(Zawgyi code)
"ဟာ စိတ်မဆိုးပါနဲ့။ တစ်သက်လုံး အပိုင်မယူပါဘူး။ အများဆုံး ၆ လလောက်ပဲ ပေါင်းမှာပါ။ ပြီးတာနဲ့ လီလီ့ဆီပြန်ပေးမယ်လေ"
"မိုးနှင်းဝေ... တောက်..."
အယ်လီယာနာဒေါသထွက်သွားရင်း ခုံပေါ်ကို လက်ဝါးနဲ့ ရိုက်ချတယ်။
ဒီတော့ ဘေးဝိုင်းက လူတွေက သူမတို့ဝိုင်းကို လှည့်ကြည့်လာကြရောလေ။
ဒါကို သူမကပဲ လက်လေး ကာရင်းကာရင်း တောင်းပန်သေးတာ။
ပြဿနာကို စတဲ့လူက သူမ။ အယ်လီယာနာဒေါသထွက်လို့ ရှူးရှူးရှဲရှဲဖြစ်တော့ ပတ်ဝန်းကျင်ကိုတောင်းပန်ရင်း နာမည်ကောင်းဝင်ယူတာလည်း သူမ။
အယ်လီယာနာ စိတ်ပျက်စွာ သူမကို စိုက်ကြည့်လာတယ်။
"အခုမှ ငါ သေချာသိလိုက်ရပြီ မိုးနှင်းဝေ..."
"ဘာကိုသိလိုက်ရတာလဲ?"
"နင့်ကို ဘာလို့ မမက လမ်းခွဲခဲ့တာလဲဆိုတာ..."
"ပြောကြည့်ပါဦး... ဘာလို့လဲ?"
"နင် အဲ့လို ဒရမ်မာတွေခင်းတတ်လွန်းလို့ပေါ့"
အယ်လီယာနာ့စကားကိုကြားရတော့ သူမ စိတ်ပျက်စွာ နှုတ်ခမ်းမဲ့ရင်း ပြုံးလိုက်မိတယ်။
"နင် ဘာပြုံးတာလဲ?"
"ပြောမယ်ဟာ... ပြောရမှာ အားတော့နာတယ် သိလား... နင် မမ မမဆိုပြီး တမမတည်း မမနေတဲ့ အဲဒီ ဒေါ်မင်းထက်သာလွန်ကိုလေ... ငါက ခင်ဗျား ခင်ဗျားနဲ့ ပြောဆိုဆက်ဆံခဲ့တာ။ နောက်ပြီး ငါတို့ လမ်းခွဲခဲ့တယ်ဆိုတာ ငါက သူ့ကို အဆက်သွယ်ဖြတ်လိုက်လို့။ တကယ်လို့ ငါသာ သူ့ကို အဆက်သွယ်မဖြတ်ဘူးဆို ငါ ဘယ်နှစ်ခါပဲဖြစ်ဖြစ် လိမ်လိမ်... သူက မြင်မှာမဟုတ်ဘူး။ အော် နောက်ပြီး တခါတည်း မှတ်သွား။ လူချင်းတွေ့ရင် နင် သူ့ဆီပြန်မေးလို့ရအောင်။ ငါတို့ တွဲတုန်းကလေ ဒရမ်မာခင်းတတ်တာ ငါ မဟုတ်ဘူး... သူ... အေး ငါက စားတတ်ဝါးတတ်တာလေးပဲ... သိတယ်မို့လား အဲဒီတုန်းက စော်ကြီးကလည်း ငါနဲ့မှစပြီး ရည်းစားထားဖူးတာဆိုတော့ ငါက သူ့ရဲ့ အတွေ့ကြုံသစ်ဖြစ်နေတာလေ... ငါ့မှငါပဲနော်... မနည်းကို ခါချပြီး ထွက်ပြေးခဲ့ရတာ..."
မကျေနပ်သမျှကို တစ်ခွန်းချင်း စိန်ပြေနပြေပြောပစ်လိုက်ပြီးတာနဲ့ သူမ စားပွဲပေါ်က နေကာမျက်မှန်ကို ဆတ်ခနဲ ကောက်ဝတ်ပြီး အဲဒီကော်ဖီဆိုင်ထဲက ထွက်ခဲ့လိုက်တယ်။
အယ်လီယာနာတော့ ရေလည်ပေါက်ကွဲပြီး ကျန်ခဲ့မှာပဲ။
ကျန်ကျန်လေ... စတွေ့တဲ့နေ့တည်းက မေတ္တာကိုမရှိတာ ဒင်းကို။
ဘာပဲဖြစ်ဖြစ် မိုးရဲ့စကားတွေကတော့ သူမ ပြန်ကြားကို ကြားဦးမှာပါ။
-------------------------------------------------------
"ဘာ... ဘာ ... ဘယ်လိုပြောတယ်။ သူက ချိန်းတာကို ဟန်နီက သွားတွေ့ခဲ့တယ်ဟုတ်လား?"
"သူက အကူညီတောင်းချင်လို့ဆိုပြီးပြောလာတော့... သွားတွေ့လိုက်မိတာ..."
"ဘာပဲဖြစ်ဖြစ် ဟန်နီ သူ့ဆီသွးတွေ့တာကိုက မှားတာပဲ... သူက သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာကို မမ ဟန်နီ့ကို ပြောပြထားပြီးသားမို့လား?"
မိုးချိန်းလို့ လီလီသွားတွေ့ခဲ့တယ်လို့ လီလီဟာ သူမဆီ ၀န်ခံလိုက်ရုံရှိသေး။
သူမ တော်တော်လေး ဒေါသထွက်သွားတာလေ။
ဘာလို့ ဒီလိုဒေါသထွက်တယ်ဆိုတာ သူမကိုယ်သူမလည်း သေချာမသိ။
သေချာတာက သူမ မိုးနဲ့ထပ်မပတ်သတ်ချင်။
မြင်လည်း မမြင်ချင်။ ဆုံလည်း မဆုံချင်။
"ဒါနဲ့ သူနဲ့သွားတွေ့ပြီး ဟန်နီတို့ ဘာတွေပြောခဲ့ကြသလဲ?"
"သူက မမကို ဟန်နီ့ဆီကနေ ပြန်တောင်းနေတယ်..."
"ဟွန့်... ထင်သားပဲ"
သူမ နှုတ်ခမ်းတစ်ဖက်တွန့်ရင်း ခနဲ ပြုံးမိသေးတာ။
"အပိုင်တော့မဟုတ်ဘူး... ခြောက်လတည်းတဲ့"
"ဘာ?"
လီလီရဲ့နောက်ဆက်တွဲစကားကြောင့် အခုန မဲ့ပြုံးတောင် ကြက်ပျောက်ငှက်ပျောက်။
"သူ သူက အဲ့လိုပဲပြောတာလား လီလီ..."
"မမ... လီလီတစ်ခုမေးမယ်... မမရဲ့ အချစ်ဦးက သူနော်..."
"အင်းလေ..."
"မမ သူ့ကို အရမ်းချစ်ခဲ့တာလား?"
အယ်လီယာနာရဲ့မေးခွန်းကို သူမ ဆက်မဖြေ၀ံ့။ ဘာတွေများ မိုးထောင်လိုက်ပြီလဲ။
မိုးဟာ လူကဲခတ်သိပ်တော်တာ။
သူမနဲ့ လီလီတို့ ပျက်သနာဖြစ်အောင် မိုးလွယ်လင့်တကူဖန်တီးနိုင်တယ်ဆိုတာ သူမသိထားပြီးသား။
"သူထားခဲ့လို့ မမက သူနဲ့ လမ်းခွဲခဲ့တာဆို... သူသာ မထားခဲ့ဘူးဆို မမက သူ့ကိုပဲ ဆက်ချစ်နေမှာဆို... ဟုတ်လား?"
"လီလီရယ်... စိတ်ရှုတ်စရာတွေ မပြောစမ်းပါနဲ့ကွယ်... တို့ စိတ်ညစ်နေတယ်..."
"ဘာကိုစိတ်ညစ်နေတာလဲ?"
"ဟင့်အင်း ထားလိုက်ပါ..."
သူမ စိတ်ထဲ ဒေါသလိုလို ခံစားချက် ၀င်လာပြီးနောက်ပိုင်း ဆက်ပြီးခံစားမိတာက စိုးရီမ်မှု။
ဒါကို လီလီ့ကိုပေးသိလို့တော့ မဖြစ်။
ဒီစိုးရီမ်မှုကို လီလီသိရင် ပြဿနာက တက်ဦးမှာ။
"ကဲ ပြောပါ မမရယ်... လိမ်တတ်တာလည်း မဟုတ်ပဲနဲ့"
"သူက ဘာလို့ တို့ကို ၆ လပဲ ပြန်လိုချင်ရတာလဲ? အဲဒါ မထူးဆန်းဘူးလား"
"မမကို တန်ဖိုးမထားလို့ပဲဖြစ်မှာပေါ့... အရင်ကရော သူ မမကို တန်ဖိုးထားခဲ့လို့လား?"
"သူ့မှာလည်း သူ့အခက်ခဲနဲ့ သူပါပဲ လီလီရယ်... ကဲပါ ပြီးခဲ့တာတွေပြောနေလို့လည်း ထူးလာမှာမှ မဟုတ်တာ။ အခု သူ တို့ကိုပြန်လိုချင်တာ ၆လဆိုတဲ့ စကားက ဘာကိုရည်ရွယ်တာလဲ? သူ့မှာ ရောဂါကြီးတစ်ခုခုများ..."
"အော်.... အော်... အော်... ခင်ဗျားကို တန်ဖိုးမထားလို့ ထားသွားတဲ့..."
"ဖျောင်း..."
"ဟာ..."
အယ်လီယာနာ ထူပူသွားတဲ့ ပါးလေးကို ကိုင်ရင်း သူမကို ပြန်ကြည့်နေတယ်။
သူမလည်း စိတ်ဆိုးလို လက်စလက်န ပြင်းသွားတယ်နဲ့တူတယ်။
လီလီ့ပါးလေး နီရဲလို့။
"မင်းကိုတို့ပြောထားပြီးသား။ တို့အပေါ် စကားပြောရင် ဆင်ခြင်ပါ၊ မရိုင်းပါနဲ့လို့။ တို့နဲ့ မင်း အသက်မတူဘူးနော် လီလီ"
"လီလီနဲ့ကျတော့ အသက်မတူဘူးတဲ့လား မမရယ်... ဟို မိုးနှင်းဝေက မမကို ခင်ဗျား ခင်ဗျားနဲ့ ခေါ်ပြောခဲ့တုန်းကတော့ မမ ဘယ်လိုများ တုန့်ပြန်ခဲ့လဲ လီလီသိချင်လိုက်တာ..."
မျက်ရည်စများ ပါးပြင်ပေါ်စီးကျရင်း လီလီက သူမရဲ့အခန်းထဲမှ ထွက်သွားပါတယ်။
နောက်ကနေ လိုက်ခေါ်ပြီး တောင်းပန်ဖို့သင့်တယ်ဆိုတာ သူမ နားလည်တယ်။
ဒါပေမဲ့ စိတ်က ပါ မနေဘူး။
စိတ်ထဲ စိုးရီမ်နေတာက မိုးနှင်းဝေ။
ဘာရောဂါဖြစ်လို့များ သူမကို ၆ လ ပြန်တောင်းရတာလဲဆိုပြီး တွေးနေမိတာ။
ဘာများဖြစ်လို့လဲဆိုပြီး မေးရင်လည်း မိုးဟာ ဖြေမှာမဟုတ်ဘူး။
ဒီတော့ သူမ ဘာလုပ်သင့်လဲ? ဘာလုပ်ရမလဲ? သက်သက် လီလီ့ကို ရန်စချင်လို့ သူမကို ၆ လလောက် ပြန်တောင်းတာလား?
မိုးနှင်းဝေက ဒီလိုမျိုး အလကားသက်သက်လေကုန်ခံပြီး ရန်စတတ်တဲ့လူ မဟုတ်ဘူးဆိုတာလည်း သူမက သိနေလေတော့။
နောက်ဆုံး အတွေးထဲဝင်လာတဲ့ အကြံက မိုးနှင်းဝေ ဆေးရုံတက်တုန်းက ကုသပေးခဲ့တဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်ဇောကို ဖုန်းဆက်မေးကြည့်သင့်တယ်ဆိုတဲ့အကြံ။
အတွေးနဲ့အတူ သူမသည် မိုးနှင်းဝေကို တင်ပေးခဲ့ဖူးတဲ့ အထူးကုဆေးရုံရဲ့ ဖုန်းနံပါတ်ကို ရှာဖွေလိုက်မိတော့တယ်။
ဖုန်းနံပါတ်ရတာနဲ့ တဆက်တည်းပဲ ဒေါက်တာကျော်ဇောရဲ့ ဖုန်းနံပါတ်ကို စုံစမ်းမိပြန်တယ်။
ဒါပေမဲ့ ဒေါက်တာကျော်ဇောနဲ့သာ ဆေးခန်းပြဖို့ တိုကင်ယူလို့ရမယ်၊ ဒေါက်တာကျော်ဇော ဖုန်းနံပါတ်ကို ပြောခွင့်မရှိပါဘူးဆိုတဲ့ ဆေးရုံဝန်ထမ်းမလေးအသံကြောင့် သူမ ချက်ချင်းပဲ ဒေါက်တာကျော်ဇော ဆေးရုံမှာရှိမယ့် အနီးကပ်ဆုံးအချိန်အတွက် တိုကင်တင်ပြစ်လိုက်မိတယ်လေ။
တကယ်တော့ သူမ မအားပါဘူး။
ဒါမဲ့ အရေးကြီးတဲ့အလုပ်တွေကို ထားခဲ့ပြီး သူမ ဆေးရုံသို့ ထွက်ခဲ့လိုက်မိတယ်။
ရင်ထဲမှာလဲ စိုးရိမ်စရာတွေတစ်ပုံကြီးနဲ့ပေါ့။
သူမအလှည့်ရောက်တဲ့အထိ ထိုင်စောင့်နေရတာကိုပဲ စိတ်ထဲ အတော်ပဲ လေးလံလာတာလေ။
"မင်းထက်သာလွန်... အခန်းထဲဝင်လို့ရပါပြီနော်"
လူနာခေါ်ပေးတဲ့ နာ့စ်လေးက သူမနာမည်ကိုခေါ်လိုက်တာနဲ့ သူမ ကျောထဲ တင်းခနဲဖြစ်သွားတယ်။
သူမ ဒေါက်တာကျော်ဇောကို ဝင်တွေ့တော့ ဒေါက်တာကျော်ဇောက သူမကို လူနာလို့ ထင်နေသေးတာ။
"မဟုတ်ဘူး။ ကျမ ဝေဒနာပြသဖို့ လာခဲ့တာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အပတ်တုန်းက ကျမရဲ့ပါတီထဲမှာ မိုးနှင်းဝေဆိုတဲ့ မိန်းကလေး မူးလဲလို့ ဒီဆေးရုံကို တင်ပေးခဲ့တာလေ။ အဲဒီတုန်းက သူ့ကို အဓိက ကုသပေးခဲ့တာ ဒေါက်တာပါ။ အဲ့ဒါ..."
"အော... ကျတော် မှတ်မိပြီခင်ဗျ။ ဟို ဗိုလ်ဆန်ဆန်မျက်နှာနဲ့ မိန်းကလေးကိုပြောတာမို့လား... ညပိုင်းကြီးရောက်လာတာ"
"ဟုတ်ပါတယ်။ အဲဒီတုန်းက ကျမလည်း သူနဲ့အတူလိုက်ခဲ့သေးတာလေ..."
"အော်... ဟုတ်ပြီ ဟုတ်ပြီ။ ကျတော် မှတ်မိပြီ"
"ဟုတ်ကဲ့ ဒေါက်တာ..."
"ကဲ ပြောပါဦးခင်ဗျ... ဆေးခန်းပြဖို့မဟုတ်ပဲ ညီမက ကျွန်တော့်ကိုလာတွေ့တာ ဘာကိစ္စများလဲ မသိဘူး"
"ဟို... ဒေါက်တာ... ဖြစ်နိုင်ရင် ကျမ အဲဒီမိုးနှင်းဝေရဲ့ ကျန်းမာရေး အခြေနေလေးကို သိချင်တာပါ..."
တကယ်တော့ လူနာတွေရဲ့ ရောဂါအခြေအနေကို လူနာရဲ့ မိသားစုဝင်တွေပဲ သိခွင့်ရှိတယ်ဆိုတဲ့ ပေါ်လစီကို သူမ သိပြီးသားပါ။
ဒါပေမယ့် မိုးရဲ့ရောဂါအခြေအနေကို သိချင်နေတဲ့အတွက် သူမ အရဲစွန့်ပြီး မေးလိုက်မိတာပါ။
"မိုးနှင်းဝေရဲ့ ကျန်းမာရေးအခြေအနေက နှလုံးနဲ့ပတ်သတ်တာပါ... ဒါပေမဲ့ ညီမလည်း သိမှာပါ။ လူနာရဲ့မိသားစုဝင်တွေပဲ လူနာရဲ့ ကျန်းမာရေးအခြေအနေကို သိခွင့်ရှိတာဆိုတော့... ဒါနဲ့ ညီမနဲ့ မိုးနှင်းဝေက ဘယ်လိုများ တော်စပ်လဲမသိဘူး"
ဒေါက်တာကျော်ဇောမေးတဲ့မေးခွန်းကို သူမ ဘယ်လိုပြန်ဖြေရမှန်းမသိ။
ချစ်သူတွေတော်ခဲ့ဖူးတယ်လို့ဆိုရအောင်လည်း မြန်မာနိုင်ငံအနေနဲ့က မိန်းကလေးချင်းချစ်သူဆိုတာမျိုးကို အရေးတယူ အလေးနက်ထားပေးကြတာမျိုးမဟုတ်။
တရားဝင်ဆိုတာမျိုးလည်း မဟုတ်ပြန်။
အမျိုးတော်တယ်လို့ပြောလိုက်ရင်လည်း ဘယ်လိုတော်စပ်တာလဲဆိုတာ သေချာမေးလာဦးမှာ။
ညီအမလို့ပြောရအောင်လည်း ရုပ်ရည်ချင်းက နည်းနည်းလေးမှ မတူ။
တူမလို့ပြောလိုက်ရင်ရော?
"မိုးနှင်းဝေကတော့ပြောထားတယ်။ သူ့မှာ ရှားရှားပါးပါး အမ ၀မ်းကွဲတစ်ယောက်ရှိတယ်တဲ့။ အဲဒီအမက သူ့ကိုသိပ်ချစ်တယ်ဆိုပဲ... အဲဒီအမ၀မ်းကွဲဆိုတာ ညီမလား?"
ကိုယ့်ကိုယ်ကို ဘယ်လိုတော်စပ်ပါတယ်ဆိုတာ ရှင်းပြဖို့ စကားလုံးရှာဖွေနေတုန်း ဒေါက်တာမေးလာတဲ့မေးခွန်းကြောင့် သူမ တော်တော်လေး ကျေနပ်မိတယ်။
ဆတ်ခနဲ ပြုံးလိုက်ရင်း ခေါင်းကလည်း ခပ်သွက်သွက်ညိတ်မိသွားတယ်လေ။
"ဟုတ်... ဟုတ်ပါတယ်။ ကျမက မိုးနှင်းဝေရဲ့ အမ၀မ်းကွဲပါ"
"တကယ်ဆို အမ၀မ်းကွဲတွေဘာတွေကို ကျတော်တို့ လူနာရဲ့ရောဂါအခြေနေကို ပြောပြလေ့မရှိဘူးခင်ဗျ။ ဒါပေမဲ့ ညီမက မိုးနှင်းဝေအပေါ် တော်တော်လေး စိုးရိမ်ပုံပေါ်နေတာရယ်၊ မိုးနှင်းဝေမှာကလည်း ဒီအမ၀မ်းကွဲတစ်ယောက်ပဲရှိတယ်ဆိုတာရယ်ကြောင့် ကျတော်ပြောပြလိုက်ပါ့မယ်..."
"ဟုတ် ဒေါက်တာ...ေ ကျးဇူးတင်ပါတယ်။ ဒေါက်တာ... သူ့ရောဂါအခြေအနေက မစိုးရိမ်ရဘူးမို့လားဟင်?"
"စိုးရိမ်ရတဲ့အခြေနေကိုပါ ကျော်လွန်သွားတာပါခင်ဗျ။ မိုးနှင်းဝက လူ့လောကမှာ နောက်ထပ်အများဆုံးနေရမှ ၆ လ ပေါ့..."
"ရှင်...???"
"ကျတော် ဒီလိုစကားမျိုးပြောရတာ စိတ်မကောင်းပါဘူးခင်ဗျာ။ ကျတော် ပြောလည်း မပြောချင်ပါဘူး။ မတတ်သာလို့သာ ပြောရတာပါ"
"သူ... သူက ဘာများဖြစ်လို့လဲဒေါက်တာ..."
"အဓိက,ကတော့ နှလုံးပေါ့... သူ့နှလုံးက အခြေအနေ သိပ်မကောင်းတော့တာ..."
ဒေါက်တာက နောက်ထပ်စကားတွေ ထပ်ပြောနေပါသေးတယ်။
ရောဂါဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ရောဂါအခြေအနေကိုပေါ့။
ဒါပေမဲ့ သူမ မကြားတော့။ သူမရင်ထဲ စိုးရိမ်မှုက ဒီရေလိုမြင့်တက်လာခဲ့ပြီလေ။
သူမ ဆေးရုံထဲက မထွက်ခင်မှာပဲ ဦးခန့်အောင်ဆီဖုန်းဆက်ပြီး သာလွန်ဆောက်လုပ်ရေးရဲ့ MD မိုးနှင်းဝေရဲ့ ဖုန်းနံပါတ်ကို ရှာခိုင်းလိုက်မိတယ်။
အရေးကြီးတယ်လို့ပြောလိုက်တဲ့အတွက် ဦးခန့်အောင်က သိပ်မကြာပဲ သူမကို မိုးနှင်းဝေရဲ့ ဖုန်းနံပါတ်ကို ရှာပေးခဲ့တယ်လေ။
သူမ ဖုန်းနံပါတ်ရတာနဲ့ မိုးဆီ ဘာဆိုဘာမှ မစဉ်းစားပဲ ဖုန်းဆက်လိုက်မိတယ်။
ဒါပေမဲ့ ဖုန်းက ကိုင်မယ့်လူမရှိဘူး။
တစ်ခါခေါ်တယ်... မရဘူး။
နှစ်ခါခေါ်တယ်... မရဘူး။
သုံးခါခေါ်တယ်... မရပြန်ဘူး။
နောက်တော့ သူမ အကြိမ်ကြိမ်အခါခါခေါ်ဆိုလို့ မရတော့တဲ့အဆုံး သာလွန်ဆောက်လုပ်ရေးရဲ့ လိပ်စာကိုမေးပြီး သူမက မိုးရဲ့ Company အထိ လိုက်သွားခဲ့မိတယ်။
သူမကို ကောင်းကောင်းလှည့်စားသွားခဲ့သော၊ အကြိမ်ကြိမ်လိမ်လည်လှည့်ဖျားသွားခဲ့သော၊ နာမည်အစစ်မှန်ကိုတောင် ပေးမသိသော၊ သူမ သိပ်ကိုစိတ်နာနေသော မိုးနှင်းဝေအတွက် သူမ အခု အရမ်းကို ပူပင်ပွက်လောရိုက်နေမိပြီ။
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့... မိုးရဲ့လက်ကျန် အချိန်လေးမှာ သူမ မိုးအတွက် ဘာများ ဖြည့်ဆည်းပေးနိုင်မလဲ၊ ဘာများ ကုစားပေးနိုင်မလဲ... ဘာမဆိုလုပ်ပေးဖို့ အသင့်ဖြစ်နေရင်း သူမဟာ မိုးရဲ့ Company အထိ လိုက်သွားခဲ့မိပြန်တယ်လေ။
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။