Episode 22 (Z+U)

1.7K 119 30
                                    

(Zawgyi code)

ရှည်လျားလှတဲ့ ဖုန်းသံအဆုံး နှင်းဆီ ဖုန်းကိုင်လိုက်တာကို သူမ မြင်နေရတယ်။

ဒါပေမဲ့ ဖုန်းပြောရင်းနဲ့ သူမ လှမ်းကြည့်ကို မြင်သွားတာနဲ့ သိသိသာသာ နှင်းဆီ ကျောပေးလိုက်တဲ့ အတွက် နှင်းဆီ ဘာတွေပြောနေလဲ? နှင်းဆီ ဘာတွေဖြစ်နေလဲဆိုတာ သူမ လုံးဝ မသိရ။

ဖုန်းပြောပြီးတာနဲ့ စိတ်မောသလိုကြီး ထိုင်ခုံတွင် ခြေပစ်လက်ပစ်ထိုင်လိုက်တာကိုလည်း တွေ့ရပြန်တယ်။

ခဏကြာတော့ အလုပ်လုပ်နေရင်း ရုတ်တရက်ကြားလိုက်ရတဲ့ လေချွန်သံ။

နှင်းဆီက စိတ်ကျဉ်းကျပ်မှု တစ်ခုခုရှိလာတိုင်း လေချွတ်တတ်တယ်ဆိုတာ သူမကို ၀န်ခံပြီးသား။

ဒါဆို အခု နှင်းဆီမှာ ဘာစိတ်ကျဉ်းကျပ်မှုတွေဖြစ်နေပြီလဲ။

သူမကိုများ ဖွင့်ပြောမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ နှင်းဆီရှိရာ ရုံးခန်းဆီသို့ သူမ လျှောက်ခဲ့လိုက်မိတယ်။

"နှင်းဆီ..."

အခန်းဝက အသံပေးလိုက်သဖြင့် နှင်းဆီ လေချွန်သံလေး ချက်ချင်းတိတ်သွားတယ်။

ပြီးတော့ သူမကို လှည့်ကြည့်လာတယ်။

ဘာမှတော့ မပြော။

သူမက အသံပေးလိုက်ရုံသက်သက်မဟုတ်ပါဘူး။

မင်းရဲ့ စိတ်ကျဉ်းကျပ်မှုကို တို့နဲ့ အတူမျှဝေမလားဆိုတဲ့ မေးခွန်းနဲ့အတူ နှင်းဆီကို ငေးကြည့်နေတာလေ။

ဒါပေမဲ့ နှင်းဆီဆီက ဘာစကားမှ ထွက်မလာပဲ "ဘာလာလုပ်တာလဲ" ဆိုတဲ့မျက်ဝန်းတွေနဲ့ ငေးစိုက်ကြည့်လာတယ်။


"ဘာမှမဟုတ်ပါဘူး။ သတိရလို့ လာကြည့်တာ... ကော်ဖီသောက်မလား။ ဖျော်ခဲ့ပေးမယ်"

"ဟင့်အင်း။ မသောက်ချင်ဘူး"

"ကောင်းပြီ။ ဒါဆို တို့ရုံးခန်းကိုပြန်တော့မယ်နော်"

အပြုံးနဲ့ နှုတ်ဆက်ကာ နှင်းဆီ ရုံးခန်းလေးကို ကျောခိုင်းလိုက်စဉ် နှင်းဆီဟာ သူမအနီးသို့ ခြေလှမ်းကျဲကြီးတွေနဲ့ ရောက်လာပြီး သူမလက်ဖ၀ါးတစ်ဖက်ကို လှမ်းကာ ဆွဲကိုင်လိုက်တယ်။

"ခဏနေပါဦး MD... ခဏနေပါဦး"

သူမ နားမလည်စွာ နှင်းဆီဖက် ပြန်လှည့်လိုက်စဉ် နှင်းဆီက သူမကို ရုံးခန်းထဲဆွဲခေါ်ပြီး တံခါးကို ပိတ်ပစ်လိုက်တယ်။

"နှင်းဆီလေ...တစ်ခါတလေမှာလေ... အိပ်မက်ကလန့်နိုးသလိုမျိုး ဒီလိုအခြေအနေလေးပျောက်သွားမှာ စိုးရိမ်မိတယ်..."

"အိပ်မက်က လန့်နိုးသမျိုး ဟုတ်လား?"

သူမ နားမလည်စွာမေးတော့ နှင်းဆီ လေးလေးပင်ပင်နဲ့ပဲ ခေါင်းဆတ်ပြတယ်။

လေချွန်နေတဲ့ ရည်ရွယ်ချက်ကို သူမ သိချင်နေတာ နှင်းဆီ သိပါတယ်။

ဒါပေမဲ့ နှင်းဆီက လုံးဝ ဖွင့်ပြောမှာမှ မဟုတ်တာ။

"မနက်ဖန် ခွင့် ၁-ရက်လောက် ပေးပါလား MD"

"ဘာလုပ်ဖို့လဲ...ဟင်?"

"မေမေ့ဆီကိုဆေးတွေပို့စရာရှိလို့လေ"

နှင်းဆီ အဖြေကို ချက်ချင်းပြန်ဖြေတာ မဟုတ်။ သူမကို အတန်ကြာငေးကြည့်ပြီးမှ လေးလေးပင်ပင်ဖြေတာမျိုး။

"တို့... လိုက်ပို့ပေးမယ်လေ။ ညနေ နှင်းဆီ တို့နဲ့အတူ အိမ်ကိုလိုက်မှာမို့လား။ မနက်ကျ နှင်းဆီပို့ချင်တဲ့ ဆေးတွေ တို့အတူ သွားပိုပြီးမှ ရုံးတက်ကြတာပေါ့"

"MDအားလို့လား?"

သူမလိုက်မယ်ပြောတော့ သိသိသာသာစိတ်ရှုတ်သွားတာ နှင်းဆီထိန်းမရ။

ဖြစ်ချင်တော့ သူမလည်း မနက်ဖန် မအားပြန်။

"အာ... ဟုတ်သားပဲ။ မနက်ဖန် အလုပ်ကိစ္စနဲ့ ချိန်းထားတာတစ်ခုရှိတယ်"

သူမနဖူးကို ဖွဖွထုရင်း ပြန်ဖြေလိုက်တော့ နှင်းဆီသက်ပြင်းတစ်ခုချတယ်။

"အင်းလေ အာ့မို့ မေးတာ။ နောက်ပြီး ခင်ဗျားလိုက်လို့လည်း အဆင်မပြေပြန်ဘူးလေ... လိုက်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အတူတူသွားလို့ရတယ်လေ... ဒါမဲ့..."

"အင်းလေ တို့မှမအားပဲ။ ခွင့်ပဲပေးရတော့မှာပေါ့။ တစ်ရက်တည်းနော်။ ပိုရင် ဒဏ်ရိုက်မယ်..."

"ဟုတ်ကဲ့"

"ဘယ်ကို ဆေးတွေသွားပို့ရမှာလဲ... ဘာဆေးတွေလဲ... တို့ဝယ်ပေးရမလားဟင်?"

"တွံတေးဖက်ကို... သွားရမှာ။ ဆေးက ၀ယ်ပြီးသားပါ။ မကြာပါဘူး။ Deli နဲ့ ပို့ချင်ပို့မယ်... သိပ်တော့ မသေချာဘူးလေ။ ဒါမဲ့ သွားဖြစ်ခဲ့ရင်ဆိုပြီး ခွင့်က ကြိုတောင်းထားတာ... စိတ်ချပါ။ တစ်ရက်တည်းပါပဲ"

"ညနေပိုင်းပြန်ရောက်မှာ မဟုတ်လား?
မနက်ဖန်ညနေပိုင်း အဆောင်ကိုလာခဲ့ချင်တယ်။ လာခဲ့ရမလားဟင်?"

"အင်းလေ။ MDလာမယ်ဆိုရင် စောင့်နေမှာပေါ့။ လာခဲ့လေ..."

သူမ ခေါင်းကိုဆတ်ခနဲ ညိတ်ပြလိုက်မိတယ်။

"ကဲ... လုပ်စရာရှိတာ ဆက်လုပ်လေ။ သွားတော့မယ်..."

သူမကို ရီရီဝေေ၀ငေးစိုက်ကြည့်နေတဲ့ နှင်းဆီ လက်ထဲမှ လက်ကို ရုန်းထွက်ပြီး အခန်းဝဖက်သို့ ပြန်လှည့်လိုက်တဲ့တခဏ နှင်းဆီ သူမကို အနောက်မှ သိုင်းဖက်လိုက်တယ်။

သိုင်းဖက်ရင်း တင်းတင်းကြပ်ကြပ်ကို ဖက်လာတာ။

ပြီးတော့ သူမရဲ့ လည်တိုင်ဆီကိုလည်း နှာခေါင်းနဲ့ တိုးဝှေ့ပြီး နမ်းသေးတယ်။

ဒီလိုအပြုအမူမျိုး နှင်းဆီ ဘယ်တုန်းကမျှ မလုပ်ဖူးပါ။

ခါတိုင်းဆို နှင်းဆီက သူမထက် Company တွင် ပိုပြီး အနေအထိုင် ပိရိခဲ့သည်ချည်းသာ။

အဲ့ဒါကြောင့် အခုလို ပြုမူလိုက်တဲ့အတွက် သူမ အံ့သြမဆုံးတော့။

"နှင်းဆီ... ဘာဖြစ်လို့လဲ? ဘာတွေခံစားနေရလို့လဲ ဟင်?"

"ခဏနေပါဦး MDရယ်။ နှင်းဆီကို ဘာမှမပြောပဲ ဒီအတိုင်းလေးပဲ ခဏနေပါဦးနော်။ ဒီအတိုင်းလေးပဲ... ခဏလေးပါ"

ငိုသံသဲ့သဲ့နဲ့ နှင်းဆီရဲ့တောင်းဆိုမှုအတွက် သူမဆက်ငြိမ်သက်နေလိုက်မိတယ်။

နှင်းဆီဟာ တကယ့်ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတာပါ။

"MD"

"ရှင်"

"MDကို နှင်းဆီ တကယ်ချစ်တာနော်။ အဲ့ဒါ MDသိလား?"

နှင်းဆီအသံများသည် ငိုသံသဲ့သဲ့အပြင် ရှိုက်သံများပင် ရောယှက်လာပြီလေ။

"သိတာပေါ့ နှင်းဆီရယ်။ သိတာပေါ့..."

"ဒါဆို...နှင်းဆီ MDကို တကယ်ချစ်တယ်ဆိုတာကို MDယုံလား?"

"နှင်းဆီကိုရော။ နှင်းဆီရဲ့အချစ်ကိုပါ တို့ယုံတယ်"

"မဟုတ်ဘူး... မဟုတ်ဘူး...နှင်းဆီကိုမယုံရင်နေပါ MDရယ်။ နှင်းဆီရဲ့အချစ်ကိုတော့ ယုံပါနော်"

နှင်းဆီဘာကိုဆိုလိုချင်နေသည်ကို သူမ နားမလည်ပေမယ့် နှင်းဆီ စိတ်ကျေနပ်သွားစေရန် ခေါင်းကို အခါခါညိတ့်ရင်း ပြန်ဖြေပေးလိုက်မိတယ်။

သူမခေါင်းညိတ်လိုက်တာမြင်တော့ နှင်းဆီရဲ့ မျက်ရည်ပူများ သူမ ပုခုံးဆီသို့ လိမ့်ဆင်းလာတယ်လေ။

နှင်းဆီ ရှိုက်သံတွေကို ထိန်းထားတဲ့ကြားက ရှိုက်သံတစ်ချို့ကို သူမကြားမိအောင် ကြားရသေးတာ။

Company ထဲမှာ နှင်းဆီ ထိုသို့ပြုမူတာမျိုး မလုပ်အပ်ဘူးဆိုတာ သိရဲ့သားနဲ့ နှင်းဆီဆီက ရုန်းမထွက်ရက်ဘူးဆိုတော့ သူမနဲ့ နှင်းဆီ ရုံးခန်းလေးထဲမှာ အဲ့လိုဖက်ထားရင်း စက္ကန့်တော်တော်များများကို ကုန်ဆုံးသွားရတယ်။

"မင်းထက်သာလွန်"

ဖက်ထားရင်း လေးလေးနက်နက်ခေါ်လိုက်တဲ့ နှင်းဆီရဲ့ ခေါ်သံက အရမ်းထူးဆန်းလှတယ်။

"မင်းထက်သာလွန်လို့ အရင်တည်းက ခေါ်ချင်တာလေ။ MDလို့ နာမ်စားသုံးရတာ ကျွန်မတို့ကြားမှာ ဝေးကွာနေတယ်လို့ ထင်နေမိတယ် သိလား?"

"နှင်းဆီခေါ်ချင်ရင် ခေါ်လေ။ ဒါပေမဲ့ အလုပ်ခွင်ထဲမှာတော့..."

"ဟင့်အင်း။ အခုတစ်ခါပဲ နှင်းဆီခေါ်မှာပါ မင်းထက်သာလွန်ရယ်။ ခင်ဗျားကို အခုတစ်ခါပဲ ခေါ်မှာပါ... အခုတစ်ခါပါပဲ"

သူမစကားကို နှင်းဆီ ဖြတ်ပြောရင်း တောင်းဆိုလိုက်သဖြင့် သူမ သက်ပြင်းမောလေးတစ်ချက်ချလိုက်မိတယ်။

"ခေါ်ပါ။ နှင်းဆီ စိတ်ကြိုက်ပဲခေါ်ပါ"

နှင်းဆီ အတန်ကြာဖက်ထားပြီးမှ သူမကို လွှတ်ပေးလိုက်တယ်။

"ဒီညနေ နှင်းဆီဝင်စရာလေးရှိလို့ အတူတူ မပြန်ဖြစ်တော့ဘူးသိလား? အိမ်ကိုလည်း လိုက်မအိပ်ဖြစ်တော့ဘူး သိလား? ကိစ္စလေးတွေ ရှိသေးလို့ပါ... နော်"

"အင်းပါ... နှင်းဆီသဘောလေ...နော်"

သူမ နှင်းဆီနဲ့မျက်နှာချင်းဆိုင်ပြန်ရပ်ပြီး နှင်းဆီနဖူးလေးကို ခြေဖျားထောက်ကာ လှမ်းနမ်းလိုက်မိတယ်။

ဒီတော့ နှင်းဆီက ပြုံးရင်း သူမကို စိုက်ကြည့်နေသေးတာ။

အားရအောင်စိုက်ကြည့်ပြီးတာနဲ့ ချာခနဲ သူမအရှေ့က လှည့်ထွက်ကာ ထိုင်ခုံတွင်ပြန်ဝင်ထိုင်ပြီး အလုပ်တွေကို ပုံမှန်လိုပဲ ပြန်လုပ်နေတယ်လေ။

နှင်းဆီမှာ စိတ်ခံစားချက် တစ်ခုခုရှိနေမယ်ဆိုတာ သိနေပေမဲ့ မမေးရက်တော့ပဲ သူမလည်း ရုံးခန်းဆီသို့ ပြန်လာခဲ့လိုက်မိတယ်။

သူမ နှင်းဆီရဲ့ ရုံးခန်းထဲက ထွက်လိုက်တာနဲ့ ပြန်ကြားရတာ နှင်းဆီရဲ့ လေချွန်သံပါပဲ။


--------------------------------------------------

အရင်က အဲ့လိုချိန်းဆိုကာ အလုပ်အကြောင်းဆွေးနွေးဖို့ဆိုရင် သူမ Company မှာပဲ တွေ့နေကျဖြစ်ပေမဲ့ ဒီတစ်ခါတော့ အပြောင်းအလဲလေးဖြစ်သွားအောင် သူမနဲ့တွေ့မယ့် ဦးကျော်မျိုးနဲ့ ဆိုင်တစ်ဆိုင်တွင် ချိန်းလိုက်မိတယ်။

ဦးကျော်မျိုးနဲ့ တွေ့ဖို့ Company က ထွက်တော့ နှင်းဆီဆီ ဖုန်းဆက်ပြီးပြောသေးတယ်။

အဲဒီတော့ နှင်းဆီက တွံတေးကို သွားနေပြီဆိုတဲ့အကြောင်း လှမ်းပြောတယ်။

ဒါနဲ့ပဲ သူမလည်း ဦးကျော်မျိုးနဲ့တွေ့ဖို့ ထွက်ခဲ့လိုက်တာ။

သူမတို့ နေ့လည်စာစားပြီး ကော်ဖီသောက်ရင်း အလုပ်အကြောင်းဆွေးနွေးနေတုန်း သူမ မယုံကြည်နိုင်လောက်တဲ့ မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်။

အဲ့ဒါကတော့ တွံတေးကိုသွားနေပြီလို့ပြောထားတဲ့ နှင်းဆီက သူမတို့ထိုင်နေတဲ့ဆိုင်ရဲ့ အရှေ့တည့်တည့်မှာရှိနေတဲ့ ဘဏ်ထဲမှ ထွက်လာကာ Taxi တစ်စီးကိုငှားစီးပြီး ထွက်သွားတဲ့ မြင်ကွင်းပဲပါပဲ။

ပထမ နှင်းဆီကိုမြင်မြင်ချင်းတုန်းက ထိုမြင်ကွင်းကို သူမ မယုံ။ သူမ အမြင်မှားတာလားပေါ့။

ဒါပေမဲ့ ဒီလိုပြတ်သားတဲ့ မြင်ကွင်းမျိုးက အမြင်မှားတာ မဖြစ်နိုင်။

နောက်ပြီး အလောတစ်ကြီး ဘဏ်ထဲကထွက်လာတဲ့ ပန်းနှင်းဆီရဲ့ ပုံက အရမ်းကို အလျင်လိုနေသေးတာ။

သူမ အလုပ်အကြောင်းတွေဆွေးနွေးနေရတာကိုလည်း စိတ်မ၀င်စားနိုင်တော့။

သူမလုပ်ရပ်က ရိုင်းသွားမယ်မှန်း သိလိုက်ပေမဲ့ ထိုင်နေရာတွင် ဆက်မထိုင်နိုင်တော့လို့ ခဏနော်လို့ ခွင့်တောင်းပြီး အလျှင်မြန်ဆုံးခြေလှမ်းတွေနဲ့ သူမ ကားပါကင်ရှိရာသို့ ပြေးသွားလိုက်မိတယ်။

"ဦးခန့်အောင်... ဦးခန့်အောင်..."

"MD... MD... ဘာဖြစ်လာလို့လဲ ဟင်?"

အလောတကြီးကားပေါ်တက်ထိုင်တဲ့ သူမကိုကြည့်ပြီး ကားပေါ်မှာစောင့်နေတဲ့ ဦးခန့်အောင်က နားမလည်နိုင်တော့။

ဦးခန့်အောင်မေးတဲ့ မေးခွန်းကိုလည်း သူမ မဖြေနိုင်တော့။

"ဦးခန့်အောင်... သွား ခပ်သွက်သွက်လေး ကားကိုမောင်းတော့..."

"ဘာဖြစ်လို့လဲဟင်?"

"နောက်မှ မေးပါ... အခုကားကိုမောင်းပါတော့..."

"ဘယ်သွားမလို့လဲဟင်?"

"ဦးခန့်အောင် ကားကိုသွက်သွက်မောင်းထွက်မှ ကျမ ဘယ်သွားမယ်ဆိုတာပြောလို့ရမှာလေ... မောင်းပါတော့"

"MD... ဘာအတွက်လဲ ဟင်?"

ကားကိုချက်ချင်းမောင်းမထွက်သေးပဲ သူမကို ပြန်မေးနေတဲ့ ဦးခန့်အောင်ကို သူမ ဒေါမောကြီးစွာ စားဝါးတော့မတတ်စိုက်ကြည့်မိသွားတယ်။

"ဘာအတွက်ကမှာလဲ... ကျမ နှင်းဆီအနောက်လိုက်ဖို့လေ။ နှင်းဆီ ဘယ်ကိုသွားမယ်ဆိုတာ သိဖို့လေ"

"MD... ပူလောင်လွန်းပါတယ်ဗျာ"

သူမက သွေးဆူနေသလောက် ဦးခန့်အောင်က သွေးအေးနေသေးတာ။

နောက်ပြီး သူမကို သနားစရာ သတ္တ၀ါတစ်ကောင်ကို ကြည့်သလိုလည်း ကြည့်နေသေးတာ။

သူမ ဦးခန့်အောင်ကို စိုက်ကြည့်နေရင်း အသိအာရုံထဲ အတွေးတွေပြေးဝင်လာကာ ဒေါသ မျက်လုံး အရောင်က တဖြည်းဖြည်းမှိန်လျော့လာရပါတော့တယ်။

"ဘာလုပ်ဦးမှာလဲ MDရယ်။ သူက သွားပြီလေ။ ကိုယ့်ကို လှိမ့်ပြီး တတိယအကြိမ်မြောက်ထပ် ထွက်သွားတာလေ။ MD အနောက်က ရုပ်ပျက်ဆင်းပျက်ပြေးလိုက်ပြီး ပြန်မိသွားရင်ရော... ဒီလိုပူလောင်မှုမျိုး နောက်တစ်ခါမရှိလာဘူးလို့ အာမခံရဲလို့လား?"

မှိန်လျော့လာတဲ့ သူမမျက်ဝန်းထဲသို့ မျက်ရည်ပူတွေပြေးဝင်လာတယ်။

"မနက်တည်းက နှင်းဆီ ရုံးကိုလာတယ်။ ပြီးတော့ သူ့ရုံးခန်းထဲ ဘာဝင်လုပ်တယ်မသိဘူး။ ပြန်ထွက်သွားတော့ သူ့ကိုလူမြင်မှာစိုးလို့ ကျီးကန်းတောင်းမှောက် ဘေးဘီတွေကိုလည်း ကြည့်သွားသေးတာ။ အဲဒီတည်းက ကျတော်သိတယ်... နှင်းဆီတော့ တစ်ခုခုလုပ်နေပြီဆိုတာ... MD ထားလိုက်ပါတော့နော်... သူ အဲ့လောက်ထိ မထိုက်တန်ပါဘူး"

ရှက်တာလား၊ ခံပြင်းလို့လား၊ ခံစားရလို့လား။

သူမ သေချာတော့ မသိပါဘူး။ ဒါပေမဲ့ နှင်းဆီကိုမှ သူမ အဆုံးရှုံးမခံနိုင်တာ။

"ဒါဆို ကျမ ဘာဆက်လုပ်ရမလဲ ဦးခန့်အောင်။ ကျမကို ကျေးဇူးပြု၍ လမ်းညွှန်ပေးပါရှင်... နှင်းဆီ ထွက်မသွားအောင် ကျမ ဘာဆက်လုပ်ရမလဲ?"

"ဘာဆက်လုပ်ရမယ်ဆိုတာ MDကိုယ့်ကိုယ်ကိုပြန်ပြီး လမ်းညွှန်နိုင်အောင် လေ့ကျင့်သင့်နေပြီMD။ တော်သင့်ပြီလေဗျာ။ သူ့အနောက်ကိုလိုက်ရင်းနဲ့ အခု လက်ပမ်းကျပြီး မောဟိုက်သွားရမယ့်အချိန်ရောက်နေပြီလေ"

"မောနေပါပြီ ဦးခန့်အောင်ရယ်။ ကျမ တကယ်ပဲ ပင်ပန်းနေပါပြီ။ ဒါပေမဲ့ ကျမ လက်ပမ်းမကျချင်သေးဘူး။ ဘာဖြစ်လို့လဲသိလား? ကျမ နှင်းဆီကို ချစ်မိနေတုန်းပဲလေ... ချစ်မိနေတုန်းပါပဲ"

အရှက်သိက္ခာတွေလည်းမရှိတော့ပါဘူး။

ဦးခန့်အောင်ဟာ သူမကိုကြည့်ပြီး တိတ်ဆိတ်သွားတယ်။ မျက်ဝန်းတွေ ငေးမှိုင်သွားတယ်။

သူမလည်း ကားလေးထဲမှာ အရမ်းတိတ်ဆိတ်သွားပါပြီ။

ဦးခန့်အောင်ရဲ့ သက်ပြင်းချသံနဲ့ သူမရဲ့ရှိုက်သံတွေကလွဲလို့ ကားလေးအထဲမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားရပြန်ပြီလေ။

--------------------------------------------------

တစ်ယောက်ပျော်ဖို့
တစ်ယောက်က လောင်ကျွမ်းရမယ်ဆိုရင်...
နင် ပြုံးရဲဦးမှာလား?

--------------------------------------------------

မေမေ့အခြေအနေက နှင်းဆီ မျက်ကွယ်ပြုလို့ မရတော့တဲ့ အချိန်တစ်ခု မမျှော်လင့်ပဲရောက်သွားတယ်ဆိုတဲ့ ဖုန်းထဲမှ သတင်းပေးတဲ့အသံ။

သူမကို အရမ်းအားနာပြီး ချစ်မိနေသော်လည်း နှင်းဆီဖြစ်သွားတဲ့အခြေနေက လွှဲရှောင်လို့ မရတဲ့ အနေအထား။

သူမကို မလိမ်ချင်ရဲ့မှန်းနဲ့ နှင်းဆီ လိမ်လိုက်ရတဲ့အဖြစ်။

"လူတစ်ယောက်ကို မလိမ်ချင်ပဲနဲ့ လိမ်ရရင် ဘယ်လောက် နာကျင်ရတယ်ဆိုတာ ရှင် သိမှာ မဟုတ်ဘူး မင်းထက်သာလွန်။ အခုလောက်ဆို ရှင် အလိမ်ခံရတဲ့အတွက်ပဲ ခံစားနေရမှာ..."

ကြံရာမရတဲ့အဆုံး လက်ထဲမှာရှိနေတဲ့ ပစ္စည်းမှန်သမျှကို ငွေအဖြစ်ပြောင်းလဲပြီး မေမေ့ဆီသို့ နှင်းဆီ သွားပို့ပေးရတော့မယ်။

ဒါပေမဲ့ သူမအရှေ့မှာတော့ နှင်းဆီ နောက်တစ်ခေါက် ထပ်မပေါ်လာရဲတော့ပါ။

သူမက အခုအချိန်မှာ လောင်ကျွမ်းနေရသူပါ။

ဒါဆို နှင်းဆီ ပြုံးရဲမှာဦးတဲ့လား?

ဒါပေမဲ့ သူမ မသိတာက အခုချိန် နှင်းဆီလည်း သူမနဲ့ထပ်တူ လောင်ကျွမ်းနေရတယ်ဆိုတာပါပဲ။

ကိုယ်ချစ်တဲ့လူကို လိမ်ရတာလောက် နာကျင်ရတာ ဘာမှမရှိ။
ဒါကို ကြုံဖူးသူပဲ သိနိုင်မှာလေ...


----------------------------------------

ဆက်ရန်


----------------------------------------

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now