(Zawgyi code)
အင်တာဗျူးတဲ့အခန်းက အခန်းဆိုတာက အရမ်းကို ခမ်းနားလွန်းတယ်။
အခန်းအလယ်မှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းကြီးကပဲ တန်ဖိုးမနည်းလှဘူးဆိုတာ သူမ စတွေ့လိုက်တည်းက သိတယ်။
အခန်းအလယ်တည့်တည့်မှာ စားပွဲတစ်လုံးနဲ့ အမျိုးသမီးတစ်ယောက်ထိုင်နေတယ်။
အခန်းထဲစ၀င်လာတည်းက သူမ ထိုအမျိုးသမီးကို သေချာ စိုက်ကြည့်လေ့လာနေမိတာ။
ဖိုင်တွဲတစ်ခုကို စိတ်ပါဝင်စားစွာကြည့်နေတဲ့ထိုအမျိုးသမီးဟာ Feature Target စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်... ဒေါ်မင်းထက်သာလွန်ဖြစ်နေလိမ့်မယ်လို့ သူမ မထင်ထားမိ။
"ထိုင်ခွင့်ပြုပါနော်..."
ထိုင်ခွင့်ပြုဖို့ ခွင့်တောင်းလိုက်တော့ ထိုအမျိုးသမီးရဲ့အကြည့်တွေ သူမဆီရောက်လို့လာတယ်။
အမျိုးသမီးပုံစံက သူမကို မကြည့်မိအောင် သတိထားနေရတဲ့ပုံစံ။
အနီရောင်ရင့်ရင့်ရေးချယ်ထားတဲ့ နှုတ်ခမ်းကို အလှဆုံးဖြစ်အောင်ပြုံးပြလိုက်ရင်း နှုတ်ဆက်လိုက်တော့ ထိုအမျိုးသမီး မျက်လွှာတွေ ချသွားတယ်။
"ထိုင်ပါ... နာမည်က ပန်းနှင်းဆီနော်"
နာမည်ကို အလွတ်ရနေပေမယ့် ၀တ်ကြေတန်းကြေထပ်ပြီး မေးလိုက်တော့ သူမ ခေါင်းညိတ်ပြတယ်။
"ဟုတ်ကဲ့ပါ..."
"လုပ်ငန်းအတွေ့အကြုံက နှစ်နှစ်နော်..."
"ဟုတ်ကဲ့ပါ..."
"ပန်းနှင်းဆီရဲ့ Application Form ကတော်တော်ပြည့်စုံပါတယ်။ ဒါနဲ့ Chief Accountant Position ကိုဘာလို့ လျှောက်ထားတာလဲ?"
ရုတ်တရက်မေးလိုက်တဲ့ မေးခွန်းကြောင့် သူမ ဆတ်ခနဲပြုံးလိုက်တယ်။
ပြုံးလိုက်မိတဲ့အပြုံးကိုလည်း နှစ်လိုဖွယ်ကောင်းအောင် သူမ ပြင်ဆင်ထားပြီးသားပါ။
"နှင်းဆီက ငွေတွေနဲ့ နီးနီးကပ်ကပ်နေရတာကို သဘောကျတယ်လေ။ နောက်ပြီး အဲဒီ Chief Accountant Position ကို အရမ်းပဲ စိတ်ဝင်စားလို့ပါ..."
စိတ်ထဲမှာရှိတဲ့အတိုင်း ဖြေခလိုက်တော့ အမျိုးသမီးရဲ့အကြည့်တွေ သူမ ဆီထပ်မံလို့ရောက်လာတယ်။
ဒေါ်မင်းထက်သာလွန်ဟာ စိတ်ထဲမှာ တစ်ခုခုမတင်မကျဖြစ်နေတဲ့ပုံစံမျိုး။
လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုပြီး ဗျာများနေပေမယ့် မနည်းတည်ငြိမ်အောင်ကြိုးစားနေပုံမျိုး။
ပထမပိုင်းတော့ သူမဆီအကြည့်တွေ ရောက်မလာအောင် ထိန်းထားပေမယ့် သူမရဲ့အပြုံးကိုမြင်သွားပြီးတော့ အရမ်းကို ငြိမ်သက်သွားတယ်။
တကယ်လည်း မင်းထက်သာလွန်စိတ်ထဲ သူမကို အလုပ်မခန့်သင့်ဘူးဆိုပြီး ဖြစ်နေတာ။
ဒါပေမဲ့ ခက်တာက သူမအကြည့်၊ သူမအပြုံး၊ Market ထဲမှာ ၀င့်ခနဲ မျက်စိတစ်ဖက်မှိတ်ပြသွားတဲ့ သူမ စတိုင်။ အဲ့ဒါတွေကို မင်းထက်သာလွန် ဘယ်နည်းနဲ့မှ မစွန့်လွှတ်နိုင်တော့တာ။
"အင်း... မင်း Overtime တွေဘာတွေရောဆင်းနိုင်ရဲ့လား?"
"ဟုတ်ကဲ့ ဆင်းနိုင်ပါတယ်..."
"ဒါနဲ့... ဘာဖြစ်လို့ မျှော်မှန်းလစာမှာ မဖြည့်ထားတာလဲ?"
"နှင်းဆီနဲ့ထိုက်တန်မဲ့ Amount တစ်ခုခုကို ဒီကုမ္ပဏီကပေးမယ်ဆိုတာ ယုံကြည်လို့ပါ..."
မင်းနဲ့ထိုက်တန်တာကတော့ ဘာလဲ မသိဘူး ပန်းနှင်းဆီ။ အခုတော့ မင်းအရှေ့မှာ ငါ ပြားပြားဝတ်ခယချင်နေပြီဆိုတဲ့ ကိုယ့်ကိုယ်ကိုပြောလိုက်မိတဲ့စကားလေးကြောင့် မင်းထက်သာလွန် ဆတ်ခနဲပြုံးလိုက်မိပါတယ်။
ထိုစဉ် အရမ်းကိုတည်တံ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဖြူစင်လှတဲ့အပြုံးကို မမြင်ဖူးတဲ့ သူမ။
ထိုအပြုံးကိုကြည့်ရင်း မာန်ထည့်ထားတဲ့ သူမအကြည့်တွေတောင် ခဏတာမှေးမှိန်သွားရတယ်။
အသက် ၃၀ ၀န်းကျင်၊ ရုပ်ရည်သန့်သန့်နဲ့ ထိုအမျိုးသမီးတွင် သူမ မြင်ဖူးခဲ့သော တခြားလူများလို ရမ္မက်တွေ ရှိမနေတာ ဘာ့ကြောင့်လဲ?
ခါတိုင်း ရမ္မက်တွေ၊ အတ္တတွေ မွှန်နေတဲ့ လူတွေရဲ့အပြုံးကို သူမ လွယ်လွယ်လေး အံတုရင်း ပြန်ပြုံးပြနိုင်ခဲ့သော်လည်း အခုလို ကြည်လင်လှတဲ့ ထိုအမျိုးသမီးရဲ့အပြုံးနဲ့ကျမှ သူမရင်ထဲသို့ လေးလံမှုလေးတစ်ခု စီးမျောလာရင်း လူက ချက်ချင်းပင် ခေါင်းငုံ့ချလိုက်ရတဲ့အဖြစ်။ ထူးဆန်းပါဘိ။
"အင်း။ ကောင်းပြီလေ။ လိုအပ်ရင် ဆက်သွယ်လိုက်ပါ့မယ်... ဟုတ်ပြီလား? ဖောင်ထဲမှာဖြည့်ထားတဲ့ ဖုန်းကိုဆက်ရင် အဆင်ပြေတယ် မဟုတ်လား?"
"ဟုတ်ကဲ့။ ဟို... အခု Interview နဲ့ ပတ်သတ်ပြီး ကျွန်မ ဒီအလုပ်ကို ရနိုင်တယ်၊ မရနိုင်ဘူးဆိုတာ နည်းနည်းလောက် သိလို့ရမလား ရှင်?"
မင်း ရနိုင်တာပေါ့ ပန်းနှင်းဆီ။ အခုတောင် မင်းအရှေ့မှာ တို့က ခစားချင်နေပြီလေ။
"ဟုတ်ကဲ့... ချက်ချင်းပြောလို့မရပါဘူးရှင်။ ကျမတို့ ဘုတ်အဖွဲ့နဲ့ တိုင်ပင်ပြီးနောက်မှ Discuss လုပ်ပြီး အတည်ပြုရမှာပါ..."
သူမမေးခွန်းကို လေးလေးနက်နက်ပြန်ဖြေပေးတဲ့ မင်းထက်သာလွန်ကို သူမစိတ်ထဲ အမှတ်ပေးလိုက်မိသည်။
မင်းထက်သာလွန် သူမကို စကားပြောတာ အတ္တကင်းတယ်။ ရမ္မက်မရှိဘူး။
ဖြစ်နိုင်ရင် ထိုအမျိုးသမီးအနားမှာ သူမ တစ်သက်လုံးနေခွင့်ရနေချင်မိတယ်။
ဒါပေမဲ့ ဝေးကွာလွန်းပါတယ် ပန်းနှင်းဆီရယ်ဆိုတဲ့အတွေးနဲ့ သူမ သက်ပြင်းလေးချရင်း ခေါင်းဆတ်ကာ အခန်းထဲမှထွက်ဖို့ ခြေလှမ်းတွေ လှမ်းခဲ့လိုက်တယ်။
"မပန်းနှင်းဆီ"
အခန်းဝသို့ရောက်နေပြီဖြစ်တဲ့ သူမခြေလှမ်းတွေဟာ မင်းထက်သာလွန်ရဲ့ခေါ်သံကြောင့် တံ့ကုန်ရတယ်။
နောက်ပြီး ပျော်သွားတာလားတော့မသိ။
ရင်ထဲကြည်နူးသွားတာ ခံစားလိုက်ရပြီး သူ့ဖက်သို့ ချက်ချင်းပြန်လှည့်လိုက်မိတယ်။
"ဘာပြောမလို့လဲ ရှင်"
"ကျမတို့ တစ်နေရာမှာ ဆုံဖူးတယ်နော်..."
တိကျစွာမေးလိုက်သော သူမမေးခွန်းကို ချက်ချင်းမဖြေနိုင်သဖြင့် ခဏတော့ တွေတွေလေး စဉ်းစားလိုက်ရတယ်။
ဒီလို မယ်အေးချမ်းနဲ့ သူမ ဘယ်မှာများ ဆုံဖူးတာပါလိမ့်။
"ကျွန်မတို့ ဆုံဖူးတယ်? ဟုတ်လား? ဘယ်နေရာမှာလဲ မသိဘူးနော်"
မေးသာမေးရတယ်။
ရင်ထဲမှာတော့ ခပ်လန့်လန့်ရယ်။ သူမ တစ်ကြိမ်တစ်ခါတုန်းက လိမ်ခဲ့ဖူးတဲ့လူများဖြစ်နေမလားဆိုတဲ့အတွေးက သူမရင်ခုန် သံတွေကို မြန်စေနေပြီလေ။
"Market တစ်ခုမှာလေ... မမှတ်မိဘူးလား?"
သူမ မမှတ်မိပါ။ မှတ်မိရင် သူမ ဒီအခန်းထဲကို ၀င်တောင် ၀င်ခဲ့လိမ့်မည်မဟုတ်။
"တကယ်မမှတ်မိဘူးပဲ။ ကျမက ကျမကို ဒုတိယအကြိမ်ပြန်တွေ့ရင် မပန်းနှင်းဆီ မှတ်မိနေလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ မပန်းနှင်းဆီက တကယ်ပဲ မမှတ်မိဘူးပဲ ..."
မျှော်လင့်ချက်တွေပါနေတဲ့ မင်းထက်သာလွန်ရဲ့စကားလေးက ညည်းသလိုလိုလေး။
နားမလည်မှုတွေနဲ့အတူ သူမငေးကြည့်နေရင်း ဒီအမျိုးသမီး ငါ့ဆီက ဘာတွေများမျှော်လင့်နေတာလဲလို့ တွေးမိနေတယ်။
ထိုစဉ် မင်းထက်သာလွန်ရဲ့ လက်တွေ လှုတ်ရှားသွားပြီး စားပွဲခုံအံဆွဲက ပွင့်လာတယ်။
ပြီးတော့ အတွင်းမှ အရာတစ်ခုကို ထုတ်ယူပြီး စားပွဲပေါ်သို့ တင်ပြလိုက်တယ်။
ဘာလေးများဖြစ်လိမ့်မလဲလို့ သူမ ငေးကြည့်မိရင်းက ထိုပစ္စည်းကိုမြင်ပြီး သူမ မျက်လုံးမျက်စံများ ပြူးကျယ်သွားရတယ်။
စိတ်လည်း အရမ်းလှုတ်ရှားသွားရတယ်။
ဒါပေမဲ့ မင်းထက်သာလွန်ကတော့ တည်တည်ငြိမ်ငြိမ်လေးပါပဲ။
"ဒီနှုတ်ခမ်းနီဗူးက မပန်းနှင်းဆီရဲ့ ဥစ္စာလေ။ မပန်းနှင်းဆီက အဲဒီနေ့က ကျမကိုပေးသွားတာ..."
ဟာ... သူမ နှုတ်ခမ်းနီဗူးကိုမြင်မှ အာရုံထဲသို့ပြေးဝင်လာတဲ့ Market က ၀န်ထမ်းအမျိုးသမီး။
အဲ့ဒီမိန်းမကို မကျေနပ်လို့ သူမ ပြဿနာရှာခဲ့စဉ်က ခိုးယူခဲ့တဲ့ နှုတ်ခမ်းနီဗူးဖြစ်မှန်း မြင်လိုက်တာနဲ့ ချက်ချင်းမှိတ်မိသွားတယ်။
အဲဒီတုန်းက သူမ လူတစ်ယောက်လက်ထဲကို အဲ့ဒီနှုတ်ခမ်းနီဗူး ထိုးထည့်ပေးခဲ့မိတယ်။
ဂုဏ်သရေရှိ၊ အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ဆိုတာကလွဲပြီး သူမ တခြားမမှတ်မိ။
ဒါဆို သူမနှုတ်ခမ်းနီဗူးထိုးထည့်ပေးခဲ့တဲ့လူက ဒေါ်မင်းထက်သာလွန်ပေါ့။
သွားပြီ။ ဒါဆို သူမ ဒီအလုပ်ကို ဘယ်လိုလုပ်ရတော့မှာလဲ။
အဲ့ဒီ့တုန်းက သူမ လိမ်စဉ်ကြီးတစ်ခုလုံးကို မင်းထက်သာလွန်မြင်နေခဲ့မှာ အသေအချာပါပဲ။
ဘယ်လိုလူမျိုးက လူလိမ်တစ်ယောက်ကို သူ့ Company မှာ အလုပ်ခန့်မှာတဲ့လဲ?
အလုပ်မရတော့ဘူးဆိုတာ သိနေတဲ့နောက်တော့ သူမ ဒီမှာ ဘာဆက်လုပ်တော့မှာလဲ။
"မင်းဘာလို့ အဲ့လိုလုပ်တာလဲ" လို့ မမေးခင် သူမ ဒီအခန်းထဲက ထွက်သွားသင့်နေပြီပဲ။
ဒါပေမဲ့ သူမလိမ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကိုတော့ ဒီအမျိုးသမီးဆီမှာ မထားခဲ့ချင်။
အဲ့ဒါကြောင့် သူ့စားပွဲပေါ်မှာရှိနေတဲ့ နှုတ်ခမ်းနီဗူးကို သူမ ရဲရဲတင်းတင်းနဲ့ပဲ သွားယူလိုက်မိတယ်။
"မင်းဘာလုပ်တာလဲ?"
"ဒါ ကျမရဲ့ နှုတ်ခမ်းနီဗူးလေ..."
"ဒါဆို အဲဒီနေ့က Market ထဲက မိန်းကလေးက မင်းပေါ့... ဟုတ်လား မပန်းနှင်းဆီ"
မေးခွန်းကိုကြားရဲ့သားနဲ့ သူမ ပြန်မဖြေတော့။
အရမ်းကို နီးကပ်သွားတဲ့ သူမအနေအထားတစ်ခုကြောင့် ထိုအမျိုးသမီးကို ဖက်ကာ နမ်းမိချင်နေတဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်နေမိတယ်။
သင်းပျံ့ပြီး အဆင့်တန်းရှိလှတဲ့ ရေမွှေးနံ့ဟာ သူမကို သိမ်ငယ်စေသလို၊ စိတ်ရိုင်းတွေ ၀င်စေနိုင်တယ်။
ဖြစ်နေတဲ့စိတ်တစ်ခုနဲ့အတူ နောက်နောင်လည်း ဒီအမျိုးသမီးနဲ့ ပြန်ဆုံရတော့မယ်ဆိုတာ မသေချာတဲ့နောက်တော့ သူမ လှည့်မပြန်ခင် အနမ်းတစ်ခုကိုတော့ ရယူသွားချင်နေသေးတယ်။
ဖြစ်နေတဲ့စိတ်ကို လွှတ်ပေးမိရင်း သူမ ရဲတင်းစွာဖြင့် မင်းထက်သာလွန်ရဲ့ နှုတ်ခမ်းနား တိုးကပ်သွားမိတော့ မင်းထက်သာလွန်မျက်လုံးများပြူးကျယ်ရင်း နောက်တွန့်သွားတာ သိသာလွန်းတယ်။
မဖြစ်ပါဘူး။ သူမ နမ်းလိုက်ရင် အရမ်းလွန်သွားမယ်။ မဖြစ်သင့်ဘူး။
"ခွင့်ပြုပါဦးရှင်..."
ပြောပြီးတာနဲ့ သွက်သွက်လေးပဲ အခန်းထဲက ထွက်ခဲ့လိုက်မိတယ်။
ဒါပေမဲ့ သူမရင်ထဲမှ နှမျောသတဖြစ်မှုလေးတစ်ယောက်တော့ ကပ်ပါလာပြီလေ။
အဲဒီနှမျောမှုက ဘာလဲ?
ရှင်းရှင်းလေးပဲလေ။
ထိုအမျိုးသမီးအနားတွင် နေချင်စိတ်ဖြစ်သွားတဲ့ သူမခံစားချက်လေးက ချက်ချင်း မဖြစ်နိုင်တော့ဘူးဆိုတာ သိလိုက်ရလို့ ဖြစ်သွားတဲ့ နှမျောသတမှုလေးပဲ။ ထားလိုက်ပါ။ ငါနဲ့မှ မထိုက်တန်တာ။
နောက်ပြီး အနမ်းတစ်ပွင့်။
ဘယ်တုန်းကမှ ဘယ်လိုလူမျိုးကြောင့်မှ မဖြစ်ပေါ်ဖူးတဲ့ တောင့်တမှု။
မင်းထက်သာလွန်ရယ်... ခင်ဗျားကို ကျမ နမ်းချင်လိုက်တာ။ ခင်ဗျားရဲ့နှုတ်ခမ်းကို ကျမ တရှိုက်မက်မက် နမ်းဖူးချင်လိုက်တာ။
အပြန်လမ်း လိုင်းကားပေါ်မှာ လိုက်ပါလာရင်း... လူလိမ်တစ်ယောက်ဖြစ်နေမိလို့ လူကြားထဲတွင် အများနည်းတူ ခေါင်းမော့ရင်ကော့ကာ မသွားနိုင်တဲ့ သူမဘ၀အတွက် မကျေမနပ်ဖြစ်မိသေးတယ်။
သိမ်ငယ်သလိုစိတ်များဟာ ရင်ကို မွန်းကြပ်စေတယ်။
မင်းထက်သာလွန်လို အမျိုးသမီးကို ဘာ့ကြောင့် နောက်တစ်ခါ တွေ့ခွင့်မရတော့တာလဲဆိုတဲ့ အတွေးနဲ့ ရင်ထဲ ပိုပြီး တင်းကြပ်လာတယ်။
"ဟူး..."
စိတ်မောစွာ လေပူတစ်ခုမှုတ်ထုတ်ရင်း စိုစိလာတဲ့ ပါးပြင်ကို စမ်းမိတော့ ဘယ်အချိန်တည်းက ကျဆင်းနေတာလဲမသိတဲ့ မျက်ရည်စ အချို့။
--------------------------------------------------
တကယ်လို့... တကယ်လို့ပေါ့နော်...
ပန်းနှင်းဆီကသာ "ရှင်နဲ့တွေ့ခဲ့တာ ကျွန်မ မဟုတ်ဘူး"လို့ ငြင်းလိုက်ရင် သူမ ဘယ်လောက်ပျော်သွားမယ်ဆိုတာ မှန်းဆလို့တောင် မရနိုင်။
ဒါပေမဲ့ ပန်းနှင်းဆီက အဲ့ဒီနှုတ်ခမ်းနီဗူးကိုပြန်ယူသွားတယ်။
ဒါက သူနဲ့ဆုံခဲ့ဖူးတယ်ဆိုတာ ၀န်ခံလိုက်သလိုပဲပေါ့။
နောက်ပြီး မထင်မှတ်စွာ ရဲတင်းစွာ တိုးကပ်လာတဲ့ သူမရဲ့လုပ်ရပ်။
ဒါဟာ ဘာကိုရည်ညွှန်းတာလဲ?
ပန်းနှင်းဆီဟာ သူမဆီက ဘာကိုလိုချင်တာလဲ?
ပန်းနှင်းဆီ ဘာတွေပဲ လိုချင်နေပါစေ... နောက်ဆုံးတော့ ကျောခိုင်းထွက်သွားခဲ့တယ်လေ။
ငေးကြည့်မိနေတဲ့ သူမအကြည့်တွေကိုတောင် တစ်ချက်လေး လှည့်မကြည့်သွားခဲ့ဘူး။
ကဲ... ဒီတော့ နင်ဘာဆက်လုပ်မလဲ မင်းထက်သာလွန်။
သူမလုပ်ရပ်ကို လစ်လျှူရှုပြီး သူမကို အလုပ်ခန့်မလား?
ဒါမှမဟုတ် ဒီအတိုင်းပဲ သင့်တော်တဲ့ ၀န်ထမ်းတစ်ယောက်ကို အလုပ်ခန့်မလား?
သူမကို အလုပ်မခန့်သင့်မှန်း အလိုလိုသိနေပေမဲ့ ခက်တာက သူမကို ထပ်တွေ့ချင်နေတဲ့ စိတ်ရဲ့ ပြင်းပြလှတဲ့ဆန္ဒ။
အဲဒါကို မတော်လှန်နိုင်သလို မမျိုသိပ်နိုင်ဘူး။
သက်ပြင်းအခါခါချရင်း ကိုယ့်ကိုယ်ကို ဘာလုပ်မိနေမှန်း မသိတဲ့နောက်ဆုံးတော့ သူမကို အလုပ်ခန့်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်မိတယ်။
အဲ့ဒီအချိန်မှာပဲ မင်းထက်သာလွန်ရဲ့ဆုံးဖြတ်ချက်တွေ စတင်ကာေ၀၀ါးခဲ့တာဖြစ်တယ်လေ။
ကိုယ့်ကိုယ်ကို မကျေနပ်မှုနဲ့ မျက်နှာကို ဖိပွတ်လိုက်မိတော့ မြင်လိုက်ရတာက မျက်ရည်စတချို့။
နောက်ပြီး သက်ပြင်းတချို့။
--------------------------------------------------
နင်နဲ့ ငါရဲ့
ပထမစာမျက်နှာမှာတင်
ငါ... ငိုနေရပြီ
သိလား?
--------------------------------------------------
မထင်မှတ်ထားတဲ့ Feature Target စီးပွားရေးလုပ်ငန်းစုရဲ့ ဆက်သွယ်မှုကြောင့် သူမ အတွေးတွေပြောင်းပြန်ဖြစ်ကုန်ရတယ်။
Interview ပြီး တစ်ပတ်ကြာတော့ သူမကို မင်းထက်သာလွန်ရဲ့ Company မှာ အလုပ်ခန့်လိုက်ပြီတဲ့လေ။
အဲ့ဒါကြောင့် ဆုံးရှုံးရတော့မယ်လို့ ထင်ထားတဲ့ မင်းထက်သာလွန်ရဲ့ အရိပ်၊ အငွေ့သက်တချို့ကိုလည်း သူမ ပြန်ပြီး မျှော်လင့်နိုင်ပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမပျော်တယ်။
အလုပ်ရလို့ထက် မင်းထက်သာလွန်ရဲ့ဘေးနားမှာ နေခွင့်ရလို့ ပျော်တယ်။
ဒါပေမဲ့ သူမ မရှင်းတာက သူမအကြောင်းကို သိရဲ့သားနဲ့ မင်းထက်သာလွန်က ဘာလို့ သူမကို အလုပ်ခန့်တာလဲပေါ့။
အဲ့ဒီအဖြေကို စဉ်းစားမရတဲ့အဆုံး သူမ ခပ်လွယ်လွယ်ပဲ တွေးလိုက်မိတယ်။
"အဲ့ဒီနေ့က ငါနဲ့ Market က ၀န်းထမ်တို့ပြောနေတဲ့စကားတွေကို သူ မကြားတာဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် ငါနဲ့ အဲ့ဒီမိန်းမက အေးအေးဆေးဆေးပဲ စကားပြောနေတယ်လို့ သူ ထင်သွားလို့ဖြစ်မှာပေါ့။ ဟုတ်ပါတယ်။ အဲဒါပဲ ဖြစ်ပါစေ"
သူမ တစ်ခါဖူးမှ မလုပ်ဖူးတဲ့အလုပ်က ဆုတောင်းတာ။
သူမ ဘုရားကို မယုံကြည်တာတော့မဟုတ်။
ဒါပေမဲ့ သူမ ဘာသာတရားကိုင်းရှိုင်းတဲ့လူ တစ်ယောက်တော့မဟုတ်။
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်လုပ်တာကိုယ်စံ၊ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ ဆောင်ပုဒ်နဲ့ သူမ ယှဉ်သန်ခဲ့ရတာလေ။
ဒါပေမဲ့ မင်းထက်သာလွန်နဲ့ပတ်သတ်ပြီး ပထမဦးဆုံးအနေနဲ့ သူမ ဆုတောင်းမိလိုက်ခြင်းပါ။
"ကျွန်မလိမ်လည်မှုတွေအကုန်လုံး သူလုံးဝ မသိပါစေနဲ့ အရှင်ဘုရား။ ကျွန်မအဖြစ်မှန်ကို သူ့အရှေ့မှာ ဖုံးကွယ်ပေးထားပါ အရှင်ဘုရား... အနည်းဆုံးတော့ သူ ကျမကို ယုံကြည်နေအောင် ဖန်တီးပေးပါ အရှင်ဘုရား"
--------------------------------------------------
သူမ Future Target Company သို့ ချိန်းထားသည့် နံနက် 10နာရီတွင် ရောက်နှင့်နေပြီ။
သူမတိုက်ရိုက်ပင် ပထမအင်တာဗျူးခဲ့သည့်နေရာသို့ ၀င်သွားလိုက်တယ်။
ဒီနေ့ သူမ ဘာမိတ်ကပ်မှ လိမ်းမလာခဲ့ဘူး။
ဒါပေမဲ့ သူမရဲ့အမှတ်အသားဖြစ်တဲ့ နှုတ်ခမ်းနီ ရဲရဲနဲ့ ဒေါက်ဖိနပ်ရဲရဲလေးကိုတော့ ဆင်မြန်းခဲ့တယ်လေ။
"အမ... အချိန်မှန်ပဲနော်။ MD အခန်းထဲမှာရှိနေပါတယ်။ ၀င်သွားလိုက်ပါ"
မနေ့က သူမထံသို့ ဖုန်းဆက်ဟန်တူသည့် လူသည် သူမကိုရိုသေစွာနှင့် ဒေါ်မင်းထက်သာလွန်ထံသို့ သွားရန် ညွှန်ပေးတယ်။
"ထိုင်ပါ..."
ဒေါ်မင်းထက်သာလွန်သည် သူမကိုတွေ့သည်နှင့် သူ့ရှေ့တည့်တည့်က ထိုင်ခုံမှာ ၀င်ထိုင်ဖို့ ညွှန်ပြတယ်။
"မပန်းနှင်းဆီလျှောက်တဲ့ Position မှာက လူရှိနေသေးတယ်။ အဲ့ဒီ့တော့ Chief Accountant ကိုတော့ မရနိုင်ဘူး။ သူ့ရဲ့ Assistant(လက်ထောက်) ဆိုရင်ရော မပန်းနှင်းဆီအဆင်ပြေနိုင်မလား? Assistant Chief Accountant ပေါ့..."
"ဟုတ်ကဲ့ အဆင်ပြေပါတယ်"
"ဟုတ်ပြီ။ ဒါဆို ကျမရဲ့ Chief Accountant ဒေါ်မိုးသက်နဲ့ မိတ်ဆက်ပေးမယ်နော်"
"ဟုတ်ကဲ့..."
သူမက ဖုန်းမှ Speaker ကိုဖွင့်လိုက်ကာ
"ဒေါ်မိုးသက်ကို ခဏခေါ်လိုက်ပါဦး..."
ဟုပြောလိုက်တယ်။
ဖုန်းစပီကာကို ပိတ်ပြီးနောက် ဖိုင်တွဲတွေနဲ့ အလုပ်ရှုတ်နေတဲ့ မင်းထက်သာလွန်ကို ငေးကြည့်မိရင်း ဘာလို့ အလုပ်ခန့်တာလဲဆိုတာကို မေးကြည့်မိချင်တယ်။
နောက်ပြီး တစ်ခါဆုံခဲ့ဖူးတုန်းက ရိုးသားပါတယ်လို့ ဘယ်လိုမှ ယူဆလို့မရတဲ့အခြေအနေနဲ့ ရှိခဲ့တာတောင် သူမကို ဘာလို့ အလုပ်ခန့်တာလဲလို့ မေးကြည့်ချင်သေးတယ်။
မင်းထက်သာလွန်ဟာ ဆံပင်တွေကိုစုပြီး ဦးခေါင်းနောက်မှာ ခပ်မြင့်မြင့်လေး တင်စည်းထားတယ်။
လည်ကုတ်နဲ့ နားထင်မှ ဆံပင်ခွေခွေလေးတွေက ကပိုကရိုလေး လိမ့်ကျနေကြတယ်။
ပြီးတော့ အဆင့်တန်းရှိလှတဲ့ နှုတ်ခမ်းနီရောင်တစ်မျိုးကို လိမ်းချယ်ထားတယ်။
အဲဒီအရောင်ကို ဘယ်လိုခေါ်လဲဆိုတာ သူမ မသိဘူး။
မင်းထက်သာလွန်ရဲ့ အသားရောင်ဟာ သူမရဲ့အသားရောင်လို နီစပ်စပ်နဲ့ ဖြူတာမျိုး မဟုတ်ဘူး။
ဝါနုပြီး ဖြူဖွေးနေတာမျိုး။
လက်ခမိုးပေါ်မှာ ထောင်နေတဲ့ သွေးကြောစိမ်းစိမ်းလေးတွေဟာ သူမကို အရမ်းဆွဲဆောင်နိုင်တယ်။
နောက်ပြီး ခပ်တင်းတင်းလေးစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံဟာ သူမကို ရင်ခုန်စေတယ်။
"MD ခေါ်တယ်ဆိုလို့... ၀င်ခွင့်ပြုပါနော်"
ဒေါ်မိုးသက်လို့ ယူဆရတဲ့အသက် အသက် ၄၀ ကျော်ခန့် အမျိုးသမီးတစ်ယောက် အခန်းဝမှ ရိုကျိုးစွာဝင်လာတယ်။
ပိန်ပါးပြီး ခါးအနည်းငယ်ကိုင်းကာ မျက်မှန်အထူကြီးကို တပ်ထားတယ်ဆိုတည်းက ဒီမိန်းမဟာ ဒေါ်မိုးသက်ဖြစ်လိမ့်မယ်လို့ သူမ ယူဆလိုက်တယ်။
တည်ကြည်တဲ့မျက်နှာထားရှိပြီး အလုပ်ကိုတိကျစွာလုပ်တတ်မှန်းကိုကြည့်ရုံနဲ့ ခန့်မှန်းနိုင်တယ်။
"ကျမ ရောက်ပြီနော် MD..."
"အင်း။ ဒီမှာ ဒေါ်မိုးသက်အတွက် Assistant တစ်ယောက်ခန့်လိုက်တယ်။ နာမည်ကပန်းနှင်းဆီတဲ့။ နှုတ်ဆက်လိုက်ပါဦး"
"ဟုတ်ကဲ့...ကဲ အန်တီ့နာမည်က ဒေါ်မိုးသက်တဲ့။ တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့... ကျွန်မ ပန်းနှင်းဆီပါ... အလုပ်ထဲမှာ နှင်းဆီလို့ပဲခေါ်ပါ။ လိုအပ်တာရှိရင် နှင်းဆီကိုပြောပါနော်"
သူမနှင့် ဒေါ်မိုးသက်တို့ လက်ဆွဲနှုတ်ဆက်ဖြစ်ကြတယ်။
"အတူတူတွဲလုပ်ရမှာပဲ တိုင်တိုင်ပင်ပင်ပေါ့။ ဟုတ်လား?"
ဒေါ်မိုးသက်သည် သဘောကောင်းသော မိန်းမဖြစ်သည်ဟု သူမကောက်ချက်ချမိတယ်။
"သူက ဒီနေ့တော့ အလုပ်မဆင်းဘူး။ Monday (တနင်္လာနေ့) မှစဆင်းမှာ။ ဒါပေမဲ့ အလုပ်နဲ့ပတ်သက်တာ နဲနဲတော့ပြပေးလိုက်ပါ။ နော်။ မပန်းနှင်းဆီ အချိန်ရတယ်မဟုတ်လား?"
သူ့တောင်းဆိုသံက ကြည်လင်လွန်းနေတော့ သူမ ဘယ်လိုငြင်းမှာတဲ့လဲ?
"ဟုတ်ကဲ့ ရပါတယ်..."
"ဒါဆို ကျွန်မ ပန်းနှင်းဆီကိုခေါ်သွားတော့မယ်နော်...MD"
"အင်း။ ကောင်းပြီလေ..."
သူမနှင့်ဒေါ်မိုးသက်တို့ သူ့အခန်းထဲမှထွက်လာခဲ့ကြတယ်။
ထွက်ခါနီး မင်းထက်သာလွန်ကို သူမ သမင်လည်ပြန်လေး လှည့်ကြည့်ဖြစ်အောင်ကြည့်မိသေးတယ်။
ဖိုင်တွဲတွေနဲ့ အလုပ်ရှုတ်နေဆဲပါပဲ။
ဟူးးး... မင်းထက်သာလွန်နဲ့ဆန့်ကျင်ဖက်အရပ်ကို ခြေလှမ်းလှမ်းရတာ ခက်ခဲလိုက်တာ။
ဒေါ်မိုးသက်က Air-con တပ်ထားတဲ့ လေလုံမှန်ခန်းလေးတစ်ခုသို့ သူမကို ခေါ်ဆောင်ခဲ့တယ်။
"ဘာမှအားမနာနဲ့နော်။ သိချင်တာရှိရင် အားလုံးပွင့်ပွင့်လင်းလင်းမေးလို့ရတယ်..."
ဒေါ်မိုးသက်တစ်ယောက် သူမကို အလုပ်နှင့်ပတ်သတ်သောဖိုင်တွဲများကို ပြနေပေမယ့် သူမစိတ်မ၀င်စားပါ။ သူမစိတ်ဝင်စားသည်က ငွေ။
ဘယ်လိုလုပ်လိုက်ရင် ဒီကုမ္ပဏီရဲ့ တစ်လစာဝင်ငွေတွေ သူမဆီရောက်လာမလဲဆိုတာကိုပဲ သိချင်နေတာ။
ဒါပေမဲ့ သိပ်လည်း ဟန်ပျက်လို့မရ။
အဲဒီတော့ ဒေါ်မိုးသက်ချပြထားတဲ့ ဘာဆိုဘာမှနားမလည်သော ဖိုင်တွဲကြီးကို သူမကြည့်နေရတော့တယ်လေ။
"ကျေးဇူးပဲနော်။ နှင်းဆီကို အခုလိုရှင်းပြလို့..."
"ရပါတယ်ကွယ်..."
သူမသည် စိတ်ဝင်စားဟန်နှင့်သာကြည့်နေရသော်လည်း တကယ်က အတော်ပင်ပျင်းးရိနေပေပြီ။
တကယ်တော့ သူမ ကုမ္ပဏီမှငွေများကို စိတ်ကြိုက်သုံးချင်လို့သာ ဒီရာထူးကိုလျှောက်ခဲ့သော်လည်း သူမအထက်မှ ဒေါ်မိုးသက်ရှိနေတယ်ဆိုတော့ သူမရဲ့ အကြံအစည်များ မှေးမှိန်နိုင်တယ်လို့ တွေးနေမိတယ်။
နောက်ပြီး ဒီအလုပ်မှာ ငွေကြေးလိမ်လည်မယ်လို့ တွေးလိုက်တိုင်း သူမအာရုံထဲပေါ်ပေါ်လာတာ မင်းထက်သာလွန်ရဲ့ မျက်နှာ။
အခက်ခဲတွေကလည်း များလိုက်တာ။
ထိုစဉ် သူမတို့ရှိနေတဲ့ အခန်းရှေ့မှ မိန်းမတစ်ယောက်က နှင်းဆီပန်းစည်းကြီးတစ်ခုကို ကိုင်ပြီး ဖြတ်လျှောက်သွားတယ်။
မွန်းကြပ်နေလို့ သူမလည်း ခပ်သွက်သွက်လေးပဲ အဲဒီမိန်းမနောက်ပြေးလိုက်ခဲ့မိတယ်။
"အမ... အမ... ခဏ..."
ထိုအမျိုးသမီးက သူမခေါ်သံကြောင့် လှည့်ကြည့်လာတယ်။
"ညီမ ဘာလဲ မသိ?"
"အမ အဲဒီပန်းစည်းက ဘယ်ကိုပို့ဖို့လဲ?"
"အော် အဲဒီပန်းစည်းက MD ဆီကို ပို့ပေးဖို့။ ဂုဏ်ပြုပန်းစည်းလေ..."
"အင်း အာ့ဆို နှင်းဆီ သွားပို့ပေးလိုက်မယ်..."
"ဟင်... ညီမက ဒီကိုလာတဲ့ ဧည့်သည်မဟုတ်ဘူးလား... အော် နေဦးနေဦး... အလုပ်သစ်ခန့်လိုက်တဲ့ ပန်းနှင်းဆီဆိုတာ ညီမမို့လား?"
"အာ အမက ဘယ်လိုလုပ်ပြီး သိနေတာလဲဟင်?"
"အမတို့ကြားနေတာတော့ ပန်းနှင်းဆီက နိုင်ငံခြားမင်းသမီးလေးလို ချောတယ်ဆိုပြီးလေ။ အခု ညီမကလည်း ဘာမိတ်ကပ်မှ လိမ်မထားတာတောင် ဒီလောက်ချောမောနေတာဆိုတော့... ပန်းနှင်းဆီဖြစ်လိမ့်မယ်လို့ တွေးပြီး မေးကြည့်လိုက်တာ..."
"အော် ဟုတ်လား... MD ကို နှင်းဆီ သွားပို့ပေးလို့ရမလား? အမ တခြားအလုပ်ရှိနေသေးရင် လုပ်လေ..."
"အို အဆင်ပြေလိုက်တာ။ သွားပို့ပေးမယ်ဆိုရင်တော့ ကျေးဇူးပေါ့ကွယ်... MD ရှေ့ရောက်ရင် အမက အိုးနင်းခွက်နင်း ဖြစ်နေကြဆိုတော့..."
"အိုကေ... အာ့ဆို မပူနဲ့တော့ နှင်းဆီပဲ သွားပို့ပေးလိုက်တော့မယ်..."
"ကျေးဇူးပါနော်..."
သူမ ထိုနှင်းဆီပန်းစည်းကြီးကို တပွေ့တပိုက် မ,ယူပြီး မင်းထက်သာလွန်ရဲ့အခန်းဆီသို့ လျှောက်သွားမိတယ်။
မင်းထက်သာလွန်ရဲ့အခန်းရှေ့ရောက်တော့ အခန်းထဲတန်းဝင်မယ်ကြံတုန်း မနက်က လူကြီးက ဘာကိစ္စလဲဆိုတာ လာမေးနေသေးတယ်လေ။
"ဒီပန်းစည်းပို့ပေးဖို့ပါ..."
"နေဦး MD ကို မေးကြည့်လိုက်မယ်"
ထိုလူက အရစ်ရှည်နေသေးတယ်။
"ဘယ်သူလာပို့တာလဲ? ဘယ်က ပို့ခိုင်းလိုက်တာလဲ?"
"ဘယ်က ပို့ခိုင်းတယ်ဆိုတာတော့ မသိဘူး MD. ဒါပေမဲ့ လာပို့တဲ့လူကတော့ မနက်ကမှ အလုပ်ခန့်လိုက်တဲ့ ၀န်ထမ်းသစ် ပန်းနှင်းဆီ..."
ဖုန်းစပီကာနဲ့ ခွင့်တောင်းနေရာကနေ မင်းထက်သာလွန်ဖက်မှ အသံခဏပျောက်သွားတယ်။
ပြီးမှ "လွှတ်လိုက်"ဆိုပြီးပြောကာ ဖုန်းချသွားတယ်။
ဒါနဲ့ပဲ သူမလည်း ခပ်ကြွားကြွားလေး အခန်းထဲသို့ ၀င်သွားမိတယ်လေ။
ပန်းစည်းကြီးကို မြင်တော့ မင်းထက်သာလွန်က အလုပ်တွေရပ်ပြီး လှမ်းကြည့်တယ်။
"ဘယ်ကပို့ခိုင်းလိုက်တာလဲ?"
"မသိဘူးရယ်... မမေးကြည့်မိလိုက်ဘူး..."
"အာ မေးကြည့်ရမှာ..."
"ဘေဘီရာ... ဒီလောက်ကြီး ချစ်စရာကောင်းနေတဲ့ ပန်းစည်းကို မြင်ပြီးတဲ့နောက် ဘယ်ကပို့တယ်ဆိုတာ အရေးကြီးသေးလို့လား?"
ရုတ်တရက် ဘေဘီလို့ ပါးစပ်မှ လွှတ်ခနဲ ခေါ်လိုက်မိလို့ နှင်းဆီ သူမကို အားနာမိသွားတယ်။
သူမလည်း ပါးစပ်လေး အဟောင်းသားနဲ့ နှင်းဆီကို ငေးကြည့်နေတယ်။
"အာ... လွန်သွားပြီလား?"
"ဘာကိုလဲ?"
"MD ကို ဘေဘီလို့ ခေါ်လိုက်မိလို့..."
"တို့က မင်းထက်ပိုပြီး အသက်ကြီးတယ်ဆိုတာ မင်သိပါတယ်နော် မပန်းနှင်းဆီ..."
"နှင်းဆီလို့ပဲ ခေါ်ပါလား... နှင်းဆီလည်း MD ကို ဒေါ်မင်းထက်သာလွန်အစား ဘေဘီလို့ ခေါ်ချင်တာ..."
"မရပါဘူး။ ရုံးမှာ ၀န်ထမ်းတွေ အများကြီးရှိတာ။ အကုန်လုံးအရိုသေ တန်ကုန်မှာပေါ့။ နောက်ပြီး နေပါဦး။ မင်းနဲ့တို့ အဲဒီလောက်ထိ ရင်းနှီးသေးလို့လား?"
"ဟင့်အင်း... မရင်းနှီးဘူး။ ဒါပေမဲ့ ခေါ်ချင်တာ။ နောက်ပြီး သူများတွေ အရိုသေတန်အောင်လည်း နှင်းဆီ မလုပ်ပါဘူး။ အခုလို အခန်းထဲ ၂ ယောက်တည်းရှိတဲ့အခါမှ ခေါ်မယ်ဆိုရင်တော့ ခွင့်ပြုပေးရမှာပေါ့..."
တကယ်တော့ မပြောသင့်တာတွေ၊ မလုပ်သင့်တာတွေကို နှင်းဆီသိတယ်။
ဒါပေမဲ့ စိတ်ကို အလိုလိုက်ထားမိတာ။
"ကဲ ပန်းစည်းကို ထားခဲ့လိုက်တော့မယ် ဘေဘီ... တစ်ပွင့်တော့ ယူသွားလိုက်မယ်။ လာပို့ပေးခ..."
နှင်းဆီ ခပ်သွက်သွက်လေးပြောပြီး ပန်းစည်းထဲမှ အကြီးဆုံးနှင်းဆီပန်းပွင့်တစ်ခုကိုယူကာ သူမ အခန်းထဲမှ ထွက်ခဲ့လိုက်မိတယ်။
သူမ နှင်းဆီကို ငေးကြည့်ရင်း ကျန်ချင် ကျန်ခဲ့မှာပေါ့။
"အမလေး။ မူးလိုက်တာနော်။ မူးလိုက်တာ..."
စိတ်ထဲ ကြည်နူးပျော်ရွှင်မှုနဲ့အတူ ဒေါ်မိုးသက်အခန်းထဲဝင်လာတာနဲ့ ခါးခါးသီးကြားလိုက်ရတဲ့ ဒေါ်မိုးသက်ရဲ့အသံ။
"နှင်းဆီ အဲဒီပန်းပွင့်ကြီး... လွှင့်ပစ်လိုက်စမ်းပါ။ တို့က နှင်းဆီအနံ့ဆို မခံနိုင်ဘူး။ အရမ်းမူးတာ။ အနံ့ရပါများရင် ဆေးရုံတန်းပြေးရရော... နှင်းဆီရယ် တောင်းပန်ပါတယ်။ အဲဒီပန်းပွင့်ကြီး လွှင့်ပစ်ပေးပါနော်..."
ငိုမဲ့မဲ့မလိုဖြစ်နေတဲ့ ဒေါ်မိုးသက်တောင်းဆိုမှုကို သူမ လိုက်လျောလိုက်ရင်း နှင်းဆီပွင့်ကို အမှိုက်ပုံးထဲ လွှင့်ပစ်ပေးမိတယ်။
တစ်ဆက်တည်း သူမ အာရုံမှာ စီးမျောလာတဲ့အတွေးတစ်ခုက ဒေါ်မိုးသက်ကို ဒီရုံးခန်းထဲ မမြင်ချင်တော့ဘူးဆိုရင် သူမ လုပ်ရမယ့်အလုပ်က သိပ်မများ။
နောက်နေ့တွေ ကိုယ်တစ်ယောက်တည်း အလုပ်လုပ်ရတဲ့အခါ MD ကို အခန်းထဲ ဖိတ်ခေါ်ဖို့တောင် သူမ စဉ်းစားမိသွားသေးတာ။
----------------------------------------------------
ဒီနေ့ မင်းထက်သာလွန် ရုံးကိုလာတာ ခါတိုင်းနေ့တွေထွက်စောတယ်။
မနက်မိုးလင်းထဲက ရုံးကိုလာချင်နေတဲ့စိတ်ကို တားမရလို့ အခုလို အစောကြီးထွက်လာခဲ့မိတာ။
သူမရုံးကိုရောက်တော့ ၀န်ထမ်းတွေတောင် မရောက်သေးဘူး။
ရှုံးခန်းရှိရာသို့ ဖြတ်လျှောက်လာရင်း သူမ ကြားလိုက်ရတဲ့ လေချွန်သံလေးတစ်ခု။
ဘယ်ကများ ဒီလေချွန်သံထွက်နေတာလဲ?
အရင်က ရုံးခန်းမှာ ဒီလို လေချွန်သံမျိုး မကြားဖူးပါဘူး။
သိချင်စိတ်နဲ့ အသံထွက်ပေါ်လာ လားရာအတိုင်း လျှောက်လာမိရင်းက စာရင်းကိုင်အခန်းထဲက ထိုအသံလေး ထွက်ပေါ်နေတယ်ဆိုတာ သိလိုက်ရတယ်။
ထိုအခန်းထဲ လှမ်းကြည့်လိုက်တော့ လေ... တစ်ချွန်ချွန်နဲ့ စာပွဲ၊ ကုလားထိုင်တွေကို သန့်ရှင်းရေးလုပ်နေတဲ့ ပန်းနှင်းဆီကို တွေ့လိုက်ရပါတယ်။
ပန်းနှင်းဆီက လေချွန်နေတယ်တဲ့။
အနီရင့်ရောင်ဆိုထားတဲ့ ပန်းနှင်းဆီရဲ့ နှုတ်ခမ်းကွေးကွေးလေးက ထွက်ပေါ်နေတဲ့ တေးသွားက သိပ်မပီပြင်ပေမယ့် သူမ အရမ်းမက်မောမိတာကြောင့် နေရာမှာပဲ ရပ်ရင်း သတိလက်လွတ် ငေးကြည့်နေမိတာ။
နှင်းဆီဟာ အကြံစည်တစ်ခုရှိတိုင်း ဒီလို လေချွန်လေ့ရှိတယ်ဆိုတာကိုတော့ သူမ မသိနိုင်ခဲ့။
ဆက်ပြီး ငေးကြည့်နေချင်ပေမယ့် တခြားဝန်ထမ်းတွေ မြင်ရင် မသင့်တော်မှာစိုးလို့ သူမ ထိုအခန်းဝမှ လှည့်ထွက်ခဲ့ရပေမယ့် ထိုလေချွန်သံလေးကို ဆက်ကာငေးကြည့်ချင်နေသေးတာ။
အခန်းဝကို သူမရောက်ခဲ့တယ်ဆိုတာ နှင်းဆီသိတာပေါ့။
မသိဟန်ဆောင်ပြီး တမင်လှည့်မကြည့်တာ။
နှင်းဆီက ဒေါ်မိုးသက်သုံးလေ့ရှိတဲ့ Air-Fresher ဗူးကို လွှင့်ပစ်ပြီး နှင်းဆီနံ့ Air-Fresher ဗူးသစ်ကို ဗူးဟောင်းပုံစံဖြစ်အောင် ဖန်တီးပြီး မူမပြင်ဆင်ထားလိုက်တယ်။
အပြစ်မရှိတဲ့ ဒေါ်မိုးသက်ကို အခုလို ဒုက္ခရောက်အောင် လုပ်မိလို့ စိတ်ထဲတင်းကြပ်လာရင်း လေချွန်နေမိတာ။
ဒီနေ့မနက် ရာသီဥထုသာယာနေပေမယ့် နှင်းဆီ စိတ်ကတော့ လုံးဝ မကြည်။
သိပ်မကြာဘူး။ ဒေါ်မိုးသက်ရောက်လာတယ်။
နှင်းဆီကို နှုတ်ဆက်စကားပြောပြီး အဲကွန်းဖွင့်ဖို့လုပ်တယ်။
"နောက်နေ့ နှင်းဆီကြိုရောက်နေရင် အဲကွန်းဖွင့်ထား သိလား။ အခန်းထဲက လှောင်နေတော့လေ အဲကွန်းဖွင့်မှ တော်ရုံကျတာ။ မဟုတ်ရင် ပူလောင်အိုက်စပ်နေရော?"
ပြောပြောဆိုဆိုနဲ့ ဒေါ်မိုးသက်က Air-Fresher ကို အဲကွန်းအနီးတစ်ဝိုက်မှာ ဖျန်းဖို့လုပ်တယ်။
"ဒါ ဘယ်သူ့ Air-Fresher လဲ ပန်းနှင်းဆီ"
Air-fresher ဗူးကို ယူကိုင်ရင်း ဒေါ်မိုးသက်မေးရှာတယ်။
"နှင်းဆီလည်းမသိဘူးလေ။ နှင်းဆီ ဒီအခန်းထဲကို ၀င်ကတည်းက အဲ့စားပွဲပေါ်မှာတွေ့တာ"
"ဘယ်သူလာတင်ထားတာလဲ မသိဘူး။ မနေ့က အန်တီပြန်တော့ ဘာမှမရှိပါဘူး။ ကြည့်ရတာ အဟောင်းနဲ့တူတယ်။ ဗူးပေါ်မှာ တံဆိပ်တွေဘာတွေတောင်မရှိတော့ဘူး"
"နှင်းဆီလည်းမသိဘူးလေ"
"ဒါနဲ့ နှင်းဆီက ဘာလို့ Air con မဖွင့်သေးတာလဲဟင်? မပူဘူးလား နှင်းဆီရဲ့"
"အင်း... ဟိုနေ့ကအန်တီ နှင်းဆီနံ့ရတော့ ခေါင်းမူးတယ်လေ။ တော်ကြာ နှင်းဆီက Air con ဖွင့်ပြီး Air Fresherဖြန်းထားရင် မနေ့ကလို အန်တီမူးမှာစိုးရိမ်လို့ပါ။ အန်တီက ဘယ်အနံ့တွေနဲ့မတည့်လဲမသိတော့ မဖွင့်သေးတာပါ"
"အင်း... အန်တီပဲဖွင့်လိုက်တော့မယ်။ အန်တီကနှင်းဆီနံ့ပဲ ခံလို့မရတာ။ ကျန်တာဆိုရတယ်..."
"ဒါဆို။ နောက်နေ့ နှင်းဆီကိုယ်တိုင်ပဲ ဖွင့်လိုက်တော့မယ်လေနော်။ ဒီနေ့နောက်ဆုံးအနေနဲ့အန်တီဖွင့်လိုက်ပေါ့"
"ဒီ Air Fresherကဘာနံ့လဲမသိဘူးနော်။ အဟောင်းဆိုတော့ အန်တီသုံးပြီးသား အကျန်ပဲဖြစ်မယ်။ ဖြန်းလိုက်မယ်ကွာ"
သူမဆင်ထားတဲ့ အကွက်ထဲသို့ ဒေါ်မိုးသက် ၀င်လာပြီး ဘုမသိဘမသိနှင့် Air-fresher ဖြန်းလိုက်စဉ်တွင် သူမ စိတ်ထဲ တကယ်မကောင်း။
ဒေါ်မိုးသက်ကို သနားသော်လည်း သူမရဲ့ အလုပ်မှာတော့ အနှောင့်ယှက်မရှိစေချင်။
"တောင်းပန်ပါတယ် အန်တီမိုးရယ်..."
စိတ်ထဲမှ နင့်သီးစွာရေရွတ်ရင်း အခန်းတံခါးကို ပိတ်လိုက်စဉ် ၀မ်းနည်းမှုကြောင့် သူမ မွန်းကြပ်လာရပြီ။
သူမ တံခါးကိုဆွဲပိတ်ရင်း တစ်ခါတည်း လော့ပါချလိုက်တယ်။ သို့မှသာ အနံ့အပြင်မထွက်နိုင်မှာလေ။
ထိုစဉ် Air Fresher ဖြန်းပြီးသည်နှင့် ခေါင်းမူးပြီး ချက်ချင်းပင် အသက်ရှုကြပ်လာသော ဒေါ်မိုးသက်ကို သူမငေးကြည့်ရင်း
သနားစိတ်နဲ့အတူ ၀မ်းနည်းမှုတွေ စိတ်ထဲ ပြေးဝင်လာမိတယ်။
မလွှဲမရှောင်သာလို့သာလုပ်မိသော်လည်း သူမထိုသို့မလုပ်ရက်ပါ။
ဒေါ်မိုးသက် အသက်ရှုကြပ်ကာ မူးလဲကျသွားပြီး သတိလစ်သွားပြီ။
ချက်ချင်းပဲ ၀မ်းနည်းမှုကို ဘေးချိတ်ပြီး သူမ အခန်းတံခါးကို ပြေးဖွင့်ကာ လူတွေကြားလောက်အောင် ဒေါ်မိုးသက်ကို ဆေးရုံတင်နိုင်အောင် အော်ဟစ်အကူညီတောင်းရတော့တယ်လေ။
ဒေါ်မိုးသက်ကို အလုပ်နားရရုံ၊ ဆေးရုံတက်ရရုံသာ ရည်ရွယ်ပြီး သူမ ကြံစည်ခဲ့တာပါ။ ပြင်းပြင်းထန်ထန် ဖြစ်သွားမှာကိုတော့ မလိုလား။
"အန်တီမိုး... အန်တီမိုး..."
စာရင်းကိုင်အခန်းနဲ့ နီးစပ်ရာအခန်းမှ ၀န်ထမ်းတွေ အပြေးလွှားရောက်ရှိလာကြပြီး ဒေါ်မိုးသက် သတိပြန်လည်အောင် ကြိုးစားကြပေမယ့် ဘယ်လိုမှ မရတဲ့အဆုံး ဒေါ်မိုးသက်ကို ဆေးရုံတင်ဖို့ ခေါ်ဆောင်သွားကြတယ်။
ဒေါ်မိုးသက်ကိုကြည့်ရင်း ကတုန်ကရင်ဖြစ်နေတဲ့ သူမကို မလိုခဲ့ရန် တားမြစ်ပြီး ထားရစ်ခဲ့ကြသေးတယ်။
ကိုယ့်အရှေ့မှာတင် ကိုယ့်လုပ်ရပ်ကြောင့် ဒေါ်မိုးသက် မသေရုံတမယ် ခံစားသွားရတာ။
မသိလို့လုပ်ခဲ့မိတယ်ဆိုလည်း ထားတော့။
အခုတော့ သိသိရက်နဲ့ လုပ်မိတာ။
ကိုယ့်ကိုယ်ကိုလည်း ခွင့်မလွှတ်နိုင်သလို ဒေါ်မိုးသက်ကိုလည်း စိတ်ထဲက တောင်းပန်မိတာ အကြိမ်ကြိမ်။
အိမ်သာဆီသို့ပြေးဝင်ခဲ့မိပြီး အားရပါးရ ငိုကျွေးမိရုံမှအပ သူမ တခြားလည်း မတတ်နိုင်။
ဝမ်းနည်းမှုများ ပျောက်ရှသွားအောင် သူမ အားရပါးရကို ငိုမိတာ။
ပြီးတော့ မျက်နှာကို ခပ်ဆတ်ဆတ်လေး သစ်ချပြီး အိတ်ထဲမှာ အသင့်ပါလာတဲ့ နှုတ်ခမ်းနီရဲရဲကို ပြန်လည် လိမ်းချယ်လိုက်တယ်။
"ချက်ချင်းတိတ်တော့ ပန်းနှင်းဆီ... အားတင်းထား။ ဒါပြီးရင် နင့်အတွက်နောက်တစ်ခါဆိုတာ မရှိလာနိုင်တော့ဘူး..."
ကိုယ့်ကိုယ်ကို အားတင်းရင်းနောက်ဆုံးကျဆင်းလာသော မျက်ရည်ကို ခပ်နာနာလေးဖိသုတ်လိုက်တယ်။
"ပန်းနှင်းဆီ။ MDခေါ်နေတယ်..."
သူမမျက်ရည်သုတ်ပြီးသည်နှင့် ၀န်ထမ်းတစ်ယောက်ရောက်လာပြီး ပြောသဖြင့် သတင်းထူးပြီဆိုတာကို သူမချက် ချင်းပင် ရိပ်မိလိုက်တယ်။
"အင်း... သွားလိုက်မယ်လေ"
ကိုယ့်မာန်ကို ကိုယ်ပြန်တင်းရင်း ပြတ်သားတဲ့ခြေလှမ်းတွေနဲ့ သူမ မင်းထက်သာလွန်ရုံးခန်းသို့ ဦးတည်လိုက်တယ်။
ဒီအချိန်မှာတော့ အခုန ငိုကျွေးခဲ့တဲ့ မိန်းမက ပန်းနှင်းဆီ မဟုတ်တော့သလိုပင် သူမ ဟန်ဆောင်ကောင်းနိုင်ခဲ့တယ်။
"MDခေါ်တယ်ဆို?"
"အင်း... လာထိုင်လေ"
သူမထိုင်ခုံတွင် ၀င်ထိုင်ရင်း မင်းထက်သာလွန်ကို အကဲခတ်လိုက်မိတယ်။
မင်းထက်သာလွန် အမူအရာတွေက သိသိသာသာ လေးလံနေတယ်။
နောက်ပြီး တွေဝေတဲ့ သက်ပြင်းချသံတွေကိုလည်း မင်းထက်သာလွန်ထံမှ သူမကြားနေရတယ်။
"ဒေါ်မိုးသက်က ဆေးရုံရက်ရှည်တက်ရမယ်တဲ့။ အဲဒီ့တော့ Chief Accountant ရာထူးကို လောလောဆယ် မပန်းနှင်းဆီပဲ ယူထား လိုက်ပေါ့နော်..."
သူမအတွက် သတင်းကောင်းဖြစ်သော်လည်း သူမမပျော်နိုင်ပါ။
"ဟုတ်ကဲ့။ ယူထားလိုက်ပါ့မယ်"
"ဘာတွေဘယ်လိုလုပ်ရမယ်ဆိုတာကိုရော သိရဲ့လား?"
"ဟုတ်ကဲ့။ ဒေါ်မိုးသက်သင်ပေးထားပါတယ်..."
"လိုအပ်ရင်လည်း တို့ကိုမေးပေါ့ နော်..."
"ဟုတ်ကဲ့MD။ နှင်းဆီကိုခွင့်ပြုပါဦး"
"အင်း။ ကောင်းပါပြီ"
အခန်းထဲက ပြန်ထွက်လာတော့ သူမရင်ထဲတွင် ထူးခြားတဲ့ခံစားချက်တစ်ခု ကပ်ပါလာသည်။ အဲ့ဒါ ဘာခံစားချက်လဲတော့ မသိ။
နောက်ပြီး သူမကိုကြည့်တဲ့ မင်းထက်သာလွန်ရဲ့အကြည့်တွေ။
လေးနက်ပြီးေ၀၀ါးနေတယ်လို့ သူမ ထင်တယ်။
မဖြစ်ဘူး။ ဒီအတိုင်းဆို သူမ ဒီ Company မှာ ကြာကြာနေလို့ မဖြစ်။
သူမလုပ်ရပ်တွေအားလုံး ဗူးပေါ်သလို ပေါ်သွားနိုင်တယ်။
အဲ့ဒါကြောင့် ဒေါ်မိုးသက်ဆေးရုံမှမဆင်းခင်မှာပင် သူမလိုအပ်သလောက်ငွေကိုယူပြီး ဒီ Company နဲ့ အဆက်ဖြတ်လိုက်ဖို့ အားတင်းကာ ဆုံးဖြတ်လိုက်ရပါတော့တယ်။
--------------------------------------------------
ဆက်ရန်......
--------------------------------------------------
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။