(Zawgyi code)
အဲ့ဒီအဖြစ်အပျက်ကြီး ပြီးသွားတော့ နှင်းဆီနဲ့ သူမ တော်တော့်လေးကို ရင်းနှီးသွားကြတယ်။
အရင်က နှင်းဆီသူမဆီရောက်လာတဲ့ညက အတူတူနေခဲ့မိကြပေမယ့် လူချင်းတွေ့ရင် သူစိမ်းတွေလို ခပ်စိမ်းစိမ်းဖြစ်နေမိကြတုန်း။
ဒါပေမဲ့ ဒီတစ်ခါ သူမနဲ့ နှင်းဆီပြန်ဆုံတွေ့မှုဟာ အဲဒီခပ်စိမ်းစိမ်း... ခပ်တန်းတန်း ဆက်ဆံရေးတွေ ခ၀ါကျသွားပြီ။
သူမက နှင်းဆီကိုအလုပ်ပြန်ခန့်လိုက်တယ်။
၁ လကျော် ရုံးမှ ပျောက်သွားတဲ့ နှင်းဆီ၊ အခုမှပြန်ရောက်လာတယ်ဆိုတော့ တစ်ချို့ဝန်ထမ်းတွေကတော့ တွတ်တီးတွတ်တာနဲ့ နောက်ကွယ်မှာ အတင်းပြောချင်ကြသေးတယ်။
ဒါပေမဲ့ သိတဲ့အတိုင်းပဲ။ နှင်းဆီဟာ ဘယ်သူ့စကားကိုမှ စိတ်ဝင်တစားနဲ့ အရေးပေးလေ့မရှိဘူးဆိုတော့...
နှင်းဆီအတွက် သူများတွေရဲ့ တီးတိုးစကားတွေဟာ ဘာဆူးညှောင့်ခလုတ်မှ ဖြစ်မလာခဲ့ဘူး။
ဒီတစ်ခါ နှင်းဆီ ရုံးပြန်တက်တော့ နေ့လည်နေ့ခင်းတွေမှာ သူမအတွက် ကော်ဖီဖျော်ပြီး ယူလာပေးတတ်နေပြီ။
တစ်ခါတစ်လေ နှင်းဆီ အလုပ်မအားတဲ့အခါကျရင်လည်း သူမက နှင်းဆီအတွက် ကော်ဖီဖျော်ပေးပြီး နှင်းဆီ ရုံးခန်းဆီကိုတောင် သွားပို့ပေးနေတတ်ပြီလေ။
နောက်ပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်လွန်းတဲ့ သူမက နှင်းဆီအတွက် ကော်ဖီပို့ပေးမိတာကို လုံးဝ မရှက်ရွံ။ နောက်မတွန့်မိ။
နှင်းဆီက လူကြား၊ သူကြားတွင် သူမကို ခိုးခိုးကြည့်တတ်လေ့ရှိလာပြီး...
သူမကော်ဖီသွားပို့တဲ့အခါမျိုးဆိုရင်တော့ ရုံးခန်းတံခါးကို အကြောင်းမရှိ၊ အကြောင်းရှာပိတ်ပြီး သူမကို အားရပါးရဖက်ကာ နှုတ်ခမ်းကို ခပ်ဖွဖွလေးနမ်းတတ်တယ်။
"နှုတ်ခမ်းနီတွေ မပျက်ဘူးနော် ဘေဘီ... မစိုးရိမ်နဲ့သိလား?"
နမ်းပြီးတိုင်း အားတုန့်အားနာမရှိပဲ ခပ်ပြုံးပြုံးလေးနဲ့ နှင်းဆီအဲ့လိုပြောတိုင်း သူမရှက်ပြီး ခေါင်းလေးငုံ့တတ်နေပြီ။
အလုပ်ပြန်တက်တဲ့နေ့မှာတည်းက နှင်းဆီက အခုနေနေတဲ့ အဆောင်လိပ်စာအတိအကျကို စာရွက်အခေါက်လေးနဲ့ရေးပြီး သူမလက်ဖ၀ါးထဲ လာထည့်သွားခဲ့တာဆိုတော့... သူမက အခု နှင်းဆီလိပ်စာကိုလည်း သိနေပြီလေ။
အဲ့ဒါကြောင့် နှင်းဆီရုံးပြန်တက်ပြီး ၂ ရက်မြောက်နေ့မှာပဲ နှင်းဆီနဲ့ သူမ အတူတူ ရုံးဆင်းလေ့ရှိခဲ့တယ်။
ညနေဆို သူမ အလုပ်တွေပြီးတဲ့အခါ နှင်းဆီအခန်းထဲ သွားပြီး အလုပ်ဆင်းတော့မယ့်အကြောင်းပြောရင် နှင်းဆီဟာ လုပ်လက်စတွေကိုခဏရပ်ပြီး သူမနဖူးကို ခပ်ဖွဖွ ထနမ်းတယ်။ ပြီးမှ အလုပ်ဆင်းဖို့ပြင်ဆင်တာမျိုး။
ဒီနေ့လည်း ခါတိုင်းနေ့တွေလိုပဲ သူမ အလုပ်တွေပြီးတာတောင် ပေါ်မလာတဲ့ နှင်းဆီရဲ့ အခန်းဆီ သွားမိသွားတယ်။
"မပြန်သေးဘူးလား?"
ကွန်ပြူတာတစ်လုံးနှင့်အလုပ်ရှုတ်နေသော နှင်းဆီကို အခန်းဝတွင် ခေါင်းပြူပြီး လှမ်းမေးလိုက်တော့ နှင်းဆီ လုပ်လက်စကို မရပ်ပဲ ပြုံးတယ်။
"ဟိတ်... မေးနေတယ်လေ။ မဖြေဘူးလား?"
"ဖြေစေ့ချင်... ဒီနားကိုလာမေးလေ..."
"အယ်... မလာပါဘူးနော်... မင်းအလုပ်တွေရှိနေသေးရင် ကျန်ခဲ့လေ... တို့ပြန်တော့မယ်"
"ဟင်... တကယ်... နှင်းဆီနဲ့အတူ မပြန်ဘူးလား?"
"မပြန်ပါဘူး..."
ပြတ်ပြတ်သားသားလေး ငြင်းလိုက်တဲ့ သူမစကားကြောင့် နှင်းဆီ အသံထွက်အောင်ပင်ရယ်လိုက်ရင်း လုပ်လက်စ အလုပ်ကို ရပ်ပစ်လိုက်တယ်။
"ဟားဟားဟား... ဘေဘီ... ခင်ဗျားလေ အပိုတွေပြောပြန်ပြီသိလား... နှင်းဆီနဲ့မပြန်ပဲ ခင်ဗျားတစ်ယောက်တည်း ဘယ်တုန်းက ပြန်ဖူးလို့လဲ?"
"ဟင်... မင်းနဲ့မတွေ့ခင်တစ်ချိန်လုံး တို့ဘာသာပြန်နေကျပဲလေ..."
"အော်... အော်... အဲ့လိုလား... ဒါဆို လာထား..."
"အမေ့..."
မထင်မှတ်စွာဖြင့် ထိုင်နေရာမှ ခပ်သွက်သွက်ထရပ်ပြီး သူမလက်ကိုဆွဲရင်း သူမကို ရုံးခန်းအတွင်းခေါ်လိုက်တယ်။
ပြီးတော့ တံခါးဂျက်ကို ခပ်သွက်သွက်ချပြီး နှင်းဆီက သူမကို လက်ပိုက်ပြီး စိန်ပြေနပြေစိုက်ကြည့်တယ်။
"ကဲ အခုနစကားလေး သိပ်မကြားလိုက်လို့ နည်းနည်းလောက်ထပ်ပြောပေးပါဦး ဒေါ်မင်းထက်သာလွန်"
လက်ပိုက်ပြီး စိန်ပြေနပြေစိုက်ကြည့်နေတဲ့ နှင်းဆီအကြည့်တွေဟာ စူးရဲလွန်းလာတယ်။
သူမရှက်သလိုဖြစ်ရင်း မျက်စိလွှဲကာ ခပ်တိုးတိုးပြောမိတယ်။
"တို့က စလိုက်တာပါနော်"
"အင်းလေ အာ့ဆို ထပ်စလေကွာ... နားထောင်ချင်လို့"
နှင်းဆီပြောရင်း သူမရှေ့ တစ်လှမ်းချင်းစီ တိုးကပ်လာတယ်။
သူမ ကြောက်လန့်တကြား နှင်းဆီကို မော့ကြည့်မိရင်း နောက်ဆုတ်ကာ ဆုတ်ကာသွားမိရာကနေ ကျောပြင်ဟာ နံရံနဲ့ ထိကပ်သွားရတယ်။
"အမေ့..."
"ကဲ... နောက်ထပ် ဆုတ်စရာ နေရာကျန်သေးလား မင်းထက်သာလွန်..."
မေးရင်း နှင်းဆီဟာ နံရံကို လက်နှစ်ဖက်နဲ့ထောက်ကာ နဖူးက သူမနဖူးဆီ ကွေးညွှန့်လာပြီး လေသံသဲ့သဲ့နဲ့ မေးပြန်တယ်။
"မင်း ဒါဘာလုပ်တာလဲ နှင်းဆီ..."
"ခင်ဗျားကို အသည်းယားလို့လေ ဒေါ်မင်းထက်သာလွန်... အသည်းယားလို့ပေါ့..."
ပြောရင်း သူမမေးစေ့ဆီ နှင်းဆီလက်တစ်ဖက်ရောက်လာပြီး သူမ မျက်နှာကို ဆတ်ခနဲ ဆွဲမော့ပစ်တယ်။
"အင့်..."
ခပ်ဖူးဖူးလေး ရွှမ်းစိုနေတဲ့ သူမနှုတ်ခမ်းတွေကို နှင်းဆီအငမ်းမရ ငုံ့ကာ စိုက်ကြည့်တယ်။
"ဒီနှုတ်ခမ်းတွေပေါ့... ဒီနှုတ်ခမ်းတွေ... ဟုတ်တယ်... နှင်းဆီ စောက်ရမ်းစွဲလန်းမိတဲ့ ဒီနှုတ်ခမ်းတွေ... နေစမ်းပါဦး ဒေါ်မင်းထက်သာလွန်... ခင်ဗျားဘာလို့ နှင်းဆီလိုလူကို အနားကိုပြန်ခေါ်ထားတာလဲဟင်?"
"မင်းကို ယုံချင်လို့ပေါ့..."
"ခင်ဗျားသိလား... ခင်ဗျားကိုရော ခင်ဗျားနှုတ်ခမ်းကိုရော ခင်ဗျားနှုတ်ခမ်းက ထွက်တဲ့စကားလုံးတွေကိုရော ကျမအရမ်းမက်မောမိနေပြီ"
"ပြွတ်စ်စ်စ်..."
ရွှမ်းစိုတဲ့မျက်ဝန်းကြီးတွေနဲ့ပြောရင်း သူမနှုတ်ခမ်းတွေကို နှင်းဆီ ငုံ့ကာနမ်းစုတ်တယ်။
ပထမပိုင်း ရှက်စိတ်နဲ့ ပြန်မနမ်းမိပေမယ့် နမ်းရှိုက်တဲ့စက္ကန့်တွေဟာ တဖြည်းဖြည်းကြာလွန်လာတဲ့အခါ သူမလည်း နှင်းဆီကို ပြန်လည်နမ်းမိတယ်။
နှင်းဆီက နှုတ်ခမ်းတွေကို တ၀နမ်းစုတ်ပြီးနောက် သူမမျက်နှာကို မက်မက်မောမော ငေးစိုက်ကြည့်ပြန်တယ်။
ပြီးတော့ မျက်နှာတစ်ခုလုံး နေရာအနံ့ တစ်ချက်ချင်း တစ်ချက်ချင်း လိုက်နမ်းပြန်တယ်။
မျက်နှာအနံ့ဆိုတာမှ တကယ့်ကို မျက်နှာအနံ့ပါ။
နှင်းဆီရဲ့ အနမ်းနဲ့ မထိတွေ့ဖူးတဲ့ အပ်ဖျားစာလောက် နေရာလေးတောင် မကျန်တဲ့အထိ နှင်းဆီဟာ အကြိမ်ကြိမ်အခါခါ သူမမျက်နှာအနှံ့ကို စိတ်ရှည်လက်ရှည်နဲ့ကို နမ်းတာပါ။
မက်မက်မောမောနဲ့ကိုနမ်းတာပါ။
ရူးရူးသွပ်သွပ်နဲ့ကို နမ်းတာပါ။
အားရအောင်လည်း နမ်းပြီးရော နှင်းဆီ သဘောကျသလိုလေးပြုံးတယ်။
"ဘေဘီ... ဒီတစ်ခါတော့ ခင်ဗျားနှုတ်ခမ်းမှာ နှုတ်ခမ်းနီတွေ မကျန်တော့ဘူးသိလား?"
"သွား... ဖယ်..."
သူမရှက်သလိုလေး နှင်းဆီရင်ဘတ်ကို ခပ်ဖွဖွထုရင်း တွန်းဖယ်တော့ နှင်းဆီအသာလေး ကိုယ်ကိုတိမ်းရင်းဖယ်ပေးတယ်။
"ကဲ ကားထဲက စောင့်နေ... နှင်းဆီ ဒီကအလုပ်တွေ လက်စသတ်ပြီးတာနဲ့ ဘေဘီ့ဆီထွက်လာခဲ့မယ်"
"အင်း... ပြီးရော..."
"ဒေါ်မင်းထက်သာလွန်..."
"ရှင်..."
"ခင်ဗျားဒီနေ့အားတယ်မို့လား..."
"ဘာလုပ်ဖို့လဲ?"
"ဟိုနေ့က ခင်ဗျားပြောတယ်လေ... နှင်းဆီအကြောင်းကို သေသေချာချာလေး ဒီထက်ပိုသိချင်တယ်ဆို?"
"အင်း..."
"အာ့ ခင်ဗျားကို လိုက်ပြဖို့... နှင်းဆီ ဒီလို ဘောလုံးရာသီဆို ဘာတွေလုပ်တတ်လဲဆိုတာ..."
"အော်... အင်း..."
"စောင့်နေနော်... ကားထဲက... နှင်းဆီ ဒီမှာသိမ်းစရာရှိတာ သိမ်းပြီး လာခဲ့လိုက်မယ်..."
"အိုကေ တို့စောင့်နေမယ်"
နှင်းဆီအခန်းထဲက သူမ ပြန်ထွက်လာတော့ စိတ်ထဲသာယာမှုက အပြည့်။
ဘာပဲဖြစ်ဖြစ် နှင်းဆီဟာ တဖြည်းဖြည်းနဲ့ သူမအပေါ် ရိုးသားတော့မှာပါလားဆိုတဲ့ အတွေးနဲ့... သူမ အကြိမ်ကြိမ် ပြုံးမိနေပြီ။
ကားထဲရောက်တော့ သူမ သီချင်းလေးတစ်ပုဒ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးချယ်ပြီး ဖွင့်မိတယ်။
Mariah Carey ရဲ့ My All သီချင်းက ကားထဲမှ ပျံ့လွင့်လာတဲ့အချိန် သူမ သီချင်းစာသားတွေကို အသာလေး လိုက်လည် ရွတ်ဆိုနေမိတယ်။
"I am thinking of you, in my sleepless solitude tonight....
If it's wrong to love you, then my heart just won't let me be right...
Couse I've drowned in you, and I won't pull through without you by my side"
သီချင်းစာသားတွေက တကယ့်ကို သူမနဲ့တိုက်ဆိုင်လွန်းတယ်။
ဘာပဲဖြစ်လာ ဖြစ်လာ... သူမကတော့ နှင်းဆီကို ဖက်တွယ်ထားမိနေဦးမှာပဲ။
နောက်ဆုံး နှင်းဆီဖက်ကနေ ချစ်တယ်၊ ကြိုက်တယ်လို့ တစ်ခွန်းလေးတောင် ၀န်မခံပဲ နမ်းလိုနမ်း၊ ဖက်လိုဖက် လုပ်နေပေမယ့်လည်း သူမဖက်က မနာနိုင်တာပဲကြည့်တော့လေ။
အခုလည်း နှင်းဆီရဲ့ အမူအကျင့်အမှန်တစ်ခုလေးသိရဖို့ကို သူမ ထီပေါက်တာထက်ကို ပျော်နေမိပြန်တာ။
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romantizmကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။