(Zawgyi code)
အခန်းလေးအတွင်းမှာ မီးရောင်က ခပ်မှိန်မှိန်ပဲရှိနေတယ်။
ဒါပေမဲ့ သူမလက်ထဲမှာရှိနေတဲ့ လက်စွပ်လေး ၂ ကွင်းကိုတော့ သူမ သေချာမြင်နေရတယ်လေ။
လက်စွပ်တစ်ကွင်းက အပေါ်မှာ "H" ဆိုတဲ့ စကားလုံးကို ထိုးထွင်းထားတယ်။
H ရဲ့ အဓိပ္ပါယ်က "နှင်း"ဆိုတဲ့ ပန်းနှင်းဆီကို ရည်စူးထားတာ။
အဖိုးတန် စိန်တစ်လုံးနဲ့ ပလက်တီနမ်ထိုလက်စွပ်လေးကို နှင်းဆီကြိုက်ပါစေလို့လည်း ဆုတောင်းမိတယ်။
နောက်တစ်ကွင်းက အပေါ်မှာ "M" ဆိုတဲ့စကားလုံးကို ထိုးထွင်းထားတယ်။
M ရဲ့ အဓိပ္ပါယ်က "မင်း" ဆိုတဲ့ မင်းထက်သာလွန်ကို ထိုးထွင်းထားတာ။
ရူးတယ်ပဲပြောပြောပါ။ သူမ လက်စွပ်လေး ၂ ကွင်းကိုကြည့်ပြီး ပြုံးနေမိတယ်။
ပြီးတော့ အနာဂတ်အတွက် ပုံဖော်ကာ အရမ်းကို ပျော်ရွှင်နေမိသေးတာ။
ဦးခန့်အောင်ရဲ့ သတိပေးစကားကလည်း သူမကို နောက်ဆုတ်အောင် မစေခိုင်းနိုင်။
နှင်းဆီနဲ့ပတ်သတ်ပြီး ဘာတွေပဲ ဆုတ်ယုတ်ဆုတ်ယုတ်။ သူမ နောက်ဆုတ်ဖို့ကိုတော့ လုံးဝကို မတွေးမိတာပါ။
သူမ နှင်းဆီကိုဒီလက်စွပ်လေးတစ်ကွင်းပေးပြီး တစ်ဘ၀လုံးစာအတွက် သူမအနားတွင်ခေါ်ထားတော့မယ်လေ။
ဘယ်သူမတွေဘာပဲပြောပြော။ သူမကတော့ နှင်းဆီအနားမှာပျော်တတ်နေပြီလေ။
လက်စွပ်နဲ့ နှင်းဆီကို လက်ထပ်ခွင့်တောင်းရမှာလား?
ဘယ်သူက လက်ထပ်ခွင့်တောင်းရမယ်ဆိုတာ သေချာ သတ်မှတ်ထားတာမျိုးမရှိဘူးဆိုတော့...
ပိုနီးစပ်ချင်တဲ့ သူမကပဲ၊ ပိုပိုင်ဆိုင်ချင်တဲ့ သူမကပဲ ရှေ့တိုးရတော့မှာပေါ့။
မဟုတ်လောက်ပါဘူး။
နှင်းဆီလည်း သူမကို ပိုင်ဆိုင်ချင်ရှာမှာပါ။
ဒါမဲ့ သူမရဲ့ အနေအထား၊ အခြေအနေက နှင်းဆီရဲ့ လိုလားတောင့်တမှုကို ရှိန်နေစေတာဖြစ်မယ်လို့ တွေးမိတယ်။
ဒါ့ကြောင့်မို့ သူမကပဲ ရှေ့တိုးလို့ နှင်းဆီကို တူတူတန်တန်လက်ထပ်ယူမယ်။
ပြီးရင် နှင်းဆီ သူမကိုနောက်တစ်ခါထပ်ပြီး လိမ်မသွားအောင် ကြိုးစားမယ်။
တကယ်လို့ လိမ်သွားခဲ့ရင်တောင် သူမ ခွင့်လွှတ်မယ်။
ကြိုးစားပြီး အနားကို ပြန်ခေါ်ယူမယ်။
သူမအတွက် သူမအနာဂတ်မှာ နှင်းဆီ မပါလို့မှ မရတော့တာ။
အဲ့ဒါကြောင့် သူမ အားလုံးနဲ့ရင်းပြီး နှင်းဆီကိုသာရွေးဖို့ ဆုံးဖြတ်လိုက်ရတော့တာလေ။
---------------------------------------------------------------
ကန်ရေပြင်အပေါ်ယံမှာ လေပြည်အေးလေးတွေ ဖြတ်သန်းပြေးလွှားနေလို့ လှိုင်းသေးသေးလေးတွေ ဖြစ်ပေါ်နေတယ်။
ရေကန်ထဲသို့ ထိုးစိုက်သွယ်ထားတဲ့ တံတားတစ်စင်း။
ထိုတံတားလေးထိပ်မှာ နှင်းဆီက ထိုင်နေရင်း ခြေထောက်ကို ရေထဲတွဲလောင်းချထားပြီး ရေဆော့နေသေးတာ။
ဒါကို သူမက နောက်ခပ်လှမ်းလှမ်းမှာရပ်ရင်း လက်ထဲမှာရှိနေတဲ့ ကော်ဖီကို စိန်ပြေနပြေသောက်ရင်း ငေးကြည့်မိနေတာ။
"နှင်းဆီ MDကို ချစ်မိသွားပြီနဲ့ တူတယ်MD..."
ရေကို စိတ်ပါဝင်စားစွာကြည့်ရင်းက ရုတ်တရက်ပြောလိုက်တဲ့ နှင်းဆီစကားကြောင့် သူမ ကော်ဖီပင်သီးချင်သွားတယ်။
"သေချာလို့လား နှင်းဆီ"
"သေချာတယ်MD။ အရမ်းသေချာတယ်။ အမှန်တိုင်းဝန်ခံရရင်လေ MD ကို လူချင်းမတွေ့ခင်တည်းက မက်မက်မောမောတွယ်တာမိခဲ့တယ်။ လူချင်းတွေ့တော့ ပိုတောင်ဆိုးလာတယ်။ MD ကို ပထမဆုံးစလိမ်ခဲ့တုန်းကလေ နောက်တစ်ခါ ပတ်သတ်ခွင့်မရှိတော့မှာကို စိုးရီမ်လို့ နှင်းဆီ MD ဆီ ညလာအိပ်တာ။ အဲ့ဒါဟာ ချစ်တာလား ဘာလားဆိုတာတော့ နှင်းဆီလည်း သေချာမသိဘူး။ မက်မောတယ်ဆိုတာတော့ မှန်တယ်။ ဒါမဲ့ ခုနောက်ပိုင်း နှင်းဆီလေ MD ကို တဖြည်းဖြည်း မက်မောနေရာကနေ မြတ်နိုးလာတယ်။ တန်ဖိုးထားလာမိတယ်။ မြတ်နိုးမှုဟာ ချစ်ခြင်းကြောင့်သာဖြစ်ပေါ်လေ့ရှိတတ်တယ်တဲ့။ နှင်းဆီဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာ။ အဲဒါကြောင့် နှင်းဆီအခု MD ကို ချစ်မြတ်နိုးနေမိပြီလို့ ပြောရဲတာပေါ့..."
ခံစားချက်တွေကို သေသေချာချာ ဝေဖန်ပိုင်းခြားပြနေရင်း နှင်းဆီဟာ ရေထဲက ခြေထောက်ကိုဆယ်လိုက်ပြီး သူမဆီ တစ်လှမ်းချင်းလျှောက်လာတယ်။
"မြတ်မြတ်နိုးနိုးနဲ့ ချစ်မိလေ... ဆုံးရှုံးရမှာကြောက်လာလေ... အဲ့ဒါ ခင်ဗျားသိလား?"
"တကယ် ဆုံးရှုံးရမှာ ကြောက်တာလား?"
"အင်း... တကယ်... ခုဆိုလေ မနက်မိုးလင်းမျက်စိနှစ်လုံးဖွင့်တာနဲ့ ခင်ဗျားကို တန်းမြင်တာ။ လူတွေက မနက်နိုးတာနဲ့ သူတို့ရဲ့ နာကျင်မှုနဲ့ပျော်ရွှင်မှုကို ပထမဆုံး သတိရတယ်တဲ့... တကယ်တော့ ခင်ဗျားက နှင်းဆီရဲ့ နာကျင်မှုနဲ့ ပျော်ရွှင်မှုပဲ"
"တို့နားမလည်ဘူး နှင်းဆီ..."
"ဒါဆို နားထောင်သေရှင်းပြမယ်..."
ပြောပြောဆိုဆိုနဲ့ နှင်းဆီဟာ သူမလက်ထဲက ကော်ဖီခွက်ကို လှမ်းယူပြီး တံတားကြမ်းခင်းပေါ် တင်လိုက်တယ်။ ပြီးတော့ သူမကို အနောက်မှ တင်းကြပ်စွာသိုင်းဖက်ရင်း စကားဆက်တယ်။
"နှင်းဆီ ခင်ဗျားကို လိမ်ဖူးတယ်... ဟုတ်တယ်နော်။ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်... ဒါပေမယ့် MD က ခွင့်လွှတ်ပေးခဲ့တာချည်းပဲ... အဲဒီလို လိမ်ခဲ့မိတဲ့အတွက် ရတဲ့ နာကျင်မှု"
"အော်...ဒါဆိုပျော်ရွှင်မှုဆိုတာကရော?"
"ဒီလောက် နှင်းဆီက ခင်ဗျားကို မြတ်မြတ်နိုးနိုးနဲ့ မက်မောမိနေတာ၊ ခုဆိုသေချာနေပြီ ချစ်မိတာ။ ကိုယ်ချစ်ရတဲ့မိန်းမရဲ့ ရင်ခွင်ထဲမှာ နေခွင့်ရတဲ့ နှင်းဆီမှာ ပျော်ရွှင်မှုမရှိရဘူးတဲ့လား ဒေါ်မင်းထက်သာလွန်ရယ်..."
ပြောပြောဆိုဆိုနဲ့ နှင်းဆီဟာ နှာခေါင်းနဲ့ သူမလည်တိုင်ဆီတိုးဝှေ့ရင်း ကျီဆယ်သေးတာ။
"ခင်ဗျားနားမှာ နေခွင့်ရနေတာလေးကိုက ပျော်ရွှင်မှုပေါ့ရှင်... အဲဒါကြောင့် မနက်နိုးတာနဲ့ မျက်စိနှစ်လုံးဖွင့်တာနောက်ထား၊ အာရုံက နိုးသွားပြီဆိုတာနဲ့... မျက်စိထဲဘာမှတောင်မမြင်သေးခင် ခင်ဗျားကို စပြီး သတိရတာပဲ။ အဲဒီအချိန် ဘေးဖက်ကိုလှည့်ကြည့်လိုက်လို့ ခင်ဗျားကို မြင်လိုက်ရရင်လေ... အား... အဲဒီနေ့လောက် တန်ဖိုးရှိတာ၊ အဲဒီနေ့လောက် သာယာတာ၊ အဲဒီနေ့လောက် မင်္ဂလာရှိတာ... အိုး... ပြောနေစရာတောင်မလိုတာ"
"မင်း သေချာရဲ့လား နှင်းဆီရယ်..."
"အယ်... မသေချာပဲ ပြောမလား ခင်ဗျားလေးရယ်..."
"ဒါဆို နှင်းဆီ တို့ကိုလက်ထပ်ရဲလား?"
နှင်းဆီငြိမ်သက်သွားတာမှ အသက်မဲ့သွားတယ်လို့တောင် ထင်ရတယ်။
ပြီးတော့မျက်လုံးတွေပြူးပြီး သူမကို စိုက်ကြည့်နေသေးတာ။ တော်တော်ကြာတယ်။
ပြီးတော့ သိုင်းဖက်ထားတာကို ဖယ်ပြီး သူမနဲ့မျက်နှာချင်းဆိုင်လာရပ်တယ်။
သူမရဲ့ပါးနှစ်ဖက်ကို တယုတယနဲ့လှမ်းကိုင်တဲ့အချိန် နှင်းဆီမှာ မျက်ရည်လေးတွေ ဝေ့နေပြီ။
"နှင်းဆီ...???"
စိုးရီမ်တကြီးနဲ့ မျက်ရည်သုတ်ပေးဖို့လုပ်တော့ နှင်းဆီက မျက်နှာကိုလွှဲချရင်း ငြင်းဆန်တယ်။
"ရှူး... နှင်းဆီပြောစရာရှိတယ်... သေချာနားထောင်ပေးနော်"
"ဟုတ်ကဲ့"
"နှင်းဆီ အတန်းပညာမသင်ဖူးဘူး MD။ ဘုန်းကြီးကျောင်းမှာပဲ သုံးတန်းအထိတက်ဖူးတယ်။ ငယ်ငယ်က ရရာအလုပ်လုပ်ပြီး မေမေ့ကို ဆေးကုတယ်။ မေမေ့ရဲ့အကိုက နှင်းဆီတို့ သားအမိမှာကျန်တဲ့ နားကပ်နဲ့ လက်စွပ်ကိုယူပြီး ထွက်သွားလိုက်ကတည်းက နှင်းဆီ လူ့လောကကို တော်တော်မုန်းမိတယ်။ ဘယ်သူမကိုမှလည်း မယုံရဲတော့ဘူး။ အဲဒါကြောင့် အရွယ်ရောက်တာနဲ့ လူတွေကိုစပြီး လိမ်ခဲ့တာလေ"
မျက်ရည်များဝေ့ရင်း နောက်ကြောင်းပြန်သလိုပြောနေတဲ့ နှင်းဆီ အသံတွေက အသက်မဲ့လွန်းနေတယ်။
"ဒါပေမဲ့... နှင်းဆီ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တယ်နော်"
"နှင်းဆီက လူတစ်ကာကိုလိမ်ရတော့ ဥပဒေစာအုပ်တွေ၊ အင်္ဂလိပ်စကားပြောစာအုပ်တွေကို လေ့လာရတာပေါ့။ ဒါမှ ကိုယ်လိုချင်တဲ့ အကွက်ထဲကို သူမတို့အလွယ်တကူဝင်အောင် အကွက်ဆင်နိုင်မှာလေ..."
"တော်တော် ပင်ပန်းခဲ့မှာနော်။ နှင်းဆီရဲ့ ငယ်ဘ၀မျိုးကို တို့စိတ်တောင်မကူးဖူးဘူး"
"ဒါပေမဲ့ နှင်းဆီကတော့ အဲ့လိုဘ၀မျိုးနဲ့ အသက်ရှင်ခဲ့ရတာ MDရဲ့"
"ဒီတစ်ခါ နှင်းဆီပြောတဲ့ နှင်းဆီရဲ့ ဇာတ်က အမှန်လား?"
"MD မယုံရဲတော့ဘူးမို့လား?"
"နှင်းဆီလိမ်နေတယ်ထားဦး။ တို့က ယုံနေတာပဲလေ။ နှင်းဆီဘာပဲပြောပြော ယုံရမှာက တို့တာဝန်"
နှင်းဆီ သူမကို မက်မောစွာ ငေးစိုက်ကြည့်ရင်း သူမရဲ့လက်တစ်ဖက်ကိုလှမ်းယူတယ်။
ပြုံးပြီး ထိုလက်ဖမိုးကို ခပ်ဖွဖွနမ်းတော့ နှင်းဆီရဲ့မျက်ရည်စလေးတွေ သူမလက်ဖမိုးပေါ်ခုန်ပေါက်ဆင်းသက်လာတယ်လေ။
"တို့တကယ်လို့ နှင်းဆီဆီမှာ လက်ထပ်ခွင့်တောင်းရင် နှင်းဆီဘယ်လိုတုန့်ပြန်မှာလဲ ဟင်?"
နှင်းဆီ ပြုံးတယ်။ မက်မက်မောမောနဲ့ကိုပြုံးတယ်။
ဒီတစ်ခါတော့ နှင်းဆီက သူမ မျက်ရည်တွေလှမ်းသုတ်တာကို ငြိမ်ခံနေတယ်လေ။
"နှင်းဆီ ဗိုက်ဆာနေပြီ MD။ MDနဲ့ နှင်းဆီ အခုချက်ချင်း စားသောက်ဆိုင် တစ်ခုခုကို မသွားကြဘူးဆိုရင်တော့ နှင်းဆီ MDရဲ့ ဒီလက်ကို ကိုက်စားမိလိမ့်မယ်။ ဘယ်လိုလုပ်ချင်လဲ... MDရွေး။ လက်ကို အဆုံးရှုံးခံမလား... တစ်ခုခုသွားစားကြမလား?"
လက်ထပ်ခွင့်တောင်းတဲ့မေးခွန်းကို မဖြေချင်လို့ ဝေ့၀ိုက်လိုက်မှန်း သိရဲ့သားနဲ့ နာကျင်ရမှန်းမသိပဲ နှင်းဆီအလိုကျ စားသောက်ဆိုင်တစ်ခုခုကိုသွားဖို့ သူမ ခေါင်းညိတ်မိသွားတယ်။
"မြန်မာနိုင်ငံမှာ လူ့လက်အပိုပစ္စည်းတွေ မရောင်းသေးတော့... စားသောက်ဆိုင် တစ်ဆိုင်ကိုပဲ သွားကြတာပေါ့ နှင်းဆီရယ်"
ပြောရင်း သူမ နှင်းဆီရဲ့ပါးလေးကို တစ်ချက်လှမ်းနမ်းပြီး ထိုတံတားလေးပေါ်မှ အရင်ဦးစွာ လျှောက်ထွက်လာမိတယ်။
အဲဒီအချိန် နှင်းဆီဟာ သူမနဲ့အတူ လိုက်ပါမလာ။
နောက်မှာရပ်ကျန်ရင်း သူမကို ငေးများကြည့်နေမလား?
သူမကျောပြင်ကိုငေးကြည့်ရင်း သူမကို လက်ထပ်ခွင့်ပေးလိုက်ဖို့ နှင်းဆီ စဉ်းစားနေပါစေလို့ အကြိမ်ကြိမ်ဆုတောင်းနေမိသေးတာ။
--------------------------------------------------
သူမအချစ်က လေထဲလွင့်နေတဲ့ စွန်လေးကို ငေးကြည့်ရုံသက်သက် ငေးကြည့်နေတဲ့ လူတစ်ယောက်ရဲ့ မျက်ဝန်းထဲက အရိပ်တွေနဲ့တူသည်။
အရမ်းအေးချမ်းပြီး နွေးထွေးတဲ့ အချစ်မျိုး။
လွတ်လွတ်လပ်လပ်ပျံသန်းပါစေ... ငါချစ်တာပဲ ပျံနေတာရပ်စမ်းဆိုတာမျိုးလည်းမဟုတ်။
အဲ့လို အေးချမ်းခမ်းနားတဲ့အချစ်။
အဲ့လိုအချစ်မျိုး... နှင်းဆီ တစ်ခါဖူးမှ မမြင်ဖူး။
နောက်ပြီး နှင်းဆီကိုယ်တိုင်ကလည်း လိုချင်တတ်မက်ခဲ့တာပဲလေ။
ဒါပေမဲ့ လက်ထပ်ဖို့အတွက်တောင်းဆိုလိုက်တဲ့ သူမတောင်းဆိုမှုက နှင်းဆီအတွက် အရမ်းကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု။
သူမနဲ့ ငါ တန်လို့လားဆိုတဲ့ အတွေး။
သူမအချစ်က အရမ်းဖြူစင်တော့ ငါ သူမအချစ်ကိုလက်ခံဖို့ လိပ်ပြာလုံရဲ့လားဆိုတဲ့အတွေး။
အဲဒီအတွေးတွေက နှင်းဆီခေါင်းထဲ ဟိုဒီပြေးလွှားနေရင်း ချက်ချင်းပြန်ဖြေချင်ရက်နဲ့ကို ပြန်မဖြေခဲ့မိတာ။
ပြန်မဖြေရဲမိတာ။
ပြန်မဖြေရက်မိတာ။
စားသောက်ဆိုင်မှာ သူမနဲ့အတူ ညနေစာစားသောက်ပြီး အဆောင်ကိုပြန်ဖို့ ကိစ္စရှိတယ်လို့အကြောင်းပြတော့ သူမက အေးအေးလူလူပဲ နှင်းဆီကို အဆောင်ပို့ပေးတယ်။
စောင့်ပေးရဦးမလားလို့မေးတဲ့ သူမရဲ့မေးခွန်းဟာ ဒီနေ့ည နှင်းဆီကို သူမနဲ့အတူ ခေါ်သိပ်ချင်နေတယ်ဆိုတာအသိသာကြီးပါ။
ဒါကို နှင်းဆီသိသိရက်နဲ့ မသိဟန်ဆောင်ကာ ဒီနေ့တော့ အဆောင်မှာပဲ အိပ်လိုက်တော့မယ်လို့ ခပ်လွယ်လွယ်ပြောနိုင်အောင် မနည်းကြိုးစားရင်း သူမကို ကျောခိုင်းခဲ့ရသေးတာ။
အဆောင်က အခန်းထဲရောက်တည်းက နှင်းဆီ ထိုင်ခုံမှာဝင်ထိုင်ပြီး ခေါင်းကိုမော့ကာ ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားနေတာ... ခုဆို ည ၈ နာရီတောင်ထိုးနေပြီ။
ခုထိ အဖြေက ထွက်မလာသေး။
သူမလည်း အကြိမ်ကြိမ်ဖုန်းတွေခေါ်နေသေးတာ။
စိတ်ညစ်မှုကြောင့် ဘယ်ဖုန်းကိုမှမကိုင်ပဲနေခဲ့တာ။
ဒါမဲ့ သူမကို လွမ်းတဲ့စိတ်က အရမ်းကြီး ပြင်းထန်လာလို့ ဖုန်းကိုယူပြီး Missed Call တွေစစ်ကြည့်တော့ သူမရဲ့ဖုန်းအပြင် တခြားဖုန်းနံပါတ်တစ်ခုကိုတွေ့လိုက်ရတယ်။
ဒီဖုန်းကို သူမ ၀ယ်ပေးထားတာမကြာသေးဘူးဆိုတော့ အဲဒီနံပါတ်ကို နာမည်နဲ့တွဲမမှတ်ရသေးပေမယ့် သူမ သိတယ်လေ။
အဲဒီနံပါတ်ကို အလွတ်ရနေပြီးသားဥစ္စာ။
ဝန်လေးစွာနဲ့ အဲဒီဖုန်းကိုပြန်ခေါ်လိုက်တော့ တစ်ဖက်ကနေ ထုံးစံအတိုင်း သတင်းဆိုးတွေကြားရပြန်ရော။
အကြောင်းအရင်းက ခါတိုင်းလိုပဲပေါ့။ နှင်းဆီ မေမေရဲ့ ကျန်းမာရေးအတွက် ငွေအသည်းအသန်လိုနေပြီ။
ငွေမရရင် လူကို လက်လျော့ရတောမည်ဆိုတဲ့ သတင်းဆိုးကြီး။
ရင်ထဲအောင့်သွားရင်း လူက ဖုန်းကိုင်ထားရင်းမှ ဘာလုပ်လို့လုပ်ရမှန်း မသိတော့။
ဖုန်းပြောတဲ့လူတောင်းဆိုတဲ့ ငွေပမာဏက အရမ်းများနေတော့ လတ်တလော နှင်းဆီ ဘယ်က ရှာလို့ ရှာရမှန်း မသိ။ ရှာလည်း မရှာပေးနိုင်။
ဒါပေမဲ့ နှင်းဆီ မေမေ့ကိုလည်း အဆုံးရှုံးမခံနိုင်ပြန်။
ဒါဆို နှင်းဆီ ဘာလုပ်သင့်လဲ။
မင်းထက်သာလွန်နဲ့တိုင်ပင်ပြီး မင်းထက်သာလွန်ဆီက အကူညီတောင်းရမလား?
ဟင့်အင်း။ မတောင်းချင်ဘူး။
မင်းထက်သာလွန်က သူမအချစ်တွေကို အရင်းပြုပြီး အခွင့်ရေးယူတယ်လို့ ထင်သွားမှာ အရမ်းစိုးရိမ်တယ်။
နောက်ပြီး မင်းထက်သာလွန်ကို နှင်းဆီ မလိမ်ချင်ပဲနဲ့ လိမ်ခဲ့တာ ၂ ခါတောင်ရှိနေပြီ။
ဘယ်နည်းနဲ့မှ မင်းထက်သာလွန်ဆီက ငွေကို နှင်းဆီ ယူလို့မဖြစ်။
"နေပါဦး ဦးလေးရယ်။ ကျွန်မကို အချိန် ၁ ရက်လောက်တော့ပေးပါဦး။ ကျွန်မ အဲ့ဒီငွေကို မရ ရအောင်ရှာပေးပါ့မယ်"
"နင် နေခိုင်းတိုင်း ငါက နေလို့ရပေမဲ့ နင့်အမေရဲ့ ရောဂါက နေမှာမှ မဟုတ်တာ။ ဒီတော့ နင့်ဖက်က ဆုံးဖြတ်ပေါ့။ ဒီကြားထဲ့ နင့်အမေ နည်းနည်းသက်သာအောင် ငါ ထိန်းပေးထားမယ်။ အရမ်းဆိုးရွားလာရင်တော့ ငါ နင့်ဆီ ဖုန်းထပ်ဆက်လိုက်မယ်နော်"
"ဟုတ်ကဲ့..."
ဖုန်းချပြီးတဲ့တိုင်အောင် ရင်ထဲမှာ စိုးရိမ်မှု ၂ ခုက လွန်ဆွဲနေတယ်။
တစ်ခုက အမေကို မဆုံးရှုံးနိုင်ရင်းမှဖြစ်တည်လာတဲ့ အမေတစ်ခုခုဖြစ်သွားရင်... ဆိုတဲ့ စိုးရိမ်မှု။
နောက်တစ်ခုက သူမအပေါ် အခွင့်ရေးကို ထပ်ကာထပ်ကာ ယူမိသလိုဖြစ်နေပြီ... ဆိုတဲ့ စိုးရိမ်မှု။
နှင်းဆီ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတာတော့ အမှန်။
----------------------------------------
ဆက်ရန်
----------------------------------------
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romantizmကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။