကို လစာမဲ့အလုပ်ဖြုတ်လို့ရတယ်။ ဒါပေမဲ့ ခင်ဗျားကို သုံးလစာပေးပြီး အလုပ် ဖြုတ်လိုက်မယ်ဆိုရင် ခင်ဗျားကျေနပ်နိုင်မလား? စာရိတ္တဖောက်ဖျက်သွားတဲ့ ခင်ဗျားကိုတော့ သံယောဇဉ် ဘယ်လောက်ပဲရှိနေပါစေ ကျမဘယ်လိုမှ အလုပ်ဆက် မခန့်ထားနိုင်တော့ဘူး"
သူမရဲ့ ပြတ်သားလှတဲ့ ဆုံးဖြတ်ချက်ဟာ နောက်တစ်ခါပြင်ဆင်လေ့မရှိဘူးဆိုတာကိုသိနေတဲ့ ဦးစိုးအဖို့တော့ ၀မ်းနည်းမိရုံမှအပ ဘာများတတ်နိုင်ဦးမှာလဲ။
အလုပ်ဆက်ခန့်ထားဖို့ ခြေသလုံးဖက်တောင်းပန်နေလို့လဲ ထူးတော့မှာမဟုတ်ဘူးဆိုတာ ဦးစိုးသိနေပြီလေ။
ဘာပဲဖြစ်ဖြစ် ခြေလွတ်လက်လွတ် အလုပ်ဖြုတ်ပစ်လို့ရရဲ့သားနဲ့ ၃ လစာပေးတယ်ဆိုတာကိုပဲ ကျေးဇူးတင်ရဦးမယ်။
"ကျေနပ်တာပေါ့ MDရယ်။ ကျွန်တော်ကမှားလည်းမှားသေးတယ်။ ဆရာက လစာပါထပ်ပေးမယ်ဆိုတော့...ကျွန်တော် မကျေနပ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ နောက်ပြီး ကျတော် လေးလေးနက်နက်ပြောချင်တဲ့စကားက တောင်းပန်ပါတယ်ဆိုတဲ့စကားပါပဲ။ MD ဟာ လိမ်လည်တာကိုမုန်းတယ်၊ နောက်ကျောဓါးနဲ့ထိုးတဲ့လုပ်ရပ်မျိုးကို မုန်းတယ်ဆိုတာ ကျတော်သိနေရဲ့သားနဲ့ အခုလို MD အပေါ် သစ္စာဖောက်မိတယ်ဆိုတာကလည်း မလွှဲသာလွန်းလို့ပါ။ ဒါပေမဲ့ ထားပါ။ ကျတော် လွန်တာက လွန်တာပါပဲ။ ဒီတော့ ကျတော် တောင်းပန်ပါတယ် MD..."
ဦးစိုးပြောရင်း အသံများတိမ်ဝင်သွားလေပြီ။
ခါတိုင်းဆိုလျှင် ဒေါ်မင်းထက်သာလွန်သည် ဦးစိုးကို သနားမိနိုင်သေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဦးစိုးဆိုတာ မင်းထက်သာလွန် ငယ်စဉ်တည်းက ဒယ်ဒီ့ဆီမှာ ၀န်ထမ်းလုပ်ခဲ့တာ။
မင်းထက်သာလွန်ကို ကျောင်းပို့ကျောင်းကြိုကားကို ဦးစိုးပဲ မောင်းနှင်ပေးခဲ့တာ။
သံယောဇဉ်က ခိုင်နေပြီ။ ဒါပေမယ့် ယုံကြည်လွန်းသူက နောက်ကျောကို ထိုးတဲ့ဓါးချက်ဟာ ပိုပြီး နာကျဉ်ရတယ်ဆိုတဲ့အတိုင်း ဦးစိုးလုပ်ရပ်အတွက်၊ ဦးစိုးပြစ်မှုအတွက် မင်းထက်သာလွန် သနားမိတော့မှာမဟုတ်တော့။
"ကဲ... အဲဒါဆိုရင် ခင်ဗျားလစာကို Chief Account ဆီကနေထုတ်ယူသွားတော့။ ဒါပေမဲ့ နောက်နောင် ခင်ဗျား ဘယ်လောက်ပဲခက်ခဲပါစေ အဲလိုအလုပ်မျိုးကိုထပ်မလုပ်မိစေနဲ့။ လိမ်တာတို့ ခိုးတာတို့ ဆိုတာ လူ့အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ကိစ္စပဲရှင့်..."
"ကျေးဇူးတင်ပါတယ် MDရယ်... ကျေးဇူးတင်ပါတယ်..."
ကျေးဇူးတင်စကားအထပ်ထပ်ပြောသွားတဲ့ ဦးစိုးရဲ့ကျောဖက်ကို ကြည့်ရင်း စိတ်မောစွာဖြင့် သက်ပြင်းရှည်တစ်ခုကို ချမိတယ်။
ငယ်စဉ်တည်းက ပြည့်စုံတဲ့အသိုင်းအဝိုင်းမှာ မွေးဖွားခဲ့ရပြီး အရွယ်ရောက်တဲ့အထိ အပူအပင်ကင်းကင်းနဲ့ ကြီးပြင်းခဲ့ရတယ်။
အဲဒါကြောင့် လောကမှာ ရှိတဲ့ သက်ရှိလူသားတွေအတွက် အရေးအကြီးဆုံးသောလိုအပ်ချက်က စာရိတ္တကောင်းမွန်ခြင်းပဲ ဖြစ်ရမယ်လို့ မင်းထက်သာလွန် ငယ်စဉ်တည်းက ခံယူထားပြီး လိမ်လည်ခြင်း၊ သစ္စာဖောက်ခြင်းကို လွန်စွာရွံမုန်းတတ်တယ်။
စာရိတ္တဖောက်ဖျက်သောလူနှင့်လည်း တစ်ခါဖူးမှ အပေါင်းအသင်းမလုပ်ချေ။
သူ့အသက်နှစ်ဆယ့်ငါးနှစ်တွင် သူ့မိဘနှစ်ပါးလုံး နိုင်ငံခြားတွင် အခြေချနေထိုင်ရန် ထွက်ခွာသွားခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ သူ့မိခင်က နိုင်ငံခြားတွင် ဆုံးပါးသွားခဲ့ရတယ်။
အသက်ရွယ်ရင့်ကျက်လာတဲ့အမျှ တော်ရုံလူကိုလည်း ယုံကြည်ဖို့ အားအင်လျော့နည်းလာခဲ့ရပေပြီ။
သူငယ်ချင်းအရင်းကြီးတွေကတောင် ငွေအတွက်ဆို သူမ ကျောကို ဓါးနဲ့ထိုးလေ့ရှိတာကို ခံခဲ့ရတဲ့နောက်ပိုင်း မင်းထက်သာလွန်ဟာ တော်ရုံလူကို မယုံကြည်ရဲတော့။
ဝန်ထမ်းလူယုံတစ်ယောက်ခန့်အပ်ဖို့ကိုတောင် ဒီလောက် ချီတုံချတုံဖြစ်လေ့ရှိတဲ့ ဒေါ်မင်းထက်သာလွန်အဖို့ သူမဘဝရဲ့ လက်တွဲဖော်ကိုရှာဖွေတွေ့ရှိဖို့ဆိုတာ တော်တော်လေးကို ခဲယဉ်းလှတယ်လေ။
ပိုင်ဆိုင်မှုငွေကြေးဂုဏ်ဒြပ်တွေများလေလေ ထိုလူအတွက် ဘဝလက်တွဲဖော်စစ်ရှာတွေ့ဖို့ ခဲယဉ်းလေလေဆိုတဲ့စိတ်နဲ့ မင်းထက်သာလွန်လည်း အချစ်ရေးကို လှည့်မကြည့်အားခဲ့။
ဒါ့အပြင် တည်ထောင်ထားတဲ့ လုပ်ငန်းတွေဟာလည်း အမျိုးအမည်စုံလင်စွာ များပြားလွန်းသောကြောင့် မင်းထက်သာလွန်အဖို့ ပျင်းရိဖို့ အချိန်ပင်မရှိ။
ရည်းစားမရှိ၊ ချစ်သူမရှိပေမယ့် သူမမှာ တစ်ယောက်တည်း အထီးကျန်ဖို့အတွက် အချိန်ကိုတောင် မနည်းပြန်လုနေရသလိုဖြစ်နေလေတယ်။
-------------------------------------------------
ဆက်ရန်
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။