Episode 24 (Z+U)

1.6K 154 31
                                    

(Zaw Gyi code)

"ရပြီလား... အနည်းဆုံးတော့ အသက်ရှင်နေဦးမှာမို့လား?"

မျက်ရည်အရွှဲသားနဲ့မေးနေတဲ့ သူမမေးခွန်းကို ဆရာဝန်ကမဖြေနိုင်တော့။

နှင်းဆီဆုတ်ကိုင်ထားတဲ့ မေမေ့လက်လေးဟာ အေးစက်ခြောက်ကပ်နေပြီ။

သွေးစုတ်သွားလို့ ဖြူကျင့်ကျင့်၊ ၀ါဖန့်ဖန့်ပင်ဖြစ်နေပြီ။

မေမေဟာ အရင်နဲ့ လုံးဝ မတူ။

အရမ်းကိုပိန်လှီပြီး အရိုးပေါ်အရေတင်ဘ၀ရောက်နေပြီလေ။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ မေမေ့နှုတ်ခမ်းတွေဟာ ပြာနှမ်းနေပြီ။

"စိတ်မကောင်းပါဘူး မိုးနှင်းဝေ... ကျတော်လည်း အတတ်နိုင်ဆုံးကြိုးစားပါသေးတယ်"

အဲဒီဒေါက်တာကသာ စိတ်မကောင်းပါဘူး စကားတစ်ခွန်းတည်းနဲ့ အခန်းထဲကထွက်သွားပေမယ့် နှင်းဆီတော့ မေမေ့ကိုကြည့်မ၀နိုင်။

လောကဓံကို အံတုပြီး မေမေဟာ နှင်းဆီကိုမွေးဖွားပေးခဲ့တာပါ။

အဲ့ဒီကလေးကို သူများပေးပစ်လိုက်၊ အဲဒီကလေးကို လွှင့်ပစ်လိုက်လို့ ပြောနေတဲ့ လူတွေစကားတွေကို လျစ်လျှူရှုပြီး နှင်းဆီကို လူလားမြောက်အောင်မွေးပေးခဲ့တဲ့ မေမေ့ကို သူမ သိပ်ချစ်တယ်။

ဒါ့ကြောင့်လည်း လူအမျိုးမျိုးဆီက လိမ်လည်ခြင်းအမျိုးမျိုးနဲ့ ငွေတွေကိုရှာဖွေပြီး မေမေ့ကို အသက်ကယ်နေခဲ့တာလေ။

နှင်းဆီလိမ်လည်လိုက်တဲ့လူတွေအထဲ နှင်းဆီအသက်ထက်မြတ်နိုးရတဲ့ ချစ်သူလည်း ပါဝင်ခဲ့ရတယ်လေ။

ဒါတွေထားပါတော့။

အခုတော့ နှင်းဆီ အသည်းသန် ရုန်းကန်လှုတ်ရှားပြီး ငွေတွေရှာကာ ဆေးကုနေရတဲ့ မေမေဟာ ဘ၀တစ်ပါးကို ပြောင်းသွားရှာပြီ။

အင်းပေါ့လေ... ကျောက်ကပ်ဝေဒနာသည်တစ်ယောက်က ကျောက်ကပ်အစားထိုးနိုင်ရင် အစားထိုး။

အေးတကယ်လို့ ကျောက်ကပ်အစားထိုးဖို့ အလှူရှင်မရှိဘူးဆိုရင်တော့ ဘယ်လောက်ပဲ ဆေးကုသနေပါစေ၊ ကျောက်ကပ်ကို အကြိမ်ကြိမ်ဆေးကျောသန့်စင်နေပါစေ... နောက်ဆုံးတော့ လက်လွှတ်ရတာပါပဲ။

သူမက မေမေ့ကို ကျောက်ကပ်လှူချင်တာပေါ့။

ဒါပေမဲ့ ဘာဖြစ်လို့လဲမသိဘူး... ဆရာဝန်က သူမရဲ့ကျောက်ကပ်နဲ့ မေမေက အဆင်မပြေနိုင်ဘူးတဲ့။

ဆေးစစ်ချက်တွေအရ လှူလို့လည်းမရဘူးတဲ့။

အဲ့ဒါကြောင့် သူမမှာ မေမေ့ကိုအသက်ကယ်နိုင်ဖို့အရေး အများကြီးတွေ ငွေရှာခဲ့ရတာလေ။

ဒါပေမဲ့လည်း... နောက်ဆုံးတော့...

ငြိမ်သက်နေတဲ့ မေမေ့ကို သူမ ငေးစိုက်ကြည့်နေမိတယ်။

မေမေ့လက်လေးတစ်ဖက်ကိုယူပြီး ပါးမှာကပ်ကြည့်နေမိတယ်။

လက်ရဲ့ထိတွေ့မှုက သိသိသာသာ အေးစက်တောင့်တင်းနေပြီ။

သိပ်မကြာပါဘူး။

ဒေါက်တာရောက်လာပြီး မေမေ့ဈာပနကိစ္စစီစဉ်ဖို့ပြောတယ်။

လူဟာ အသက်မဲ့နေသလိုပါပဲ။

ပျော်ရွှင်မှုလည်းမရှိ၊ ပြုံးရယ်မှုလည်းမရှိ၊ ငိုယိုခြင်းလည်းမရှိ။

ဒီလိုနဲ့ နှင်းဆီက မေမေ့ဈာပနကို သွေးအေးအေးနဲ့ပဲ ဖြတ်သန်းခဲ့ရတယ်လေ။

----------------------------------------

မေမေ့ကို နှင်းဆီဝယ်ပေးထားတဲ့အိမ်။

အိမ်လေးက ခပ်သေးသေးလေးဆိုပေမယ့် နှင်းဆီ လိမ်လည်မှုတွေအထပ်ထပ်ပြုလုပ်ပြီးနောက် ဘယ်ပုန်းရမှန်းမသိတဲ့အခါ ဒီအိမ်လေးကို ပြန်လာလေ့ရှိတယ်။

မေမေ့ပေါင်ပေါ် ခေါင်းမှီရင်း ဘာပဲဖြစ်ဖြစ် အသက်လေးတော့ ဆက်ရှင်နေပေးဖို့ တောင်းဆိုဖူးတယ်။

အခုတော့ ဒါတွေဟာ အကုန်သဲထဲရေသွန်ဖြစ်ခဲ့ရပြီ။

သူမဟာ မေမေ့ကို ဆုံးရှုံးမှု၊ သူမသိပ်ချစ်ရတဲ့ ချစ်သူကိုဆုံးရှုံးမှုတွေကြောင့် တော်တော်လေး နာကျင်ခံစားခဲ့ရတယ်။

မင်းထက်သာလွန်အနားကိုလည်း ပြန်မသွားရဲတော့။

လိပ်ပြာလည်းမလုံတော့။

ပြန်လက်ခံမယ်ဆိုတာကိုတော့ သိနေတယ်။ ဘာလို့ ဒီလိုသိနေရလဲဆို မင်းထက်သာလွန်ရဲ့ အချစ်တွေကို သူမ အရမ်းကို အထင်ကြီးလွန်းလို့။

ဒါပေမဲ့ သူချစ်တယ်ဟဲ့... ငါ ဘယ်အချိန်မဆို ခေါင်းတစ်ချက်ဝှေ့လိုက်တာနဲ့ ရတာပဲဟဲ့ဆိုပြီး သူ့အချစ်တွေကို ထပ်ပြီး အနိုင်မယူချင်တော့ဘူး။ အခွင့်ရေးမယူချင်တော့ဘူး။ မယူရက်တော့ဘူး။

ပြီးတော့ ဒီတစ်ခါ ငွေကုန်ပေါက်မရှိတော့လို့ သူ့ဆီပြန်သွားပါပြီတဲ့... သူမဟာ နှင်းဆီကိုချစ်လွန်းလို့သာ ပြန်လက်ခံမှာလေ။

ဒါပေမဲ့ ဘယ်အချိန်မှာများ နှင်းဆီထပ်ပြီး လိမ်လည်သွားမလဲဆိုတဲ့ စိတ်ကြောင့် နှင်းဆီကို ယုံကြည်မှုရှိနိုင်မှာတဲ့လား?

နှင်းဆီဟာ သူမကို စိတ်လုံခြုံမှု မပေးနိုင်တော့တာ သေချာတယ်။

ဒီတော့ နှင်းဆီ သူမအနားကိုပြန်သွားလည်း သူမကို ဝေဒနာတွေ ထပ်ပေးမိသလိုပဲဖြစ်မှာ။

တော်ပြီလေ။ တော်ပါပြီ။

နှင်းဆီကြောင့် သူမနာကျင်ကြေကွဲရတာတွေက လုံလောက်နေပါပြီ။

ဒါပေမဲ့ သေချာတာကတော့ နှင်းဆီဟာ သူမအနားကို ပြန်သွားဦးမှာပါ။

နှင်းဆီ သူမကို သိပ်ချစ်ကြောင်း၊ သူမသိအောင်ပြောပြနိုင်တဲ့ အနေထားတစ်ခုရောက်အောင် ကြိုးစားရမယ်။

ဒီတစ်ခါ နှင်းဆီဟာ သူမအနားကိုပြန်သွားတဲ့အခါ ပန်းနှင်းဆီအဖြစ် သွားမှာမဟုတ်သလို၊ အရင့်အရင်က သူမ လိမ်လည်ခဲ့ဖူးတဲ့၊ ဟန်ဆောင်ခဲ့ဖူးတဲ့ ဘယ်လိုနာမည်တွေနဲ့မှ ပြန်သွားမှာမဟုတ်ဘူး။

သူမ​ဆီကိုပြန်သွားမယ့် နှင်းဆီဟာ "မိုးနှင်းဝေ"ဆိုတဲ့ နာမည်အရင်းနဲ့ပြန်သွားမယ်။

ပြီးတော့ အခု မေမေ့ကျန်းမာရေးအတွက် ငွေတွေကုန်ခမ်းရတာမျိုးမရှိတော့ဘူးဆိုတော့ သူမရဲ့ အရည်ချင်းအစစ်မှန်နဲ့ သူမဆီကို ပြန်သွားမယ်။

သူမဟာ လက်ချင်းချိတ်ပြီး လူကြားသူကြားတဲ့ ဒါဟာ ငါ့ချစ်သူပါလို့ ခေါင်းမော့ပြီးပြောနိုင်တဲ့အဆင့်တစ်ခုရောက်အောင် ကြိုးစားမယ်။

နောက်နောင်ဆို သူမကိုပျော်ရွှင်မှုတွေပဲ ဖန်တီးပေးမယ်။

မိုးနှင်းဝေကြောင့် ကျခဲ့ဖူးတဲ့ မင်းထက်သာလွန်ရဲ့မျက်ရည်တွေကို အလျော်အစားအနေနဲ့ ပျော်ရွှင်ကြည်နူးမှုတွေ ပြန်ဖန်တီးပေးမယ်။

သူမရဲ့အပြုံးလေးတွေကိုပဲ နေ့တိုင်းဖူးမျှော်မယ်။

မိုးနှင်းဝေရဲ့အရည်ချင်းနဲ့ဆို သိပ်မကြာခင်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုတော့ အကောင်ထည်ဖော်နိုင်ကောင်းပါရဲ့။

အခုမေမေလည်းမရှိတော့ဘူးဆိုတော့ မိုးနှင်းဝေအတွက် တွယ်တာရာအစစ်က သူမပဲရှိတော့တာ။

မြတ်မြတ်နိုးနိုးနဲ့ကို တွယ်တာမိတဲ့ သူမရင်ခွင်ဆီပြန်သွားဖို့ မိုးနှင်းဝေမှာ ကြိုးစားစရာလေးတွေရှိသေးတယ်။

မေမေဆုံးသွားပြီးလို့ အားအင်ချိနဲ့နေတဲ့ စိတ်ဝိဥာဉ်တွေကို တစ်နေ့ သူမဆီပြန်သွားရမယ်လေဆိုတဲ့ စိတ်နဲ့ အားတင်းတယ်၊ ရှေ့ဆက်ဖို့ကြိုးစားမိတယ်။

အခုချိန်မှာ မိုးနှင်းဝေဆီက ကျရသမျှ ပင်ပန်းမှုချွေးစက်တိုင်းဟာ သူမအတွက်ပဲလို့ စိတ်ထဲ မျှော်မှန်းထားတယ်။

အခုချိန်မှာပင်ပန်းခဲ့ရသမျှအတွက် မိုးနှင်းဝေ တစ်နေ့ကျရင်တော့ သူမရင်ခွင်ထဲ မှေးစက်အနားယူရင်း အားဖြည့်ခွင့်တော့ရမှာပါ။

ဘေဘီရေ ဒီတစ်ခါ ခင်ဗျားနဲ့ ပြန်တွေ့တဲ့အခါ ဟေ့ ဒါက ငါ့ချစ်သူလို့ ဂုဏ်ယူမော်ကြွားနိုင်ဖို့အတွက် မိုးနှင်းဝေ မြန်မာနိုင်ငံကို ခေတ္တခဏစွန့်ခွာပြီး အဆင့်တန်းတစ်ခုဆီသို့ တက်လှမ်းနိုင်ဖို့အတွက် ငွေကြေးတွေ သွားရှာတော့မယ်နော်။

ပြန်လာရင်တော့ မင်းရဲ့ ရင်ခွင်ထဲ မှေးစက်ရင်း ပင်းပန်းခဲ့သမျှအတွက် ချွေးသိပ်အနားယူပါရစေ။
----------------------------------------

ဆက်ရန်


----------------------------------------

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now