(Zawgyi code)
ရုံးဆင်းချိန်ရောက်လာပြီ။
နှင်းဆီ လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးနောက် ရုံးဆင်းချိန်ရောက်ပြီဆိုတာနဲ့ ခပ်သွက်သွက် ရုံးခန်းအဆောက်အဦထဲက ထွက်ခဲ့လိုက်မိတယ်။
အဲဒီအဆောက်အဦထဲနေရတာ အရမ်းကို မွန်းကြပ်နေပြီလေ။
အဲဒါကြောင့် ညနေခင်း နေပူကျဲကျဲမှာ ဝေးပါတယ်ဆိုတဲ့ကားမှတ်တိုင်ဆီသို့ ရေတံခါးမှ လွတ်ထွက်လာတဲ့ ရေလှိုင်းတွေလို နှင်းဆီ ခပ်သွက်သွက်လျှောက်နေမိတာ ပူပါတယ်ဆိုတဲ့ နေပူရှိန်ကိုလည်း သတိမထားမိသလို... ကိုယ်စီးထားတဲ့ ဒေါက်ဖိနပ်ကြောင့် ခြေထောက်တွေ နာကျင်နေပြီဆိုတာကိုလည်း သတိမထားမိခဲ့။
"မပန်းနှင်းဆီ..."
မထင်မှတ်စွာကြားလိုက်မိတဲ့ အသံတစ်ခု။
အသံကိုကြားလိုက်ကတည်းက ဒီလောက်အေးချမ်းနေတဲ့ အသံမျိုး မင်းထက်သာလွန်ကလွဲပြီး တခြားဘယ်သူမှ မဖြစ်နိုင်ဘူးဆိုတာ နှင်းဆီ သိနှင့်နေရင်းက လှည့်ကြည့်လိုက်မိတယ်။
သူမရဲ့အနောက်တည့်တည့်မှာ ထီးအနက်ရောင်အကြီးကြီးတစ်ချောင်းကို မနိုင်မနင်းဆောင်းထားတဲ့ ဒေါ်မင်းထက်သာလွန်။
ဟိုးအနောက်ခပ်လှမ်းလှမ်းမှာတော့ သူမရဲ့ အော်ဒီက ထုတ်တဲ့ နောက်ဆုံးပေါ် off-road ကာနက်ကြီးတစ်စီးက စက်နှိုးထားရက်နဲ့ ရပ်ထားတာ တွေ့လိုက်ရတယ်။
"ဘာကိစ္စရှိလို့လဲ?"
သူမနဲ့ဝေးရာကို ပြေးပါတယ်ဆိုမှ သူမက နှင်းဆီရဲ့ နောက်တည့်တည့်မှာ ရောက်နေတဲ့ အဖြစ်ကြီး။
နှင်းဆီ စိတ်ပျက်သလိုဖြစ်ရင်း မေးတော့ သူမက တစ်လှမ်းချင်းစီဖြင့် နှင်းဆီအနားသို့ တိုးကပ်လာပြီး ထီးမိုးပေးတယ်။
ထီးက ကြီးလွန်းတော့ ထီးကိုင်ထားတဲ့ သူမလည်း ယိုင်တိုင်တိုင်လေးဖြစ်နေတာ မမြင်ရက်တဲ့အဆုံး နှင်းဆီ ထိုထီးကို ခပ်သွက်သွက် ဆွဲယူလိုက်ရတယ်။
"ဘာလုပ်တာလဲ မပန်းနှင်းဆီ?"
"MDမှ ထီးကို မနိုင်တာ... ဘာလို့ ဆောင်းနေသေးလဲ... နေပါဦး... ကျမ မေးပါရစေဦး။ အရင်ကရော MD အခုလို ကိုယ်တိုင်ကိုယ်ကျ ထီးဆောင်းဖူးရဲ့လား... MDပုံစံကြည့်ရတာ တခြားလူတစ်ယောက်ယောက်က ဆောင်းပေးလေ့ရှိတဲ့ ထီးကိုပဲ ဆောင်းခဲ့ဖူးသူပုံစံပါ..."
"နေပူကျဲကျဲကြီးမှာ အဆောင်းမပါ ဘာမပါနဲ့... အခုလို လျှောက်သွားနေတာ မပန်းနှင်းဆီ နောက်နေ့ ဖျားမှာ မကြောက်ဘူးလား... အဲ့လို ဖျားမှာ မစိုးရိမ်ဘူးလား??"
သူမရဲ့ မေးခွန်းထဲမှာ စိုးရိမ်မှုတွေကပ်ပါနေတာကို နှင်းဆီ အတိုင်းသာမြင်တွေ့ခံစားမိတယ်။
ဟင့်အင်း.... ခင်ဗျားရဲ့ အဲဒီလို စိုးရိမ်ပေးမှုတွေနဲ့ ကျမမတန်ပါဘူး ဒေါ်မင်းထက်သာလွန်ရယ်။
"ဖျားစရာလား... ငယ်ငယ်တည်းက အခုလို နေပူထဲသွားတတ်လာတတ်နေတာပဲ။ အခုလို နေပူထဲလျှောက်နေတာက ကျမအတွက် ဘာမှမထူးဆန်းတော့ဘူးလေ။ ထူးဆန်းတာက MD. ကိုယ့်ဘာသာကိုယ် ရုံးဆင်းပြီး သွားချင်တဲ့နေရာ တန်းသွားလို့ရရဲ့သားနဲ့ ဘာလို့ ကျမလို ဘာမဟုတ်တဲ့ ၀န်ထမ်းတစ်ယောက်ကို ထီးလာဆောင်းပေးချင်နေရတာလဲ?"
နှင်းဆီရဲ့ မေးခွန်းကို သူမ ချက်ချင်းမဖြေဘူး။
ခေါင်းလေးငုံ့ကာ ငြိမ်သက်သွားတယ်။
"ကိုယ်သွားချင်တဲ့နေရာကို ကိုယ့်ဘာသာ သွားနေရဲ့သားနဲ့ မပန်းနှင်းဆီ နေပူထဲမှာ လျှောက်နေတာကိုမြင်ပြီး အခုလို ဘာလို့ ထီးလာဆောင်းပေးချင်မိနေတာလဲဆိုတာ... တို့လည်း ကိုယ့်ဘာသာ နားမလည်နိုင်ဘူးဖြစ်နေတာပါ"
ခဏတာ ငြိမ်သက်သွားပြီးမှ သူမဆီက ထွက်လာတဲ့ အဖြေခပ်တိုးတိုးလေး။
နှင်းဆီစိတ်ထဲ မောဟိုက်လာပြီး သက်ပြင်းပူတစ်ခု ခိုးချလိုက်မိတယ်။
နှင်းဆီမှာ စကားလုံးတွေ ဆွံ့အဆိတ်သုန်းကုန်တယ်။
ဘာဆက်ပြောလို့ ပြောရမှန်းကို မသိတော့တဲ့အဖြစ်။
"မပန်းနှင်းဆီက အမြဲ Lady Shoe အနီရောင်စီးတယ်နော်။ အနီရောင်ကိုကြိုက်လို့လား?"
မထင်မှတ်စွာ စပ်စုလိုက်သော သူမအမေးကြောင့် နှင်းဆီ နားမလည်နိုင်ဖြစ်သွားရသေးတယ်။
"လေဒီရှူးအနီရောင် အမြဲစီးတယ်ဆိုတာ MD ဘယ်လိုသိတာလဲ?"
"တို့နဲ့ဆုံတဲ့အချိန်တိုင်းတော့ စီးထားတယ်လေ... သတိထားမိလို့ပါ... အနီရောင်ကိုကြိုက်လို့လား?"
"ဟင့်အင်း။ အနီရောင်ကို ထူးထူးခြားခြား တခြားအရောင်တွေထပ်ပိုပြီး ကြိုက်တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အနီရောင်ရဲ့ အဓိပ္ပါယ်က ရဲရင့်ခြင်းလေ။ အနီရောင် လေဒီရှူးကို စီးတယ်ဆိုတာ ကျမရဲ့ ခြေလှမ်းတွေက အမြဲတမ်းလိုလို ရဲရင့်အောင်ပါ..."
"အော် အဲဒီလိုလား... ဒါဆိုရင်တော့ မပန်းနှင်းဆီရဲ့ Idea လေးကောင်းတယ်နော်"
"အခုလို ချီးကျူးတာ ကျေးဇူးတင်ပါတယ်"
"ဟိုဟာလေ... နောက်တစ်ခုက စပ်စုတယ်မထင်နဲ့နော်။ မပန်းနှင်းဆီ နှုတ်ခမ်းနီအနီရောင်ဆိုးတာကရော"
"စပ်စုတယ်လို့ မထင်နဲ့နော်လို့သာ ပြောတာ။ ဒါပေမယ့် တကယ်တော့ အခု MD က ကျမကို စပ်စုတာပဲလေ..."
ဘာရယ်မဟုတ်ဘူး။ နှင်းဆီစိတ်ထဲ စနောက်ချင်စိတ်လေးကြောင့် ပြောလိုက်မိတဲ့စကား။
ဖြူဖွေးနုအက်နေတဲ့ သူမရဲ့ မျက်နှာပြင်ဟာ နေပူရှိန်ကို မခံစဖူးခံနေရလို့ နီနေတဲ့ကြားကကို အရမ်းရှက်သွားလို့ သွေးဖျန်းလိုက်သလို ထပ်မံနီတွတ်သွားရတာ။
"ရှင်...?"
ရှက်ရင်း မျက်လုံးအ၀ိုင်းသားနဲ့ နှင်းဆီကို မော့ကြည့်လာတဲ့ သူမဟာ အသက် ၃၅ နှစ်ကျော်အမျိုးသမီးတစ်ယောက်ဆိုတာ ဘယ်လိုမှ ထင်ရက်စရာမရှိဘူး။
နောက်ပြီး ဖြူစင်ရိုးသားလွန်းတဲ့ သူမရဲ့ မျက်ဝန်း။
လိမ်ညာမှုကင်းတယ်။
ဖြစ်ချင်တာကိုရအောင်ယူချင်တဲ့စိတ်လေးတော့ ရှိပေမယ့် အတ္တ၊ မာန်မာနလည်း ကင်းလွန်းတယ်ဆိုတာ နှင်းဆီလို လူကဲခတ်ရင်း လိမ်လည်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ လူအဖို့ အရမ်းသိနိုင်လွန်းနေတယ်လေ။
သူမက နှင်းဆီအတွက် တကယ့်ကိုဖြူစင်တဲ့ အဖြူသည်လေးသက်သက်ပါပဲ။
"နှင်းဆီလို့ပဲခေါ်ပါMD။ အခုန ပြောလိုက်တာ MD အရမ်းရှက်သွားတယ်မို့လား။ ကိုယ့်အလုပ်ရှင်ကို တော်ရုံဘယ်လိုလူစားမျိုးက အဲဒီလို စကားကို ရဲရဲရင့်ရင့် စကားမျိုး ပြောရဲမှာလဲ... နော်... နောက်ပြီး ကျမက ၀န်ထမ်းအသစ်။ ပြောချင်တာက အဲ့လိုမျိုးရဲရင့်တဲ့ စကားလုံးတွေကို အချိန်မရွေး၊ နေရာမရွေးပြောရဲဖို့ အမြဲတမ်းနှုတ်ခမ်းကို ရဲရင့်နေအောင် အနီရောင်ကို ရွေးချယ်ပြီးဆိုးတာပါ။ MDစိတ် မဆိုးနဲ့နော်"
"စိတ်တော့မဆိုးတတ်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်သွားတယ်။ နေ့လည်က နှင်းဆီ... တို့ကို ဘေဘီလို့ ခေါ်မယ်ပြောသေးတယ်လေ... အဲဒီတည်းကတော့ ရိပ်မိပါတယ်။ နှင်းဆီက ရင်ထဲရှိတဲ့စကားကို ပြောရဲဆိုရဲရှိပါလားဆိုပြီးလေ..."
ပွင့်လင်းစွာဝန်ခံလိုက်တဲ့ သူမစကားကြောင့် နှင်းဆီရင်ထဲ ရှိန်းခနဲ ဖြစ်သွားရတယ်။ အဲ့ဒါ ဘာဖြစ်တာလဲ?
"ဟို... အဟမ်း...ဟမ်း... ဟို MD...ကားနဲ့မပြန်ဘူးလား?"
"ပြန်နေတာပဲလေ။ တို့ နှင်းဆီကိုတွေ့လို့ ဆင်းလာတာ..."
"သြော်"
"နှင်းဆီက အိမ်ကို လမ်းလျှောက်ပြန်မှာလား?"
"အာ အဝေးကြီးကို MD ရယ်... ဘယ်လိုလုပ်ပြီး လမ်းလျှောက်ပြန်လို့ရမှာလဲ?"
"အဲဒါဆို အိမ်ကို ဘာနဲ့ပြန်မှာလဲ?"
"လိုင်းကားစီးပြီးပြန်မှာပေါ့။ အခု အဲဒီလိုင်းကားကို စီးဖို့ မှတ်တိုင်ကို လျှောက်နေတာ"
"လမ်းကြုံရင် တို့ကားနဲ့ လိုက်ခဲ့လေ။ ဘယ်ကိုပို့ပေးရမလဲ... လိုက်ပို့ခိုင်းလိုက်မယ်"
"ဟင့်အင်း။ နှင်းဆီ အဲ့လိုမျိုး ကားကြုံမစီးတတ်ဘူး..."
နဲနဲလေးတောင် မစဉ်းစားပဲ ချက်ချင်းပဲ ပြတ်သားလှတဲ့ နှင်းဆီရဲ့ ငြင်းဆိုမှုကြောင့် သူမငိုင်သွားပေမယ့် ချက်ချင်းအမူအရာကို ထိန်းကာ ခပ်ပါးပါးလေးပြုံးရင်း ခေါင်းလေး ဆတ်ခနဲ ညိတ်တယ်။
"အင်းပါ ကားကြုံမစီးတတ်ဘူးဆိုလည်း ရပါတယ်... ဒါနဲ့ ဒီနေ့ အလုပ်လုပ်ရတာ အဆင်ပြေလား?"
"ဟုတ်ကဲ့... ပြေပါတယ် MD..."
သူမ ခပ်ဆွေးဆွေးလေး နှင်းဆီကို ငေးကြည့်လာတယ်။
ပြီးတော့ ကျေနပ်သလိုလေး ခေါင်းညိတ်သေးတယ်။
ခပ်ဆွေးဆွေးလေး ငေးစိုက်ကြည့်ခြင်းမှာ နှင်းဆီဟာ ဘာမဆိုင်ညာမဆိုင် ရှက်မိသွားတယ်ဆိုရင် အံ့သြမလား။
နှင်းဆီကိုယ်တိုင်လည်း အံ့သြမိတာ။
ဘာမဟုတ်တဲ့ အရိုးခံဖြူစင်လွန်းလှတဲ့ သူမရဲ့ အကြည့်မှာ နှင်းဆီက ရှက်မိတယ်တဲ့။
နှင်းဆီအကြောင်း သေချာသိတဲ့ လူတစ်ချို့သာ ဒီဖြစ်ကိုသိရင် အံ့သြတကြီးဖြစ်ပြီး ပါးစပ်တွေအဟောင်းသားပွင့်၊ မျက်လုံးမျက်စံတွေပြူးကျယ်နေမှာကို မြင်ယောင်မိသေး။
"ဟဲလို... ဟုတ်ကဲ့။ ကျမရှိတဲ့အနားကို မောင်းလာခဲ့လိုက်နော်..."
ဖုန်းကိုထုတ်ယူပြီး သူမရဲ့ ဒရိုင်ဘာကို ဖုန်းဆက်လိုက်တာနဲ့ တပြိုင်နက် သူမရဲ့ကားအနက်ရောင်ကြီးက အနားသို့ တအိအိနဲ့ တိုးကပ်မောင်းနှင်ရင်း ရောက်ရှိလာတယ်။
သူမက ကားရောက်လာပြီဆိုတာ တစ်ချက်စောင်းငဲ့ကြည့်ရင်း သိသွားပြီးနောက် တစ်ခုခုပြောမယ့်ပုံစံဖြင့် နှင်းဆီကို လှည့်ကြည့်လာတယ်။
နှင်းဆီဟာ သူမဆီကရတဲ့ ထီးကြီးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်မိထားရင်း သူမရဲ့မျက်ဝန်းတွေအောက် ပုန်းကွယ်ရာမဲ့နေပြီ။
တစ်ခုခုပြောမယ်ဟန်ပြင်ပြီးမှ သူမက ခေါင်းလေးကို တစ်ချက်ခါလိုက်ရင်း ပြုံးလိုက်တယ်။
"ကဲ။ သွားဦးမယ် နှင်းဆီ... တို့ကို ခွင့်ပြုပါဦး"
"နေပါဦး.... ရော့ ထီးကို ပြန်ယူသွားလေ..."
"နှင်းဆီပဲ ယူထားလိုက်ပါ။ တို့အတွက် ထီးက သိပ်မလိုဘူး..."
"နေရောင်ခြည်အောက်မှာ လမ်းလျှောက်ရတာ နှင်းဆီအတွက် အကျင့်ဖြစ်နေပါပြီ MD"
"ဒါပေမဲ့ နှင်းဆီအဲ့လိုလျှောက်သွားနေတာကို မြင်ရတဲ့ တို့အတွက် အကျင့်မဖြစ်သေးဘူးလေ။ ဒီတော့ မမြင်ချင်ဘူး။ အဲဒါကြောင့် ဒီထီးကို ပေးတာ။ သိပ်လည်း တန်ဖိုးမရှိတဲ့အတွက် အခုလို ရဲရဲဝံ့ဝံ့ပေးရဲတာပါ။ တို့ရဲ့ ပေးကမ်းမှုကြောင့် နှင်းဆီသိမ်ငယ်စိတ်မ၀င်အောင် အခုလို ပြောရတာနော်။ တို့ကို တစ်မျိုးမထင်ပါနဲ့ဦး..."
"MD ကို ဒီထီး ဘယ်နေ့ပြန်ပေးရမလဲဟင်?"
"တို့ နှင်းဆီကို နေပူထဲမှာ လမ်းလျှောက်နေတာကို မြင်ရတာ အကျင့်ဖြစ်တဲ့တစ်နေ့ ဒီထီးကို ပြန်ယူလိုက်ပါ့မယ်... စိတ်ချပါ။ ကဲ တို့ကို ခွင့်ပြုပါဦး..."
နှင်းဆီခေါင်းညိတ်ပြရင်း သူမရဲ့ နှုတ်ဆက်မှုကို အသိမှတ်ပြုပေးလိုက်တယ်။
သူမ ကားအနက်ရောင်ကြီးရဲ့နောက်ခန်းနားကိုလျှောက်သွားတယ်။
သူမ ကားတံခါးပေါက်နားကိုမရောက်ခင်မှာပဲ ကားဒရိုင်ဘာက အပြေးလေးဆင်းလာပြီး တံခါးကို ဖွင့်ပေးတယ်။
ပြီးတော့ သူမ ကားနောက်ခန်းထဲဝင်သွားတယ်။
ကားကြီးမောင်းထွက်သွားတယ်။
နှင်းဆီကတော့ သူမပေးခဲ့တဲ့ ထီးအနက်ကြီးကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း ရပ်ကျန်နေတုန်း။
ဖြူစင်လှတဲ့ သူမ အကြည့်တွေအောက် နှင်းဆီ တကယ်ကူကယ်ရာမဲ့မိတာ။
သူမစိုက်ကြည့်နေရင်လေ နှင်းဆီရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ပြောချင်လာတာ။
ကျမဟာ ရိုးသားတဲ့လူတစ်ယောက်မဟုတ်ပါဘူး၊ ကျမဟာ ခင်ဗျားရဲ့ စိုးရိမ်မှုတွေနဲ့ မတန်ပါဘူးဆိုပြီး ပြောချင်လာတာ။
အရမ်းမွန်းကြပ်တယ်။
လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲခြားရတာ ဘယ်လောက်ထိ မွန်းကြပ်လဲဆိုတာ ကြုံဖူးတဲ့လူပဲ သိနိုင်မယ်။
--------------------------------------------------
"MD..."
ဘာရယ်မဟုတ်ဘူး။ နှင်းဆီနဲ့ စတွေ့ခဲ့တဲ့ Market ထဲ သူမ ရောက်မိနေတယ်။
တိုက်ဆိုင်တယ်ပဲပြောမလား?
ဘယ်တုန်းက ဘယ်လိုရောက်လာတယ်မသိတဲ့ ဖိနပ်အရောင်းစင်မှာ တင်ထားတဲ့ လေဒီရှူးဖိနပ်အနီရောင်လေး။
အဲဒီဖိနပ်လေးကိုငေးကြည့်ရင်း နှင်းဆီကို လွမ်းတသသနဲ့ကို သတိရသွားတာ။
နှင်းဆီဟာ သူမဆီရောက်လာတာဟာ ရိုးသားမှုတစ်ခုမှ မပါဘူးဆိုတာ သိနေတယ်။
သိနေရဲ့သားနဲ့ကို နေရာပေးခဲ့မိတာ။
ရိုးသားမှုမပါတဲ့ နှင်းဆီဆီက သူမ ဘာကိုများ မျှော်လင့်ချင်နေရတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်တော့တာ။
အတွေးတွေနဲ့ လွင့်မျောနေရင်း ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်လိုက်တော့ ဒေါ်မိုးသက်။
ဒေါ်မိုးသက်ကိုမြင်တော့ ပထမတော့ ဒီအတိုင်း သတိလက်လွတ်နဲ့ ပြုံးပြမိတယ်။
နောက်မှ ဒေါ်မိုးသက်က ရုံးကို ဆေးရုံက မဆင်းသေးဘူးဆိုပြီးပဲ အကြောင်းကြားထားတာ။
အခု သူမမြင်ရတာတော့ ဒေါ်မိုးသက်ဟာ အကောင်းကြီးပါလား။
"ဒေါ်မိုးသက်... နေကောင်းနေပြီလား။ ဆေးရုံက ဆင်းသွားပြီလား..."
ဒေါ်မိုးသက်မျက်နှာက ရောဂါကင်းရှင်းပြီး ကြည်ကြည်လင်လင်ရှိပေမယ့် အမူအရာကတော့ တကယ်မကောင်း။
လေးလံပြီး အားတုန့်အားနာနဲ့ စိတ်ပျက်မှုကြောင့်ဖြစ်တဲ့ အမူအရာ။
"ကျမတို့က ဒေါ်မိုးသက်ဆယ်သွယ်လာမယ့်နေ့ကိုစောင့်နေတာ။ ဆေးရုံက ဆင်းတာကြာပြီလားဟင်?"
"ကြာပါပြီ MD. ဒါပေမဲ့ ကျမ Future Target ကို ပြန်လာလုပ်ဖို့ စိတ်ကူးမရှိတော့ပါဘူး။ ကျမနေရာမှာ ၀န်ထမ်းသစ်သာ ခေါ်လိုက်ပါတော့နော်"
"ဟင်... ဘာဖြစ်လို့များလဲ ဒေါ်မိုးသက်ရယ်။ အလုပ်ထဲမှာ အဆင်မပြေတာ ဘာများရှိလို့လဲဟင်?"
"အလုပ်ထဲမှာက အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျမ မူးလဲရတဲ့အကြောင်းအရင်းကို သေချာစဉ်းစားကြည့်လိုက်တော့ ဒါဟာ ရိုးရိုးသားသားမဟုတ်ဘူး MD. ကျမနဲ့မတည့်တဲ့ နှင်းဆီအနံ့ကို ကျမအခန်းထဲ သက်သက်မဲ့နဲ့ကို လာထားပြီး ကျမကို အကောက်ကြံခဲ့တဲ့ အဲဒီဝန်ထမ်းဟာ ဘယ်သူလဲဆိုတာ ကျမ မသိတဲ့အတွက် ဘယ်သူ့ကိုမှလည်း မစွပ်စွဲချင်ပါဘူး။ နောက်ပြီး အလုပ်တစ်ခုအတွက်နဲ့ ကျမ အသက်ကိုတော့ မရင်းနိုင်ဘူး MD. သေချာတာကတော့ ကျမကို အဲဒီရုံးကို မလာစေ့ချင်တဲ့လူတစ်ယောက် အဲဒီရုံးမှာ ရှိနေပြီ။ ဒီတော့ ကျမ ကိုယ့်အသက်ကို ဥာဏ်နဲ့စောင့်ရင်း အလုပ်ကို အပြီးမလာတော့ဖို့ ဆုံးဖြတ်လိုက်တာပါ"
"ဒေါ်မိုးသက်ပြောနေတာက... ဒေါ်မိုးသက်အခန်းထဲ နှင်းဆီနံ့ဗူး ရောက်နေရတာကို မရိုးသားဘူးလို့ ပြောချင်တာလား?"
"ကျမနဲ့ နှင်းဆီနံ့ မတည့်ဘူးဆိုတာ တစ်ရုံးလုံးသိနှင့်နေပြီးသားပါ MD. ကျမနဲ့ သိတဲ့လူတိုင်း ကျမရဲ့အားနည်းချက်ကို သိနေတာလေ။ အဲဒီအားနည်းချက်ကို သိချင်တဲ့ဘယ်သူမဆို ကျမကိုလုပ်ကြံတဲ့လူ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့လည်း ကိုယ့်ဖက်က မသေချာတော့ ဟိုလူဒီလူကို စွပ်စွဲမနေတော့ပဲ အလုပ်ကိုပဲ စွန့်လွှတ်လိုက်တာပါ။ ကျွန်မကိုခွင့်ပြုပါဦးMD... ၀ယ်စရာလေးတွေရှိလို့..."
သူမတွေဝေကာ ခေါင်းညိတ်လိုက်စဉ်မှာပဲ ဒေါ်မိုးသက် သူမအရှေ့က ထွက်သွားလေပြီ။
ဒေါ်မိုးသက်က အလုပ်မှာသာ တိကျတာ၊ လူတိုင်းနဲ့တည့်တယ်၊ တော်ရုံ သူ့ကြောင့် ပြဿနာတက်ခဲ့တယ်ဆိုတာ မရှိဘူး။
အနေလည်းအေးတယ်။ အလုပ်ထဲမှာ အသက်ကြီးပိုင်းမှာလည်း ပါလို့ ရုံးထဲက လူတွေ ဒေါ်မိုးသက်ကို လေးစားကြတယ်။
ဒေါ်မိုးသက်နဲ့ နှင်းဆီနံ့မတည့်ဘူးဆိုတာသိလို့ ရုံးက ဘယ်သူမှ နှင်းဆီနံ့ကို မသုံးကြ။
နှင်းဆီပန်းကိုတောင် ရုံးခန်းထဲ တော်ရုံနဲ့ယူမလာခဲ့။
ဟိုနေ့က နှင်းဆီနီစည်းနဲ့အတူ သူမ အခန်းထဲထိဝင်လာတဲ့ ပန်းနှင်းဆီ။
လူတိုင်းနဲ့ အဆင်ပြေနေတဲ့ ဒေါ်မိုးသက်က တစ်စုံတစ်ယောက်က လုပ်ကြံတယ်ဆို ဘယ်သူဖြစ်နိုင်မလဲ?
ပန်းနှင်းဆီက မရိုးသားဘူးဆိုတာ သူမ သိနှင့်နေပြီးသား။
ပန်းနှင်းဆီရဲ့ မရိုးသားမှုလုပ်ရပ်တွေကို လွတ်လွတ်လပ်လပ်လုပ်ဖို့ဆို ဒေါ်မိုးသက် အလုပ်ထဲမှာ မရှိမှဖြစ်မှာ။
ဒေါ်မိုးသက်ရှိနေရင် ဘာမဆို ဒေါ်မိုးသက်လက်အောက်ကပဲ လုပ်ရမှာဆိုတော့ ထင်သလောက် အဆင်ပြေနိုင်မှာမဟုတ်ဘူး။
စပ်ဆက်တွေးကြည့်မိရင်း ရင်ထဲ ပူလောင်လာမိတယ်။
ပန်းနှင်းဆီ... ပန်းနှင်းဆီက လူတစ်ယောက်လုံးရဲ့ အသက်ကိုတောင် ရန်ရှာရဲတယ်တဲ့လား ဆိုတဲ့အတွေးနဲ့ နားထင်နားရင်းတွေ ထူပူလောင်စပ်လာတယ်။
သေချာအောင် CCTV မှာ ပြန်စစ်ကြည့်လို့ရတယ်ဆိုပေမယ့် Market တွေရဲ့ CCTV ကိုတောင် ကောင်းကောင်းကြီးလှည့်စားနိုင်တဲ့ ပန်းနှင်းဆီက သူမရဲ့ ရုံးခန်းက CCTV တွေကို သတိမထားမိပဲ နေမှာတဲ့လား။
လက်ဖျားတွေတုန်ရင်လာတယ်။
မွန်းကြပ်မှုတွေက နှလုံးသားကို ဖျစ်ညှစ်ထားသလို တင်းကြပ်လာခဲ့တယ်။
အသက်ရှူက မြန်လာပြီး လူက သိသိသာသာ နွမ်းလျလာတယ်။
ယိုင်လဲတော့မလိုဖြစ်လာလို့ အနီးနားက နံရံကို အားယူပြီး မှီရပ်လိုက်ရတယ်။
ထိုစဉ် ပူနွေးနွေးအထိတွေ့ကြောင့် သူမ ပါးပြင်ကို ပြန်လည်စမ်းကြည့်လိုက်တော့ ပူနွေးစိုစွတ်တဲ့ အထိတွေ့အချို့။
အော် သူမ... ပန်းနှင်းဆီကြောင့် ငိုမိနေတာပါလား။
ရင်ဘတ်ထဲနာကျင်နေမှုက သူမကို ပြတ်သားတဲ့ လုပ်သင့်ပါတယ်ဆိုတဲ့ လုပ်ရပ်ကို လုပ်လိုက်ဖို့ မစွမ်းဆောင်နိုင်ဘူး။
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။