(Zawgyi code)
"တီတီ... တီတီ... တီတီ... တီတီ..."
တကယ်လို့ နှင်းဆီစိတ်ပြန်လည်ပြီး ဖုန်းဆက်ခဲ့မယ်ဆိုရင် ဖုန်းသံမကြားလိုက်မှာစိုးလို့... သူမ ဖုန်းသံဖွင့်ပြီး အိပ်ခဲ့မိတာ။
ဖုန်းကိုစကိုင်တည်းက ညဖက်ဆို ဖုန်းသံပိတ်ပြီး အိပ်တတ်လေ့ရှိတဲ့ သူမ... နှင်းဆီနဲ့မှ...
အခုမြည်နေတဲ့ ဖုန်းသံကြောင့် သူမ အိပ်ရာနိုးသွားတယ်။
ဖုန်းမကိုင်မီ နာရီကို အရင်ကြည့်လိုက်တော့ အချိန်က ညဥ့်သန်းခေါင် ၂ နာရီတိတိ။
"ဟဲလို...?"
သူမဖုန်းပြန်ဖြေလိုက်ပြီဖြစ်သော်လည်း တစ်ဖက်က အသံကို လုံးဝ မကြားရ။
ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုကြောင့် ဖုန်းထဲက အသက်ရှူသံ သဲ့သဲ့ကိုတော့ ကြားနေရတယ်လေ။
"ဟဲလို... ဘယ်သူမပါလဲ ရှင်"
သူမ ပြန်မေးလိုက်ပေမဲ့ ရင်ထဲသို့ စီးဝင်လာတဲ့ အသိလေးတစ်ခုကြောင့် အခု ဖုန်းဆက်နေတဲ့လူက ပန်းနှင်းဆီများလားဆိုတာ တွေးမိသွားတယ်။
"ပန်း... ပန်းနှင်းဆီလားဟင်? ဟုတ်လား? ပန်းနှင်းဆီလား?"
ပျော်လို့လား၊ ၀မ်းသာလို့လား၊ ဒေါသထွက်လို့လား၊ မခံမရပ်ဖြစ်လို့လားတော့ မသိ။
လူက မျက်ရည်ဝေ့ကာ ငုတ်တုတ်ပင် ထ,ထိုင်မိသွားပြီ။
"ဟုတ်လား? ပန်းနှင်းဆီလားဟင်? ပြောလေ။ မင်းဖုန်းခေါ်ပြီး တစ်ခုခုပြန်ပြောလေ။ ပြောလေ ပန်းနှင်းဆီ"
အဆက်သွယ်လုံးဝဖြတ်သွားတာ အခုဆို ၁လကျော်သွားပြီ။
ဘယ်လိုပဲ လိုက်စုံစမ်းပါစေ.... ဘာသတင်းအစနမှ မရခဲ့တာ။
အခု နှင်းဆီဆီက ဖုန်းဝင်လာတာကလည်း ညဥ့်နက်သန်းခေါင် ၂ နာရီကျော်။
ဖုန်းခေါ်ပြီးလည်း ဘာမှမပြော။
နားကို အာရုံစိုက်ကာနားထောင်နေတုန်း နှင်းဆီဖက်က စကားတစ်ခွန်းမှ ပြောမလာပေမယ့်... ကြားလိုက်ရတာက ခြောက်ကပ်ကပ်သက်ပြင်းချသံတစ်ချက်။
"ပန်းနှင်းဆီ... မင်း မဟုတ်လား...ဟင်? မင်း... မဟုတ်လား?"
"မနက်ဖန် မျှော်စင်ကျွန်းကို နေ့လည် ၁ နာရီလောက် လာခဲ့ပါ MD။ နှင်းဆီရှိနေပါ့မယ်"
အဲ့ဒီစကားကြားရပြီးတာနဲ့ "တူ...တူ...တူ"ဆိုတဲ့ အသံက နားထဲ စီးဝင်လာပြီး အရာရာတိတ်ဆိတ်သွားတယ်။
နှင်းဆီဖက်က ဖုန်းချသွားပြီဆိုတာ သိသိရက်နဲ့ သူမ ဖုန်းကို ကိုင်ထားမိနေတုန်း။
နှင်းဆီ အသံကို နောက်တစ်ခေါက်ကြားချင်မိနေတုန်း။
ထွက်ပြေးမယ်ဆိုရင်လည်း လွတ်မြောက်သွားပြီပဲ ပန်းနှင်းဆီရယ်။
ရှင့်မှာ ဘာအညှိုးတွေကျန်သေးလို့ ကျမဆီဖုန်းဆက်ရတာလဲကွာ ဆိုတဲ့အမေးနဲ့အတူ သူမ ဖုန်းကို မကျေနပ်စွာစိုက်ကြည့်မိနေရင်း ထိုညချမ်းလေးဟာ သိသိသာသာ ပူလောင်အိုက်စပ်လာတယ်လေ။
----------------------------------------------------------------
အရမ်းခက်ပေမဲ့လည်း...
နင့်ကို မလိမ်မိအောင် အမြဲကြိုးစားနေခဲ့ပါတယ်။
ဒါပေမဲ့ကွယ်...
----------------------------------------------------------------
မျှော်စင်ကျွန်းကို သူမရောက်တော့ နေ့လည် ၁၂ နာရီ။
ဒါပေမဲ့ စိတ်ထဲက အလိုလိုသိနေတဲ့ အသိတစ်ခုက နှင်းဆီ ဘယ်မှာရှိနေမယ်ဆိုတာ။
အဲ့ဒါကြောင့် ကိုယ့်စိတ်ကိုယ် ယုံကြည်စွာနဲ့ပဲ စိတ်ထင်တဲ့နေရာကို ကားဆက်မောင်းလာတော့... ဟုတ်တယ်။
နှင်းဆီ ကန်ရေပြင်ကို ငေးကြည့်ရင်း ခုံတန်းရှည်လေးတစ်ဖက်စွန်းတွင် ထိုင်နေတယ်။
နှင်းဆီနဲ့ ခပ်လှမ်းလှမ်းတွင် ကားရပ်ခဲ့ကာ သူမ ခြေသံလုံလုံနဲ့ နှင်းဆီအနားသို့ ချဉ်းကပ်သွားလိုက်ပြီး ခုံတန်းရှည်ရဲ့ ဘေးတစ်ဖက်စွန်းတွင် ထိုင်လိုက်မိသည်။
"
ထွက်မပြေးတော့ဘူးလား ပန်းနှင်းဆီ?"
နှင်းဆီကို တွေတွေလေးငေးကြည့်နေရင်းမေးလိုက်တော့ နှင်းဆီ ကန်ရေပြင်ကို ငေးကြည့်ရင်း ခေါင်းခါတယ်။
"မပြေးချင်တော့ဘူး MD။ နှင်းဆီလူတိုင်းကို လိမ်ခဲ့တယ်။ ဒါပေမဲ့ သူမတို့တွေနဲ့လွတ်ရာကို အေးအေးချမ်းချမ်းနဲ့ပဲ ထွက်ပြေးနိုင်ခဲ့ပါတယ်"
"တို့ကလည်း ဘာထူးလို့လဲ။ မင်းလိမ်တာကိုခံခဲ့ရတဲ့ လူညံ့တွေထဲက လူတစ်ယောက်ပါပဲ ပန်းနှင်းဆီရယ်။ မင်း အရင်လိုပဲ လွယ်လင့်တကူ ထွက်ပြေးလိုက်ပေါ့..."
ဆွေးမြေ့မြေ့သူမစကားဆုံးတော့ နှင်းဆီ ခေါင်းကိုတွင်တွင်ခါယမ်းတယ်။
ပြီးတော့ သူမကို လှည့်ကြည့်လာတယ်။
သူမကို ငေးစိုက်ကြည့်ရင်းနဲ့... နှင်းဆီ မျက်ဝန်းမှာ ၀မ်းနည်းမျက်ရည်တွေ ခိုတွဲလို့ ကျဆင်းလာခဲ့တယ်။
အောင်နိုင်သူ နှင်းဆီရဲ့ မျက်ဝန်းမှာ ရှုံးနိမ့်သူမတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့။
"
MDပြောပါ... အခု နှင်းဆီ ဘယ်ရဲစခန်းကိုလိုက်ခဲ့ရမလဲ? လိုက်ခဲ့မယ်။ ဘယ်လိုပြစ်မှုနဲ့ ရင်ဆိုင်ရမလဲ? ရင်ဆိုင်မယ်။ နှင်းဆီ MD ကို လိမ်ခဲ့မိတဲ့အတွက် အရမ်းနောင်တရတယ်။ အဲဒီနောင်တအစား ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုပဲ ခံလိုက်တော့မယ်... လွတ်မြောက်တယ်ဆိုတာ လူရောစိတ်ရော လွတ်မြောက်မှ တကယ့်လွတ်မြောက်ခြင်းပါ MD။ နှင်းဆီ MD ကို လိမ်ခဲ့မိတဲ့အတွက် ပြန်ခံစားရတဲ့ စိတ်ကြီးနဲ့က နှင်းဆီ လူပဲလွတ်မြောက်မှာ... စိတ်ကတော့... စိတ်ကတော့..."
ခြောက်ကပ်ကပ် နှင်းဆီအသံထဲတွင် ရှိုက်သံတွေပါနေတယ်။
နှင်းဆီကို မက်မက်မောမောနဲ့ကိုငေးကြည့်မိနေရင်း သူမကို ရက်ရက်စက်စက် လိမ်သွားတဲ့ ထိုမိန်းကလေးကို သူမအနားတွင်အမြဲထားနိုင်ရန် သူမကြိုးစားချင်နေသေးတာ။
"တကယ်တော့ မင်း လွတ်နေပါပြီ ပန်းနှင်းဆီ။ တို့ဆီမှာ မင်း အပြစ်ဝန်ခံစရာ မလိုပါဘူး"
"ပြေးရင် လွတ်တာပေါ့ MDရယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ နှင်းဆီ ထွက်ပြေးဖို့ ခြေလှမ်းမမှန်တော့ဘူး၊ ခြေလှမ်းတွေယိုင်နေပြီMD"
"ဟုတ်မှာပါ။ ဒါဆို တို့တွေးတာ မှန်မှာပါ။ မင်းမှာ
လိုအပ်မှုတစ်ခုခုရှိလို့ လုပ်တယ်ဆိုတာ တို့ယုံနေတယ်။ မင်းလုပ်မယ်မှန်းသိသိရက်နဲ့ကို တို့ယုံကြည် နေမိတာ။ တို့ယုံတဲ့လူတစ်ယောက်ကို တို့ဘယ်လိုလုပ် ရဲစခန်းကိုပို့မလဲ? နည်းလမ်းရှိရင် မင်းပြောလေ... ကိုယ်ယုံတဲ့လူကို လူလိမ်ပါဆိုပြီး တို့ဘယ်လို သတ္တိမျိုးနဲ့ မင်းကို ရဲစခန်းပို့ရမလဲ?"
အဲ့လိုပြန်မေးရင်း တကိုယ်လုံး ကျက်သီးတွေထပြီး နားထင်တွေပူလောင်လာကာ သူမ့မြင်ကွင်းတွေေ၀၀ါးလာတယ်။
သေချာတာကတော့ ဒီမိန်းကလေးကို သူမ ချစ်မိ သွားပြီလေ။
ဒီမိန်းကလေး ငိုနေတာကိုကြည့်နေရင်း သူမ မျက်ရည်ဝေ့မိတာ မဆန်းပါဘူး။
"ဖြေလေ ပန်းနှင်းဆီ။ ကိုယ်ယုံကြည်မိတဲ့ လူတစ်ယောက်ကို လူလိမ်လို့ မင်း ဘယ်လိုအားအင်မျိုးနဲ့ စွပ်စွဲမလဲ?"
"ဟင့်အင်း... ကျွန်မ မသိဘူးMD။ ဘာလို့လဲဆိုတော့...
ကျွန်မငယ်စဉ်ကတည်းက ဘယ်သူ့ကိုမှမယုံဖူးဘူးလေ"
ငိုသံများ ကပ်ပါသော နှင်းဆီ၏အသံကို သူမနားမထောင်ချင်ပါ။
"
ကောင်းပြီ။ ဒါဆိုတို့ပြောမယ်။ မင်းယူသွားတဲ့ ငွေပမာဏအတွက် Companyမှာ အလုပ်ဆက်လုပ်ပေးရမယ် ပန်းနှင်းဆီ။ ဒါက မင်း လိမ်သွားတဲ့အတွက် မင်းကို အပြစ်ပေးတာ"
"ဟင့်အင်း...
နာမည်ပျက်ရှိပြီးတဲ့နေရာကို နှင်းဆီပြန်မသွားချင်ဘူး MD"
"ဒါဆို မင်းဘာလို့ တို့ဆီ ဖုန်းဆက်ခဲ့တာလဲ"
"ပြောပြီးပြီလေ။ နှင်းဆီ ထွက်ပြေးဖို့ ခြေလှမ်းတွေ ယိုင်နဲ့နေလို့ပါလို့"
"ဒါဆို တို့လည်း မင်းကို ပြောပြီးပြီလေ။ တို့မင်းကို ယုံနေမိဆဲပါလို့။ မင်းကို ယုံတော့ မင်းလိမ်သွားတယ်ဆိုတဲ့ ကိစ္စကို တို့လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့အတွက် အဲ့ဒီကိစ္စကို တို့ အပြီးတိုင် ဖုံးကွယ်ဖျောက်ဖျက်ပြစ်လိုက်ပြီ ပန်းနှင်းဆီ။ ဒီတော့ Company မှာ မင်း ဘာနာမည်ပျက်မှ မရှိဘူး"
သူမစကားဆုံးတော့ နှင်းဆီ ပါးပြင်ပေါ်သို့ မျက်ရည်လေး တစ်စက် ပေါက်ခနဲ စီးကျလာပြီး သူမကို လေးနက်စွာ ငေးစိုက်လို့ကြည့်လာတယ်။
"တို့ မင်းကို ယုံတယ် ပန်းနှင်းဆီ။ မင်းအလုပ်ပြန်ဆင်းပါ... နော်..."
သူမ အရဲစွန့်က ထပ်ပြီး တောင်းဆိုလိုက်တော့ နှင်းဆီက ထပ်ကျလာတဲ့ မျက်ရည်စက်လေးကို လက်ဖမိုးနဲ့ ဖိသုတ်ပစ်လိုက်တယ်။
နှင်းဆီ သူမကို ချက်ချင်း အဖြေပြန်မပေး။
အချိန်တစ်ခုကြာသည်အထိ သူမမျက်ဝန်းကို ငေးကြည့်နေတယ်။
အဲ့လိုစိုက်ကြည့်နေတဲ့ နှင်းဆီမျက်ဝန်းထဲ တခြားဘာခံစားချက်တွေများ ပါဦးမလဲလို့ သူမ အသည်းသန်ရှာဖွေမိနေသေးတယ်။
သူမ မြင်လိုက်ရတဲ့ ခံစားချက်တွေကတော့ ရင်ကျိုးမတတ်ခံစားမှု၊ ပူလောင်လှတဲ့ နောင်တ အရိပ်ယောင်တွေက နှင်းဆီ မျက်ဝန်းထဲတွင် ဟို၊ ဒီ ပြေးလွှားနေကြတယ်လေ။
"
နှင်းဆီကို တကယ်ရော... ယုံသေးရဲ့လား MDရယ်?"
စေ့စေ့ကြည့်ရင်း မေးလိုက်တဲ့ နှင်းဆီ မေးခွန်းအဆုံး သူမ နောင်တကင်းစွာ ခေါင်းညိတ်လိုက်မိတာ။
"ယုံတာပေါ့ ပန်းနှင်းဆီရယ်။ ယုံတာပေါ့"
သူမအဖြေသံကြားတော့ နှင်းဆီ ဖျော့ဖျော့ ပြုံးတယ်။
နှင်းဆီ ပါးပြင်လေးကတော့ မျက်ရည်ဖိသုတ်လိုက်လို့ နီရဲနေလေပြီ။
"
မင်းကိုအစတည်းကတို့ယုံတာ။ အခုလည်းယုံတယ်။ မင်း... တို့ကိုထပ်မလုပ်တော့ဘူးဆိုတာကိုလည်း တို့ထပ်ယုံနေသေးတယ်"
နှင်းဆီကိုကြည့်ရင်း သူမ လေးလေးနက်နက်လေး ဖြေလိုက်တော့ နှင်းဆီထံမှ 'အီး'ခနဲ အသံလေးတစ်ခုထွက်ပေါ်လာရင်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်စီးကျလာတဲ့အထိ ငိုကျွေးတယ်လေ။
အားရအောင်ငိုပြီးနောက် နှင်းဆီက သက်ပြင်းမကြီးတစ်ခုချတယ်။
ပြီးတော့ သက်မရှိုက်ရင်း အားယူပြုံးတယ်။
ပြီးတော့ နှင်းဆီ အကြည့်တွေက သူမလက်ဖ၀ါးတစ်ဖက်ဆီ ရောက်လာပြီး သူမရဲ့ လက်ချောင်းလေးတွေကို ထိကိုင်ရင်း ခပ်ဖျော့်ဖျော့ပြုံးသေးတယ်။
"
နှင်းဆီ... MDကို နောက်တစ်ခါ ထပ်ပြီး မလိမ်မိအောင် ကြိုးစားပါ့မယ်"
လက်ချောင်းလေးများအတိုင်း နှင်းဆီ လက်ညိုးနဲ့ တို့ထိရင်း ပြောတယ်။
ပြီးတော့ အဲဒီလက်ချောင်းလေးတွေကတဆင့် သူမရဲ့ လက်ဖ၀ါးကို နွေးနွေးထွေးထွေးဆုတ်ကိုင်ရင်း လက်ဖ၀ါးကို ဆွဲယူကာ နမ်းတယ်။
"MDရယ်... MDလက်ဖ၀ါးလေးက နွေးထွေးလိုက်တာနော်။ နှင်းဆီလေ... MD ကို စတွေ့တည်းက လက်လေးကို အဲဒီလိုလေးကိုင်ပြီး အဲ့ဒီလိုလေး ယူနမ်းချင်ခဲ့မိတာ...ဘ၀မှာလေ... ဒီလောက် နူးညံ့ပြီး နွေးထွေးလှတဲ့ လက်ဖ၀ါးမျိုး တခါးမှ မကိုင်ခဲ့ဖူးတာ..."
အဲ့ဒီ့စကားဟာ နှင်းဆီလိမ်ပြောနေစေဦးတော့... သူမ ယုံကြည်နေမိတယ်လေ။
--------------------------------------------------
ဆက်ရန်
----------------------------------------------------
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။