(Zawgyi code)
"ဒေါ်မင်းထက်သာလွန်... ဒေါ်မင်းထက်သာလွန်... ဒေါ်မင်းထက်သာလွန်..."
လမ်းဘေးက ထန်းလျက်နဲ့ခေါက်မုန့်ကို ဗိုက်ဆာလို့ဝယ်ပြီး လူရှင်းတဲ့ကားမှတ်တိုင်မှာ အေးအေးလူလူထိုင်စားပြီးတဲ့နောက် ခေါက်မုန့်ထုတ်လာပေးတဲ့ သတင်းစာအဟောင်းအပိုင်းစလေးကို မရည်ရွယ်ပဲနဲ့ကြည့်မိရင်းက မြင်လိုက်ရတဲ့ နာမည်တစ်ခု။
Feature Target စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်... ဒေါ်မင်းထက်သာလွန်။
ဒီမိန်းမနာမည်ကြီး သူမကြားဖူးတာကြာပြီ။ အခုမှ ဆီကွက်တွေပေနေတဲ့ သတင်းစာအဟောင်းပေါ်မှာ တွေ့လိုက်ရမှ သေချာမြင်ဖူးတော့တယ်။
နာမည်ကတော့ ရင်းနှီးနေတာကြာပါပြီ။
အင်းပေါ့လေ။ မြန်မာနိုင်ငံရဲ့ထိပ်တန်းစာရင်းဝင် သူဌေးကြီးတွေထဲမှာမှ သူက နံပါတ် ၁ ကိုတောင်ချိတ်နိုင်နေတဲ့ အမျိုးသမီးဆိုတော့ အခုလို နာမည်ကြီးတာ မဆန်းလှပါဘူး။
ဒါပေမဲ့ ထိုအမျိုးသမီးရဲ့မျက်နှာကိုတော့ အခုမှစပြီးမြင်ဖူးတာပါ။
တော်တော်လေးကို နွမ်းဖက်နေတဲ့ ဂျာနယ်အဟောင်းပေါ်မှာပေါ်နေတာတောင် ထိုအမျိုးသမီးဟာ အတော့်ကို ကျက်သရေရှိလှတဲ့အမျိုးသမီးလို့ ကောက်ချက်ချနိုင်သေးတဲ့အထိ သူမအလှဟာ ပေါ်လွင်လွန်းလှတယ်။
"အော်... သူများတွေများနော်။ မွေးတည်းက ကောင်းလိုက်တဲ့ကံ... ရွှေဇွန်းကိုက်ပြီး မွေးလာရတဲ့ဘ၀တွေ... အားကျလိုက်တာ..."
ရင်ထဲ ခပ်မောမောလေး တမ်းတမိရင်းကနေ ကိုယ့်ဘ၀ကိုလည်း ကိုယ် မမေ့လိုက်ရဲ။
မေ့လို့လည်းမဖြစ်။
ကိုယ်ရုန်းမှ လှုတ်လို့ရမယ့်ဘ၀ဆိုတော့လည်း... သတင်းစာပေါ်မှာပေါ်နေတဲ့ ထိုအမျိုးသမီးမျက်နှာကို မက်မက်မောမော တစ်ချက် ငေးကာစိုက်ကြည့်ပြီးတာနဲ့ အဲဒီသတင်းစာကို လုံးခြေကာ အနီးဆုံး အမှိုက်တောင်းဆီသို့ ပစ်ထည့်လိုက်မိတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ နေ့လည်စာဟာ ခေါက်မုန့်တစ်ခုနဲ့ စာရင်းရှင်းသွားပြီ။
လက်ထဲမှာ သိပ်မကျန်တော့တဲ့ငွေကြေးဟာ သူမလိုချင်နေတဲ့ ကာရိုက်တာနဲ့လိုက်ညီမယ့်အ၀တ်စားကိုမှ ၀ယ်လို့ရပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဝေါခနဲ ထိုးစိုက်လာတဲ့ လိုင်းကားပေါ်သို့ အပူပင်ကင်းပါတယ်ဆိုတဲ့ ဆယ်ကျော်သက်ကလေးမတစ်ယောက်နှယ် ဟန်ဆောင်ကာ ပြေးတက်သွားမိတယ်လေ။
သူမ ကားပေါ်ရောက်တဲ့အခါမှာတော့ သူမဟာ အသက်ရွယ်လေးနဲ့မှမလိုက် မွန်းကြပ်မှုတွေ၊ ခါးသီးမှုတွေကို ကြံကြံခိုင်ရင်ဆိုင်နေတယ်ဆိုတာ ဘယ်သူက သတိထားမိမှာတဲ့လဲ?
သူမရဲ့မျက်နှာလေးကိုက တကယ့်ကို အဖြူထည်အပြစ်ကင်းစင်စွာ ချစ်ဖို့ကောင်းနေလေတော့ သူမရဲ့ နာကျဉ်မှုတွေကို တော်ရုံလူက သတိမထားမိတာ သိပ်တော့ မဆန်းကြယ်လှပါ။
-------------------------------------------------
ဦးမင်းဟန်နှင့် ပွဲကပြီးသွားပြီ။
သူမလည်း ငွေ သိန်း ၂၀ အိတ်ထဲသို့ ဆွေ့ခနဲ ကောက်သိမ်းလိုက်နိုင်ခဲ့တယ်။
ဒါပေမဲ့ လက်ထဲမှာကျန်နေသေးတာ ဦးမင်းဟန်လွှဲပြောင်းပေးအပ်ထားတဲ့ GP လွှဲထားတဲ့စာချုပ်တွေ။
ဒီစာချုပ်တွေဟာ အသုံးချတတ်မယ်ဆိုရင် ငွေတုံးငွေခဲတွေ ဖြစ်လာနိုင်တယ်။
ဒီစာချုပ်တွေကိုပဲ ပိုက်ဆံအဖြစ်ပြောင်းလဲနိုင်ဖို့ နည်းလမ်းကိုလည်း သူမဟာ ပါးနပ်စွာ သိနေသေးတယ်။
အဲဒီတော့ သူမရဲ့ ထုံးစံအတိုင်း အချိန်ကို အကျိုးရှိစွာ အသုံးချလိုက်ရင်း နောက်ထပ်ခွင်တစ်ခုကို ထပ်မံဆင်လိုက်ရတယ်လေ။
အခုတစ်ခါ သူမရဲ့ သားကောင်ကတော့ ဦးမြင့်ဆိုတဲ့လူ။
Construction Company တစ်ခုကို ထူထောင်ထားပြီး အရမ်းကို လောဘကြီးလွန်းတဲ့ ဦးမြင့်သာလျှင် သူမရဲ့ အကောင်းဆုံးတော့ သားကောင်။
နောက်တစ်ခုက လောဘမရှိတဲ့လူဆိုရင် လိမ်လည်ရ သိပ်ခက်တာ။
ဦးမြင့်ဆိုရင်တော့... အဟင်း.... ထင်တာထက်ကို လွယ်နေဦးမှာ။
သေချာသပ်ရပ်စွာ သားကောင်ရွေးချယ်ပြီးသွားတဲ့အခါမှာတော့ သူမအခန်းလေးထဲတွင် ရယ်မောသံလေးတစ်ခု ပျံ့လွင့်လာပါတော့တယ်။
သားကောင်းတစ်ကောင်ကို ရွေးချယ်ပြီးတိုင်း အဲဒီလို စိတ်လွတ်ကိုယ်လွတ်ရယ်တတ်ခြင်းက သူမရဲ့ အကျင့်တစ်ခုလိုဖြစ်နေပြီလေ။
ယောက်ျားလေးနဲ့ မိန်းကလေးယှဉ်ရင် မိန်းကလေးတွေကိုပဲ အကြောင်းမဲ့ ဦးစားပေးတတ်သော ဦးမြင့်နှင့်တွေ့ဖို့ Appointment ယူရခြင်းက သူမအတွက် ခက်ခဲသည့်အလုပ်တစ်ခုမဟုတ်။
နောက်ပြီး သူမမှာက ဘုရားကချီးမြှင့်ပေးထားသည့် ရုပ်ခံလှလှလေး ရှိနေသည်ပဲ မဟုတ်ပါလား။
ထိုရုပ်ရည်လေးကို အလိုက်သင့်သလို ပြုံးလိုက်၊ မဲ့လိုက်။ အသံကို နှိမ့်လိုက်၊ မြှင့်လိုက်နှင့် ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် ဦးမြင့်နှင့် တွေ့ခွင့်ကို သူမ လွယ်လင့်တကူပဲ ရရှိသွားတယ်ဆိုရင် သက် မအံ့သြပါနဲ့။
ရုံးခန်းထဲကို ပထမခြေလှမ်းစချလိုက်ကတည်းက သူမထံမှ အကြည့်ကို မရုတ်သိမ်းတော့တဲ့ ဦးမြင့်ကို အပြုံးတစ်ခုနဲ့ မျှားလိုက်ရင်း ဦးမင်းဟန်ဆီက ရထားတဲ့ အမွေဆိုင်စာရွက်စာတမ်းများကို ပြသလိုက်တဲ့အခါမှာတော့...
ဒီတစ်ကြိမ်လည်း သူမအတွက် ရလဒ်ကောင်းကောင်းရလိမ့်မယ်ဆိုတာ ပိုင်ပိုင်နိုင်နိုင်ပဲ ကောက်ချက်ချလိုက်နိုင်ပြီလေ။
ဒါဟာပဲ အောင်ပွဲတစ်ခုမဟုတ်ဘူးလားပြော။
စားပွဲပေါ်တွင်ရှိနေတဲ့ သူမအတွက် ချပေးထားသော Orange Juice ကို ဟန်ပါပါ ယူသောက်ရင်း အညှို့ငင်နိုင်ဆုံးအပြုံးတစ်ခုနဲ့ ဦးမြင့်ကို မျှားထားလိုက်မိသေးတယ်။
"ဒီစာရွက်စာတမ်းတွေမှာ G.P လွှဲထားတာကလွဲရင် အမည်ပေါက်တွေ၊ အမွေဆိုင်ကင်းရှင်းကြောင်းတွေ ဘာမှလည်းမပါ ပါလား မိန်းကလေးရဲ့..."
"ဟုတ်ကဲ့။ မပါပါဘူး..."
"ဟင်...ဒါဆိုဒီစာရွက်စာတမ်းတွေကို မင်းကဘာလို့ဒီလိုလာပြနေသေးတာလဲ?"
တကယ့်ကို အရေးတကြီးလိုအပ်တဲ့ တရားဝင်ဘာစာရွက်စာတမ်းမှ မပါတဲ့ သူမ၏ဖိုင်ကို စားပွဲပေါ်သို့ ပြန်တင်လိုက်ရင်း ဦးမြင့်နားမလည်စွာ ရေရွတ်တယ်။
ဒါကိုပဲ သူမက ဟန်ပါပါဖြင့် လက်ထဲမှ Orange Juice ခွက်ကို စားပွဲပေါ်ကို ပြန်တင်ရင်း ဦးမြင့်နှင့် မျက်လုံးချင်းဆိုင်အောင်ကြည့်ပြီး ညှို့အားတစ်ချက်သုံရင်း ပြုံးလိုက်ရတယ်လေ။
"လိုအပ်တဲ့ စာရွက်စာတမ်းတွေ မပါပေမဲ့ အဲဒီအမွေဆိုင်အမှုကိုကိုင်ထားတဲ့ ရှေ့နေ မေသက်ထားဆိုတာ ကျွန်မပါပဲ..."
"အင်းလေ။ အဲဒီ့တော့..."
"ရှင်းရှင်းလေးပဲလေ။ အမှုနိုင်ပြီးရင် ဒီCompany မှာ အဲဒီ့နိုင်တဲ့ မြေကွက်မှာ Building တစ်ခု ဆောက်လုပ်ဖို့ အလုပ်အပ်မယ်ဆိုရင် ဦးမြင့်ကကျွန်မကို Percentage ဘယ်လောက်ပေးမလဲဆိုတာကိုသိချင်လို့ အဲ့ဒီ့G.P လွှဲထားတဲ့ စာချုပ်ကိုလာပြတာပါ..."
"ဟင်? ဒါပေမဲ့ မင်းအမှုကနိုင်မှာရောသေချာလို့လား?"
မရေမရာမေးလိုက်သော ဦးမြင့်၏မေးခွန်းများထဲတွင် ရမ္မက်များကပ်ပါလာပြီဆိုတာ သူမ ကောင်းကောင်းသိတာပေါ့။
သူမဟာ လူကဲခတ်တော့ အင်မတန်ကျွမ်းကျင်နေပြီလေ။
ဒါဆို သေချာပြီ... ဒီပွဲလည်း သူမပဲ နိုင်ဦးမှာ။ အဲဒါဆို အခုလိုအပ်နေတာ ဦးမြင့်ကို သူမလိုချင်နေတဲ့ သတ်ကွင်းထဲသို့ အသာအယာ မောင်းသွင်းဖို့ပဲ ကျန်တော့တယ်လေ။
"အမှုအတွက် အကျိုးဆောင်ခကို အမှုပြီးမှပဲယူမယ်လို့ အမှုရှင်ကိုပြောပြီးသားပါ။ အဲ့ဒီစကားကိုကြည့်ခြင်းအားဖြင့် အမှုနိုင်မယ် မနိုင်ဘူးဆိုတာကို ဦးမြင့်ခန့်မှန်းတတ်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်... ဦးမြင့်လည်း ခေတ်ပညာတတ်သူဌေးတစ်ယောက်ပဲမဟုတ်လား?"
"မင်းပြောပုံအရဆိုရင်တော့ မင်းဟာ ဒီမှုကို သေချာပေါက်နိုင်လိမ့်မယ်ဆိုတဲ့ သဘောပေါ့......"
အရမ်းကို စိတ်ပါဝင်စားဖြစ်လာတဲ့ ဦးမြင့်စကားတွေကို ဂရုမစိုက်သလိုပုံစံဖြင့် သူမ ခြေပေါ်ခြေချိတ်လိုက်ကာ လက်ထဲမှ ဟန်းဖုန်းက app တစ်ခုကို စစ်ဆေးနေဟန်ဆောင်နေလိုက်တယ်။
သူမရဲ့ဆိတ်ငြိမ်နေခြင်းကပဲ ဦးမြင့်ရဲ့ လောဘရမ္မက်စိတ်ကို ပိုပြီးတူးဆွနေလေပြီ။
"အိုး... အရေးတကြီးဖုန်းခေါ်တော့မယ်ဆို ဖုန်းက ဘထ္ထရီဒေါင်းပြီ။ ဦးမြင့်ရဲ့Hand Phone ကိုခဏသုံးခွင့်ရှိမလားဟင်? ကျွန်မ Hand Phone ဘထရီဒေါင်းသွားပြီ..."
သူမကိုင်ထားတဲ့ဖုန်းက 14 pro maxဖုန်း။ ဒါကိုမြင်တဲ့လူတိုင်းက အထင်ကြီးမိမှာ အသေအချာပဲ။
ဒါပေမဲ့ ဒီဖုန်းဟာ Simple ပြဖို့သက်သက် ဖုန်းပုံစံကာဗာသာဖြစ်တယ်ဆိုတာ သူမကလွဲပြီး ဘယ်သူသိမှာတဲ့လဲ?
သူမတောင်းဆိုလိုက်သော်လည်း ဦးမြင့်ပုံစံက ဖုန်းကိုပေးသုံးသင့်၊ မသုံးသင့် ဝေခွဲရခက်နေသေးသလို မျက်မှောင်ကုတ်ကာ သူမကို ကြည့်နေသေးတယ်။
"ကျွန်မ အမှုရှင်ကိုဆက်သွယ်ဖို့ပါ။ ဒီအမှုနဲ့ပတ်သတ်တဲ့ အမှုရှင်ဆီကိုလေ..."
သူမထပ်၍ရှင်းပြလိုက်ကာမှ ဦးမြင့် ခေါင်းတချက်ဆတ်လိုက်ပြီး သူ့ဖုန်းကိုပေးသုံးတယ်။
"Hello? ဦးမင်းဟန်လားရှင်..."
အလွတ်ရနေတဲ့ ဦးမင်းဟန်ရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပြီးတာနဲ့ ချက်ချင်းပဲ ဦးမင်းဟန်ဖုန်းလာကိုင်တယ်။
ဒါဟာပဲ သူမအတွက် ကံကောင်းခြင်းလား?
"ဟုတ်ပါတယ်။ မေသက်ထားလား?"
"ဟုတ်ကဲ့။ ကျွန်မအခု Construction Company တစ်ခုကိုရောက်နေတယ်။ ကျွန်မအမှုနဲ့ပတ်သက်ပြီး Company ပိုင်ရှင်နဲ့ စကားနဲနဲ လောက်ပြောလိုက်ပါဦး..."
မထင်မှတ်ထားသော အပြုအမူတစ်ခုကို သူမလုပ်ဆောင်လိုက်တာပဲဖြစ်တယ်။
သတ်ကွင်းထဲသို့ ဦးမြင့်ကို သွတ်သွင်းနေသော်လည်း တော်တော်နှင့် မ၀င်ပဲ ပေကပ်ပေကပ်လုပ်နေတဲ့ ဦးမြင့်ရဲ့လောဘစိတ်များကို မြှင့်တင်ပေးရန် အကောင်းဆုံးနည်းလမ်းကတော့ လောဘသမားအချင်းချင်း တွေ့ပေးလိုက်သောနည်းလမ်းပါပဲ။
သူမ ခပ်တည်တည်နဲ့ ဦးမြင့်ဆီ ဖုန်းကို ကမ်းပေးလိုက်တော့ ဦးမြင့်လည်း ကြောင်အမ်းအမ်းနဲ့ ဖုန်းကိုယူကာ နားထောင်ပေးရတော့တာပေါ့။
"ဟုတ်ကဲ့ ကျွန်တော် ဦးမြင့်ပါ။ Construction Company ရဲ့ MD ပါ။ အမှုကိစ္စ အခြေအနေလေးနဲနဲလောက်သိချင်လို့ပါ..."
"အမှုကိစ္စဆိုရင်တော့ မေသက်ထားနဲ့သာပြောပါဗျာ။ ကျွန်တော်က သူ့ကို အမှုရဲ့အကျိုးဆောင်ခတောင်မပေးရသေးဘူး။ သူကောင်းသလို စီစဉ်နေတာ။ မေသက်ထားနဲ့ပြောရင်အဆင်ပြေပါလိမ့်မယ်..."
"အကျိုးဆောင်ခမပေးရသေးဘူး? ဟုတ်လား?"
"ဟုတ်ပါတယ်။ သူကအမှုနိုင်မှယူမယ်လို့ပြောထားတယ်လေ။ ဒါကြောင့်ပါ..."
"အော်...ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဗျာ..."
ဦးမင်းဟန်နှင့် ဖုန်းပြောပြီးနောက် ဦးမြင့်၏လောဘရှိန် မြင့်တက်လာသည်ကို သူမ ရိပ်စားမိလိုက်ပြီ။
"အင်း...အမှုပြီးမှ အကျိုးဆောင်ခယူမယ်ဆိုတော့ အမှုကနိုင်ဖို့သေချာနေပြီပေါ့... ဟုတ်လား မမေသက်ထား..."
ဦးမြင့်မေးသည်ကို သူမ မဖြေတော့ပါ။ ဦးမြင့်အား သူမပိုင်နိုင်စွာ စိုက်ကြည့်ရင်း ဟန်ပါပါ ပခုံးတစ်ချက် တွန့်ပြန်လိုက်တယ်။
"အင်း... စာချုပ်တွေထဲမှာ ပါတဲ့ နေရာကလည်း တကယ့်အကွက်အကွင်း နေရာဆိုတော့... ကောင်းပြီလေ။ ပိုင်ရှင်ကိုရှင်းပေးတဲ့ငွေရဲ့ 2%ကို မင်းကိုပေးမယ်။ ဘယ်လိုလဲ?"
"ဟင့်အင်း။ 3.5%မှဖြစ်မယ်။ ဘယ်လိုလဲ?"
သတ်ကွင်းထဲကိုရောက်နေသော သားကောင်အတွက် သူမပြစ်မှတ်ကို ပိုင်နိုင်စွာ ဖန်တီးလိုက်တယ်။
"မင်းယူတာ မများလွန်းဘူးလား?"
"ကျွန်မယူထားတာက ဦးမြင့်ရမယ့် Profit ရဲ့ 1% လောက်တောင်မရှိပါဘူး"
ပိုင်နိုင်လှစွာသော သူမ၏တွက်ချက်မှုကြောင့် ဦးမြင့်တွေဝေသွားရပြီ။
ချက်ချင်းမဆုံးဖြတ်နိုင်တဲ့အတွက် ဦးမြင့်ခဏတော့ တွေဝေနေသေးတယ်။ ပြီးမှ...
"ဟုတ်ပြီလေ။ 3.5%နော်... ဖြစ်တယ်။ ဒါပေမဲ့ အမှုအားလုံးပြီးစီးပြီး Construction တစ်ခုလုံး ကိုယ်တို့ Company ကိုအပ်မှ ငွေကိုထုတ်ပေးမယ်နော်။ အဆင်ပြေပါ့မလား?"
စီးပွားရေးသမားပီပီ ပိုင်နိုင်မှုရမှ ငွေထုတ်တတ်မှန်းကိုတော့ သူမကောင်းစွာသိနှင့်ထားတာပဲ။
"စိတ်ချပါ။ ကျွန်မဘယ်တော့မှ အလုပ်မလုပ်ရသေးပဲနဲ့ ငွေအရင်ကြိုမယူတတ်ဘူး။ ဒီတော့ ဒီအမှုကို ကျွန်မလက်ထဲရောက်အောင် ပိုင်ရှင်တွေကို ငွေနဲနဲအမ်းဖို့ ကျွန်မစီစဉ်ရဦးမယ်..."
"ဟင်... မင်းကို G.P တောင်လွှဲပြီးနေပြီလေ။ ဘယ်ပိုင်ရှင်တွေကို ငွေအမ်းရဦးမှာလဲ?"
သူမထွင်ထားသော အကွက်ထဲသို့ ဦးမြင့်ခြေဆုံပေါက်ကာ ၀င်ရောက်နေပြီဖြစ်မှန်း သူမသိလိုက်ရသောကြောင့် လွန်စွာကျေနပ်မိတယ်။
"သူတို့ကအမွေဆိုင်လေ။ ဦးမင်းဟန်အပြင် တခြားသူတို့မောင်နှမတွေလည်းရှိသေးတယ်။ ဒါပေမဲ့ သူတို့က ဦးမင်းဟန်လို မဟုတ်ကြဘူး။ နဲနဲချို့တဲ့တယ်လေ။ ဒါ့ကြောင့်သူတို့ကိုငွေနဲနဲအမ်းမှ သူတို့ဆီကပါ G.P ရမှာ။ ဒါမှ အလုပ်ဆက် လုပ်လို့ရမှာ"
"ငွေကဘယ်လောက်လောက် အမ်းရမှာလဲ?"
ဦးမြင့်သတ်ကွင်းထဲသို့ ရောက်မှန်းမသိရောက် သွားပေပြီ။
"ရပါတယ်။ သူတို့ကချို့တဲ့တော့ နဲနဲဆိုရင်ဖြစ်ပါတယ်။ သူတို့လည်း ကျွန်မအပြင် တခြားရှေ့နေတွေနဲ့မတိုင်ပင်ဘူးလို့ ပြောလို့မရဘူးလေ။ တော်ကြာ... တခြားရှေ့နေတွေလက်ထဲရောက်သွားရင် ဒီ Construction ကို ဦးမြင့် မရပဲနေဦးမယ်"
သူမမီးလောင်ရာလေပင့်လုပ်ပေးလိုက်မှုကြောင့် ရမ္မက်တက်နေသော ဦးမြင့် "ဟင်"ဟုဆိုကာ တွေဝေသွားလေပြီ။
"တကယ်လို့ ဦးမြင့်က ဒီအလုပ်ကိုမရရင် ကျွန်မရမယ့် 3.5%လည်း ဘယ်ရတော့မလဲ။ ကျွန်မတို့က အခုအကျိုးတူပုံစံမျိုးကို ဖြစ်နေတာလေ... ဘာပဲဖြစ်ဖြစ် ကျွန်မဒ်ီအမှုကိုတော့ လက်မလွှတ်ချင်ဘူး... လက်မလွှတ်ဖို့အတွက်ကလည်း ငွေအမ်းမှကိုဖြစ်မှာ"
"ငွေ ပမာဏဘယ်လောက်ပေးရင် အဆင်ပြေမယ်ထင်လဲ မမေသက်ထား..."
အဲဒီမေးခွန်းကို ဦးမြင့်မေးမှမေးပါ့မလားလို့။
"သိပ်မများပါဘူး။ ဆယ်ဂဏန်းလောက်ပါပဲ။ ၁၀ သိန်း၊ ၁၅ သိန်းလောက်ဆိုရင်တော့ ကျွန်မဖြေရှင်းနိုင်ပါတယ်။ အင်း....ဒီ့ထက်များပြီးတောင်းရင်သာ......"
"ဒီ့ထက်များပြီးတောင်းရင် ဘာဖြစ်လဲ?"
သူမစကားပြီးသည်ကိုတောင် ဦးမြင့်မစောင့်နိုင်တော့ပဲ စကားဝင်ဖြတ်မေးလေသည်။
"သြော်...ဒီ့ထက်များပြီးတောင်းရင်တော့ နဲနဲပြဿနာရှိတယ်။ ကျွန်မကငွေတွေကို Americanမှာ ကျောင်းတက်နေတဲ့ ကျွန်မမောင်လေးဆီကိုလွှဲလိုက်တော့ လက်ထဲမှာ ဆယ်သိန်းကျော်ကျော်လောက်ပဲကျန်တော့တာ..."
"ဒါဆို။ သူတို့ကဒီ့ထက်ပိုတောင်းရင် မင်းဘယ်လိုလုပ်မလဲ?"
"ဘယ်လိုလုပ်ရမလဲ? ရမဲ့အကျိုးအမြတ်ကိုမတွက်ပဲ လက်လွှတ်လိုက်ရမှာပေါ့။ ကိုယ်မှမတတ်နိုင်တာ..."
"ရမယ့်အမြတ်က တော်တော်များတာနော်။ မင်းသေချာစဉ်းစားဦး..."
"ကျွန်မသိပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ? တခြားနည်းလမ်းမှမရှိတာ..."
"ဒါဆိုဒီလိုလုပ် မင်းကို သူတို့ဆီက G.P ရဖို့အတွက် လိုအပ်ငွေကို ငါမကူညီမယ်။ မင်းကလည်း အမှုနိုင်ရင် ငါ့ Company နဲ့ပဲ အလုပ်လုပ်ပါ့မယ်လို့ စာချုပ်ချုပ်ပေး။ ဘယ်လိုလဲ?"
ဦးမြင့်သည် ယခုအလုပ်ကို လက်မလွှတ်ရရေးအတွက် သူမကို စာချုပ်ချုပ်ဆိုရန် စီစဉ်နေလေပြီ။
"ဟင်? Constructionတစ်ခုလုံးကို ငွေလေး ၁၅သိန်းလောက်ပေးတာကိုများ လက်မှတ်ထိုးခိုင်းချင်သေးတယ်။ ရတယ်။ ထားလိုက်တော့။ အဲဒီလို အယုံအကြည်မရှိဘူးဆိုရင် ကျွန်မ ဒီနေ့ ဒီကို ရောက်မလာဘူးလို့ပဲ သတ်မှတ်လိုက်တော့မယ်..."
ဒါဟာ သူမရဲ့နောက်ဆုံး တိုက်ကွက်ပင်။ သူမထိုင်ရာမှ ထရပ်ကာ ပြန်ရန်ပြင်ဆင်လိုက်တယ်လေ။
"သူများဆီကပိုက်ဆံကိုလည်း ကျွန်မစိတ်မ၀င်စားဘူး။ ဒီအမှုရအောင် ကျွန်မမှာရှိကျန်နေသေးတဲ့ငွေနဲ့ကျွန်မလိုက်ကြည့်မယ်။ ဒါပေမဲ့ လိုက်လို့ မရရင်လွှတ်လိုက်တော့မယ်"
ပြောပြီးသည်နှင့် သူမရပ်နေရာမှထွက်ရန် ခြေလှမ်းပြင်လိုက်တဲ့အခါမှာတော့...
"ခဏနေပါဦး။ ခဏနေပါဦး။ အဲ့လိုတော့မလုပ်ပါနဲ့။ အမြတ်ငွေတွေရမယ့်ကိစ္စကိုအဲ့လို အလွယ်တကူ အလွှတ်မပေးနဲ့လေ။ ဒီလိုလုပ် မင်းလိုတဲ့ငွေ ၁၅ သိန်းလောက်ကို ကိုယ်ပေးလိုက်မယ်။ မင်းကတော့ အမှုကို ရအောင်ယူခဲ့။ ဘယ်လိုလဲ အဆင်ပြေနိုင်မလား?"
သူမနေရာမှပင် မရွေ့ရသေး။ ဦးမြင့်ပြာပြာသလဲတားမြစ်ကာ အံ့ဆွဲထဲမှ တစ်သောင်းတန် ဘဏ်ထုတ် ၃ ထုပ်ကို ထုတ်ရင်းပြောလေပြီ။
"ကျွန်မသူများငွေကို မလိုလားဘူး?"
သူမလွန်စွာကျေနပ်သွားသော်လည်း မာန်ကိုတော့ တင်ထားရသေးတယ်လေ။
"မင်းကငွေကို အလကားယူတာမှမဟုတ်ပဲ။ အလုပ်ကြောင့်လေ။ အမြတ်အများကြီးရမယ့်ကိစ္စကို ဒီလိုတော့ အလွယ်တကူ အလွှတ်မပေးပါနဲ့။ ယူသွားပါ။ နော်။ လက်မှတ်ထိုးခိုင်းမိတဲ့အတွက်လည်း တောင်းပန်ပါတယ်။ တကယ်လို့ မင်းအမှုနိုင်ပြီဆိုရင်တော့ ငါတို့ ကုမ္ပဏီနဲ့ အလုပ်လုပ်ဖို့ကို အရှေ့ဆုံးကနေစဉ်းစားပေးပေါ့ကွာ... ဟုတ်ပြီလား"
မော်ကြွားလှသည့် ဦးမြင့်တစ်ယောက် ကိုယ့်လောဘနှင့်ကိုယ် ဘယ်လိုလူမှန်းတောင်သေသေချာချာမသိသော သူမကို ငွေထုတ်ပေးရုံသာမက တောင်းပါတောင်းပန်နေသေးတာ။
ဒီလိုနဲ့ နောက်ဆုံးတော့ သူမလက်ထဲ နေရင်းထိုင်ရင်း ငွေ သိန်း ၃၀ က ရောက်ရှိလာရတော့တယ်လေ။
-------------------------------------------------
"ကဲ... နင်ဘယ်လိုဆက်လုပ်မှာလဲ အိမ့်သူ။ နင်က ငါ့ဆီလာလည်တာ တစ်ယောက်တည်းမလာဘူး။ ကလေးပါ အပိုခေါ်လာတယ်"
မီးနေသည် အမျိုးသမီးတစ်ယောက်ကို ပြောသင့်သည့် စကားမဟုတ်မှန်း ဖိုးသူသိသော်လည်း အိမ်သို့လာနေသော ညီမအိမ့်သူကို စိတ်ပျက်ပြီး အားမနာနိုင်တော့ပဲ ပြောတယ်။
အကို့စကားကိုနားထောင်ရင်း အိမ်သူ့တစ်ယောက် ရင်ခွင်ထဲတွင် သိုးနေအောင်အိပ်နေသော နာရီပိုင်း မျှသာ အသက်ရသေးသည့် သမီးလေးကို ငုံ့ကြည့်နေမိတယ်လေ။
"အကိုရယ်။ ညီမ အကို့ဆီ ကြေးနန်းရိုက်ကတည်းက ညီမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ ထည့်ရေးထားသေးတာပဲ"
"အေးလေ။ ထည့်ရေးထားတယ်လေ"
"ဒါဆို အကိုက အခုဘာဖြစ်လို့ ညီမကို ဆူပူနေတာလဲ?"
အိမ်ံသူ နားမလည်သည်ကို ပေါ်တင်ပင် မေးလိုက်တဲ့အခါ အကိုဖြစ်သူ တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်လေ။
"နင့်ယောက်ျားဆုံးသွားတယ်ဆိုတော့ နင့်ကို အမွေလေးဘာလေး မချန်ပေးခဲ့ဘူးလား။ နင်ရော... မတောင်းဘူးလား။ အဲ့ဒီအတွက် ငါက ဒေါကန်နေတာ"
"ညီမယောက်ျားပိုးထိပြီးဆုံးသွားတော့ ညီမရဲ့ ယောင်းမတွေက သူတို့နဲ့ပဲ ရွာမှာဆက်နေဖို့ပြောပါတယ်။ ဒါပေမဲ့ ဆွေမျိုးဆိုတစ်ယောက်မှ မရှိတဲ့ အဲ့ဒီရွာမှာ မနေချင်လို့ အကို့ဆီပြောင်းလာတာလေ။ ညီမက ဘယ်လိုသွားပြီး အမွေတောင်းလို့ရမှာလဲ?"
"ဒါပေမဲ့ အခု နင့်ယောင်းမတွေပိုင်ဆိုင်ထားတဲ့ ဥစ္စာပစ္စည်းတွေက နင့်ယောက်ျားရှာခဲ့တာလေ။ ဒီတော့ ကလေးမွေးဖို့ စာရိတ်အဖြစ် နင် တောင်းသင့်တာပေါ့"
အကိုဖြစ်သူစကားဆုံးတော့ အိမ့်သူတစ်ယောက် စိတ်ပျက်စွာ သက်ပြင်းချမိတယ်။
ထိုစဉ် ရင်ခွင်ထဲက သူမရင်သွေးလေးကလည်း လူးလွန့်လာသောကြောင့် ကလေးငြိမ်သက်ဖို့အရေး နို့ချိုတိုက်ကျွေးလိုက်ရပြန်တယ်လေ။
"အခု ညီမကို ငွေ ငါးထောင်နဲ့ နားကပ်တစ်ရံ၊ လက်စွပ်တစ်ကွင်းပေးလိုက်ပါတယ် အကိုရယ်။ အဲ့ဒါတွေနဲ့ လုပ်ကိုင်စားလို့ဖြစ်ပါတယ်"
"နင့်ငွေငါးထောင်က ဖွားတင်ကို မီးဖွားပေးတဲ့အတွက် ကန်တော့ငွေပေးလိုက်ရတော့ ဘယ်လောက်မှမကျန်တော့ဘူး။ နောက်ပြီး နင်ပြောတဲ့ နားကပ်နဲ့ လက်စွပ်ကလည်း ရွှေလေး တစ်မူး၊ ဆယ်ပြားဖိုးနဲ့ ဘာသွားသုံးစားလို့ရမှာလဲ?"
"ညီမ စားဖို့တော့ ဘာမှ မပူနဲ့ အကို။ ညီမ မီးတွင်းထဲက ထွက်ပြီဆိုတာပဲ ပြန်ပြီး ကောက်စိုက်မယ်။ အိမ့်သူတို့က အရင်ကလည်း ကောက်စိုက်သမ။ အခုလည်း ကောက်စိုက်သမ။ ကောက်စိုက်ပြီး အိမ့်သူ သမီးလေးကို ရအောင်မွေးမယ်။ ဘာ ခဲယဉ်းတာမှတ်လို့"
မိခင်မေတ္တာအပြည့်အ၀နှင့် ကြွေးကျော်လိုက်သော သူမစကားကို သမီးလေးက အင့်ခနဲ အော်ပြီး ထောက်ခံလိုက်သော်လည်း ရပ်ရွာလှည့်ပြီး ဖဲရိုက်၊ ကြက်တိုက်လုပ်နေသော ဖိုးသူကတော့ စိတ်ပျက်စွာ ခေါင်းကုတ်ပြီး အိမ်ပေါ်မှဆင်းသွားလေတော့တယ်။
ရွှမ်းလဲ့နေတဲ့ မျက်ဝန်းနက်နက်ပိုင်ရှင် သမီးလေးရဲ့ မျက်လုံးလေးကို သူမ စိုက်ကြည့်ရင်း ပြုံးလိုက်မိတယ်။
သမီးလေးမျက်နှာက အေးချမ်းလွန်းပါ ဘိ။ သမီးလေးကို သူမ အသက်နဲ့လဲပြီး ပြုစုစောင့်ရှောက်ဖို့လည်း ဆုံးဖြတ်ပြီးပြီပဲ။ သူမတို့ မိသားစုတွင် အမေနဲ့ သမီး။ အမေက အိမ့်သူ။
"ဟုတ်သားပဲ။ ငါ့သမီးလေးကို နာမည်ပေးရမယ်။ ဘယ်လိုပေးရင်ကောင်းမလဲ?"
တွေးရင်း ကျစ်ကျစ်ပါအောင်ဆုတ်ထားသည့် သမီးလေးရဲ့ လက်သီးသေးသေးလေးကို သူမ လှမ်းကိုင်လိုက်မိသေးတယ်။
သမီးလေးရဲ့ အသားရေလေးက နူးညံ့လှပါဘိ။ ချောမွေ့လှပါဘိ။
သေးသေးငယ်ငယ် သမီးလေးကို စိုက်ကြည့်ရင်း သူမ အာရုံထဲသို့ နာမည်လေးတစ်ခုက ပြေးဝင်လာပါသည်။
"မိငယ်... ဟုတ်တယ်။ ငါ့သမီးလေးကို ဒီနေ့ကစပြီး မိငယ်လို့ခေါ်မယ်။ နော်... မိငယ် နော်။ မိငယ်ရေ။ မေမေ့သမီးလေးရေ။ သမီးလေးရေ"
ပြုံးရယ်ရင်း သမီးလေးကို ချစ်စနိုးနှင့် မြှူနေသော သူမကို သမီးလေးက နို့စို့တာရပ်ပြီး ငေးကြည့်နေတာ ချစ်ဖို့ကောင်းလေစွ။
သမီးလေးက သူမခေါ်သံကို နားလည်နေလားတော့မသိ။ မိငယ်လေးက သူမကိုကြည့်ပြီး ပြုံးလိုက်သေးတယ်လေ။
"မိငယ်လေးပြုံးတာ ချစ်ဖို့ကောင်းလိုက်တာ"
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။