(Zawgyi code)
လီလီက ကတိတည်ပါတယ်။ မနက် 9 နာရီလောက်ဆို သူမကို လာပို့ပေးသွားတယ်။
တစ်ခါတစ်လေ မိုး Breakfast စားနေတာနဲ့ကြုံတဲ့အခါ လာဝင်စားသွားပါဦးလို့ခေါ်ရင် လာစားတယ်။
နေ့လည် 12 နာရီဆို လီလီပြန်ရောက်လာတတ်တယ်။
နေ့လည်စာကို မိုးအိမ်မှာ သူမနဲ့အတူတူလာစားတယ်ဆိုပေမယ့် အစားသောက်တွေက မိုးအိမ်က အစားသောက်တွေတော့မဟုတ်။
လီလီကိုယ်တိုင် သူမဘာများစားချင်လဲဆိုပြီး ဖုန်းဆက်မေးပြီး ၀င်ဝယ်လာပေးတာမျိုး။
စားသောက်ပြီးတာနဲ့ လီလီကပြန်တယ်။
သူမက မိုးဆီလာပြီးနေနေတာဆိုတော့ ရုံးကိစ္စတစ်ချို့ကိုလည်း လီလီက ၀ိုင်းကူလုပ်ပေးသေးတယ်။
ညနေ 5 နာရီဆို ပြန်လာခေါ်ပေမယ့် 3နာရီလောက်မှာ ဖုန်းဆက်ပြီး ဘာများစားချင်လဲလို့ လှမ်းမေးသေးတာ။
သူမက ဘာမှမစားချင်ဘူးဆိုတာတောင် အနည်းဆုံး ကော်ဖီဖြစ်ဖြစ် Food Panda နဲ့ ပို့ပေးသေးတာ။
နောက်ပြီး လီလီက သူမဆီလာတိုင်း လက်ဗလာနဲ့ လာလေ့မရှိဘူး။
သူမကြိုက်နှစ်သက်တဲ့ ပန်းတစ်မျိုးမျိုးကိုဝယ်လာပြီး ပေးတာ။
ပန်းက အစည်းလိုက်မဟုတ်ရင်တောင် အနည်းဆုံး ပန်းပွင့်လေးတစ်ပွင့်လောက်ဖြစ်ဖြစ်ပေါ့။
မိုးအမြင်ဆို လီလီဟာတော်တော်လေးကို တာဝန်ကျေတဲ့ချစ်သူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။
မိုးနဲ့ သူမချစ်သူတွေဖြစ်နေကြတုန်းကဆို များသောအားဖြင် သူမကသာ မိုးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတတ်တယ်။
မိုးက ပြန်ပြီး ဂရုစိုက်ပေးရတာမျိုးက နည်းတယ်။
အခုတော့ လီလီ့ကိုကြည့်ပြီး မိုး နောင်တရမိတာအမှန်ပဲ။
"MD"
"ရှင်... ဆေးသောက်ပြီးပြီလား?"
"သောက်ပြီးပါပြီ။ ဟို စကားလေး နည်းနည်းလောက်ပြောချင်လို့"
"ပြောလေ။ ဘာပြောချင်တာလဲ?"
"MD... ကျမလေ အရမ်းတွေ တာဝန်တွေပျက်ကွက်ခဲ့တာနော်"
အိမ်နံရံကို မှန်အကြီးကြီးနဲ့ အကာလုပ်ထားတာ။ ဒီတော့ ခြံထဲမှာ မိုးတွေသည်းနေသမျှကို ဒီမှန်ချပ်ပြီး အတွင်းဖက်ကနေ ထိုင်ပြီးကြည့်နေလို့ရတယ်။
မနက်က သူမရောက်လာပြီးမကြာဘူး ဧည့်ခန်းခုံမှာပဲ ခွေနေတဲ့ မိုးကို အားမလိုအားမရနဲ့ မှန်ချပ်ကြီးမှာ ကာထားတဲ့ ကန့်လန့်ကာကိုဖယ်ချပစ်လိုက်တယ်။
မနက်ခင်းတုန်းက နေလေးတစ်ဖြတ်ပူလိုက်တယ်ဆိုတော့ ကန့်လန့်ကာလည်းဖယ်လိုက်ရော ဧည့်ခန်းထဲ အလင်းက ရှိန်းခနဲ ကျရောက်လာတာလေ။
အခု နေ့လည်နေ့ခင်းဆို မိုးက သည်းပြီ။ အထူးသဖြင့် ကျောင်းဆင်းချိန်၊ ရုံးဆင်းချိန်။
မိုးစက်တွေက မှန်သားပြင်ပေါ် ရေကို ပုန်းနဲ့ခပ်လောင်းနေသလိုပဲ။
ရေတွေတလိတ်လိတ်ကျဆင်းနေတဲ့ မှန်သားပြင်ကနေတဆင့် ညိုမဲနေတဲ့ကောင်းကိုငေးကြည့်ရတာ အရာရာနောက်ကျနေပြီလို့ ခံစားရသလိုပဲ။
မှန်နဲ့အနီးဆုံးမှာ ထိုင်ခုံတစ်လုံးချရင်း အပြင်ကိုငေးမောနေမိပေမယ့် မိုးရဲ့အာရုံမှာ နောင်တတွေကို ကြိုးနဲ့သီနေမိတယ်။
တန်ဖိုးထားသင့်တဲ့အရာကို တန်ဖိုးမထားခဲ့မိလို့...
ပွင့်လင်းစွာဖွင့်ပြောပြီး အကူညီတောင်းလို့ရတာကို မရှိမာနတွေထားခဲ့မိလို့...
"မင်းတာဝန်ပျက်ကွက်တယ်လို့ တို့မယူဆပါဘူး မိုးနှင်းဝေ..."
"လီလီ့ကိုကြည့်။ မနက်ဆိုလည်း ဖုန်းတဂျီဂျီဆက်ပြီး ဘာလေးစားမလဲ၊ ဘာလေးလိုချင်လဲဆိုပြီးမေးတယ်။ နေ့လည်ဆိုလည်း ဒီတိုင်းပဲ၊ ညနေဆိုလည်း ဒီတိုင်းပဲ။ မသိရင် MD ကိစ္စလွဲပြီး သူ့မှာ တခြားအလုပ်မရှိသလိုပဲ။ ကျမတုန်းက အဲ့လိုတွေမှ မရှိခဲ့တာ"
"ဘယ်လိုပဲရှိခဲ့ရှိခဲ့ တို့တွေဝေးခဲ့ကြရတာဟာ မင်းဆီက အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်မှုတွေ မရခဲ့လို့မှမဟုတ်တာ"
သူမရဲ့စကားတစ်ခွန်းကြောင့် မိုးဘာဆက်ပြောရမှန်းမသိအောင် စကားလုံးတို့ ဆွံ့အသွားတယ်။
သေချာပါပြီ။ သူမဟာ အခုထိ မိုးထားခဲ့တဲ့အတွက် မကျေနပ်သေးတာ။
"တီ... တီ... တီ..."
အိမ်ရှေ့က လူခေါ်ဘဲလ်မြည်လာတယ်။
ဖြစ်ချင်တော့ အိမ်အကူကောင်မလေးက ဒီနေ့ခွင့်ယူတယ်။
နာ့စ်ကလည်း မိုးသည်းလို့နဲ့တူပါတယ်။ အခုထိမရောက်သေးဘူး။
အိမ်ထဲမှာ သူမနဲ့ မိုးနှစ်ယောက်တည်းပဲရှိတယ်။ မနက်တည်းက မိုးဟာ မတ်တပ်ရပ်လိုက်တာနဲ့ ခေါင်းက မိုက်ခနဲ မူးမူးနေလို့ သူမအရမ်းဂရုစိုက်ပေးနေရတယ်။
အခု အိမ်ရှေ့က လူခေါ်ခေါင်းလောင်းသံ။ မိုး ဆတ်ခနဲ နံရံပေါ်က နာရီကိုလှမ်းကြည့်လိုက်တော့ ညနေ 5 နာရီထိုးနေပြီ။
ဒါဆိုသေချာပါပြီ။ သူမကို လီလီပြန်လာခေါ်တာ။
"တို့သွားဖွင့်လိုက်မယ်"
"MDလို့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်က ကျမဆီမှာ အဲ့လိုတွေ လိုက်လုပ်ပေးနေတာကို ကျမ အားနာတယ်။ မလိုလားဘူး။ အဲဒါကြောင့် ကျမပဲ တံခါးသွားဖွင့်ပေးပါရစေ"
"မင်း မူးနေတယ်လေ။ ကဲပါ အားနာမနေပါနဲ့"
သူမပြောပြောဆိုဆိုနဲ့ မိုးကို ထားခဲ့ကာ အိမ်ပေါက်ဝဆီသို့သွားတယ်။
အရင်ဆုံး CCTV ကင်မရာမှာပေါ်နေတဲ့ တံခါးခေါက်တဲ့လူကို ကြည့်တယ်။
"မိုးနှင်းဝေ..."
"ရှင်..."
"အိမ်ပေါက်ဝမှာ အမျိုးသားတစ်ယောက်...တို့မေးကြည့်လိုက်မယ်နော်"
"ကျမလာခဲ့မယ်လေ..."
"နေ... နေ.... မင်းမူးနေတယ်။ တို့ကြည့်လုပ်လိုက်မယ်"
သူမပြောပြောဆိုဆိုနဲ့ သေချာပြန်ကြည့်လိုက်တော့ အိမ်ပေါက်ဝမှ အမျိုးသားကို သူမ မှတ်မိနေတယ်။
ဟိုတလောက မိုးအနောက်ကိုလိုက်သွားရင်းနဲ့ ရေဝေးသုသာန်မှာ သူမနဲ့ဆုံခဲ့တဲ့အမျိုးသား။
ဒီလူက ဒီကိုဘာလာလုပ်တာပါလိမ့်။
"ဘာကိစ္စရှိလို့လဲ?"
သိချင်စိတ်နဲ့ တံခါးဖွင့်ပြီးမေးလိုက်တော့ ထိုလူက စာရွက်စာတမ်းတစ်ချို့ထုတ်ပြတယ်။
"ဟို မိုးနှင်းဝေ ခိုင်းထားတဲ့ကိစ္စလေး လာပြောပြတာပါ။ သူက သူ့အုတ်ဂူမှာ နာမည်ရေးထိုးမယ့်ကိစ္စ... အဲဒါလေး..."
ဒီလိုအချိန်မှာ ဒီလိုကိစ္စမျိုးတွေကို တတ်နိုင်သလောက် သူမ မကြားချင်ဘူး။
မိုးတစ်ခုခုဖြစ်သွားမှာကို အခုထက်ထိ စိုးရိမ်မိနေသေးတာ။ အဲဒါချစ်လို့လားဆိုပြီးမေးမယ်ဆိုလည်း သူမ မဖြေနိုင်ဘူး။
"သူက သူမသေခင်အဲ့ဒါတွေကို..."
"ဦးရွှေအောင်... ကိစ္စတွေအားလုံးအဆင်ပြေရဲ့လား?"
သူမက မေးချင်တာတွေမေးဖို့လုပ်နေစဉ် သူမအနောက်နေ မိုးရောက်လာပြီး ထိုလူ့လက်ထဲက စာရွက်စာတမ်းတွေကို ယူစစ်ဆေးတယ်။
"ဟို အဆင်ပြေရဲ့လားခင်ဗျ"
"အဆင်ပြေပါတယ်။ ကျေးဇူးပါနော်။ ကျမ ငွေအကုန်ရှင်းပြီးပြီနော်"
"ဟုတ်ပါတယ်။ အဲဒီမှာ ပြေစာလည်း ပါပါတယ်"
"တော်ပါသေးရဲ့ အချိန်မီလေး ပြီးသွားလို့... အဲဒါဆို ကျေးဇူးပါနော်"
"ဟုတ်ကဲ့ ကျတော့်ကို ခွင့်ပြုပါဦးဗျ"
"ဟုတ်ကဲ့..."
ထိုလူပြန်သွားပြီ။
မိုးက တံခါးပိတ်ပေးပြီး ဟိုလူပေးခဲ့တဲ့စာရွက်ဖြတ်ပိုင်းတွေကို စစ်ဆေးရင်း ဧည့်ခန်းထဲဆီလှည့်လို့ဝင်သွားပေပြီ။
သူမသာ ထိုနားမှ မတ်မတ်လေးရပ်ကျန်ခဲ့တာ။
ရင်ဘတ်ထဲ လေးလံလာတယ်။ မိုးနဲ့ ဒီထက်ပိုပြီး အချိန်လေးလိုချင်တာ။
ငွေပြေစာဖြတ်ပိုင်းတွေကို စစ်ဆေးရင်း ဖြတ်ပိုင်းလေးတစ်ခု ကျကျန်ခဲ့တာ မိုးသတိမထားမိဘူး။
သူမ အဲဒီပြေစာလေးကို ကောက်ယူကြည့်လိုက်တော့ မိုးက အုတ်ဂူပေါ်မှာ ရေးထွင်းမယ့် နာမည်က "ပန်းနှင်းဆီ"တဲ့။
------------------------------------------------
"မင်းနာမည်ကအရင်းက မိုးနှင်းဝေနော်"
ဧည့်ခန်းထဲဝင်လာပြီး မိုးကိုမေးတော့ မိုးဟာ သူ ဘာအမှားမှမလုပ်ထားတဲ့ မျက်ဝန်းမျိုးနဲ့ သူမကို လှည့်ကြည့်လာတယ်။
"မှတ်ပုံတင်စစ်မလားဟင်... ဒါမှမဟုတ် ပတ်စပို့..."
"မလိုဘူး မိုးနှင်းဝေ။ တို့မေးတာကိုသာ မင်းဖြေ။ မင်းနှုတ်က ဖြေတာကိုတို့ကြားချင်တယ်"
"ဟုတ်ပါတယ်။ ကျမနာမည်အရင်းက မိုးနှင်းဝေပါ"
"ဒါဆို မင်းရဲ့ကမ္မည်းတိုင်မှာ ရေးမယ့်နာမည်က ဘာလို့ ပန်းနှင်းဆီဖြစ်နေရတာလဲ?"
"မိုးနှင်းဝေရော... ပန်းနှင်းဆီရော... တကယ်တော့ ကျမအတွက်က ဘယ်နာမည်မှ အရေးမကြီးပါဘူး MD။ ဒါပေမဲ့ ပန်းနှင်းဆီဆိုတဲ့ နာမည်နဲ့ လူဖြစ်ရတဲ့ကာလမှာက MDနဲ့ ဆုံခဲ့တာလေ။ MD နှုတ်ကနေ နှင်းဆီလို့ တခါခေါ်လိုက်တိုင်း၊ ပန်းနှင်းဆီလို့ တခါရေရွတ်တိုင်း ကျမဘ၀မှာ လူဖြစ်ရကျိုးနပ်သလိုကို ခံစားခဲ့ရတာလေ။ ကျမဘ၀ရဲ့တစ်သက်တစ်လျှောက်မှာ ပန်းနှင်းဆီဖြစ်ခဲ့ရတဲ့ကာလဟာ တန်ဖိုးအကြီးဆုံးပဲလေ။ အဲဒါကြောင့် ကျမနာမည်ကို ပန်းနှင်းဆီအဖြစ်ထိုးဖို့... ဟင်... MD???"
သူမစကားတွေကို မိုးစက်တွေလိမ့်လိမ့်ပြီးကျနေတဲ့ မှန်သားပြင်ကိုငေးကြည့်ရင်းပြောနေရာကနေ တရှုံ့ရှုံ့အသံကြောင့် လှည့်လိုက်မိတာ။ သူမ ငိုနေလေတယ်။
"ဟာ... မငိုပါနဲ့ MDရယ်။ လာလာ ကျမ မျက်ရည်သုတ်ပေးမယ်..."
"တော်ပါကွာ။ မလိုပါဘူး..."
"လိုတာပေါ့။ ကိုယ့်သိပ်ချစ်တဲ့အမျိုးသမီး မျက်ရည်ကျတာကို ဘယ်သူက ကြည့်နေနိုင်မှာလဲ"
သူမရဲ့ မျက်ရည်စတွေကို မိုး မြတ်မြတ်နိုးနိုးနဲ့သုတ်ပေးမိတယ်။
"မငိုနဲ့တော့နော်။ MDက လိမ္မာပါတယ်။ မငိုနဲ့တော့"
"တို့... မင်းကို..."
"ဟုတ်ကဲ့ ပြောပါ MD..."
စကားကို တွန့်ဆုတ်ဆုတ်လုပ်နေသေးလို့ မိုးက သူမဆက်ပြောနိုင်အောင်ထောက်ပေးလိုက်ရသေးတယ်။
"တို့ မင်းကို မသွားစေ့ချင်သေးဘူး..."
"မသွားဘူးလေ။ ဒီမှာကြည့်။ ကျမ MDရှေ့မှာ ရပ်နေတာလေ။ မယုံဘူးလား။ စမ်းကြည့်လာ... လာ..."
မိုးပြောပြောဆိုဆိုနဲ့ သူမရဲ့လက်လေးတစ်ဖက်ကိုယူကာ ပါးနဲ့အပ်ပေးထားမိတယ်။
သူမ မက်မက်မောမောလေး မိုးကို စိုက်ကြည့်လာတယ်။
မိုးစက်တွေက ဖန်သားပြင်ကြီးပေါ်လာစင်နေတဲ့ တတောက်တောက်အသံ၊ မိုးတွေရွာကျနေသံ၊ မြောင်းထဲသို့ စီးဆင်းနေတဲ့ မိုးရေတွေရဲ့အသံ၊ ခေါင်မိုးပေါ်ကို ညီညီညာညာပြုတ်ကျနေတဲ့ မိုးစက်တွေရဲ့အသံကလွဲပြီး မိုးရဲ့အိမ်ထဲမှာ တခြားအသံတို့ တိတ်ဆိတ်နေတယ်။
အေးစိမ့်စိမ့်ရာသီငွေ့က မိုးနဲ့ သူမကို ပိုပြီး နီးကပ်အောင် ဆွဲဆောင်နေတယ်။
သူမဟာ မိုးရဲ့ပါးပြင်အထိတွေ့ကို အစတုန်းက ထိရုံထိနေတာ။ ပြီးတော့ လက်မလေးနဲ့ မိုးရဲ့ပါးအထိတွေကို စမ်းသပ်နေတယ်။
လက်မလေးတစ်ချက်ယိမ်းခါလှုတ်ရှားတိုင်း မိုးရဲ့ရင်ခုန်သံတွေ တဒိုင်းဒိုင်းခုန်မြန်လာတယ်။
လက်မလေးက ပါးပြင်လေးကို ပွတ်သတ်နေရင်းမှ နယ်ကျော်လာတယ်။
မိုးရဲ့ ခပ်ထူထူလေးဖြစ်နေတဲ့ အောက်နှုတ်ခမ်းကို မက်မက်မောမောထိလာတယ်။
မိုး ဒီအတိုင်းလေး သူမကို စိုက်ကြည့်နေမိတယ်။
ထိပါစေ... ထိနေပါစေ... ဒီအထိတွေ့တွေကို တောင့်တခဲ့ရတာ နှစ်တွေကြာလှပြီပဲ။
ဒီလိုမျိုး ကျူးကျော်တဲ့ အထိတွေ့မျိုး သူမဖက်က ဖန်တီးတယ်ဆိုတာ မရှိခဲ့ဖူးဘူး။
မိုးကသာ အရာရာစတင်ခဲ့တာ။
အခုတော့... မိုးရဲ့အောက်နှုတ်ခမ်းကို မက်မက်မောမောထိနေရင်း သူမ မျက်ရည်တွေစီးကျနေသေးတယ်။
"မငိုနဲ့ဆို MDရယ်..."
"ရှူး... ဘာမှမပြောနဲ့ နှင်းဆီရယ်..."
ငေးမောမောလေး ခေါ်လိုက်တဲ့ သူမရဲ့နှုတ်ဖျားကထွက်လာတဲ့ မိုးရဲ့နာမည်။
ထိန်းထားပါတယ်ဆိုတဲ့ စိတ်က ယိမ်းထွက်သွားလေပြီ။
အောက်နှုတ်ခမ်းကို လာကာ ပွတ်သတ်နေတဲ့ သူမရဲ့ အဲဒီလက်မထိပ်လေးကို မိုး ပြင်းရှစွာ စုတ်ယူလိုက်မိတယ်။
"ပြွတ်..."
"ဟားးး... နှင်းဆီ... အဲ့လိုတွေ... အဲ့လိုတွေ.... မလုပ်ပါနဲ့... ဟူးးး..."
လှိုက်ဖိုငင်စွာ မောဟိုက်သံလေးနဲ့ တားမြစ်နေတဲ့ သူမအသံဟာ မိုးကို ရှေ့ဆက်တိုးစေဖို့ လှုံ့ဆော်စိန်ခေါ်လိုက်သလိုပါပဲ။
------------------------------------------------
ဆက်ရန်.........
------------------------------------------------
(Uni code)
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Roman d'amourကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။