(Zawgyi code)
"ခဏနေပြောပြမယ်... ဒါပေမဲ့ တစ်ခုတော့ရှိတယ်... ဒီည နှင်းဆီနဲ့ MD လိုက်အိပ်ရမယ်နော်..."
"အမယ်လေး..."
သူမ လန့်သလို အာမေဋိတ်သံထွက်မိတော့ နှင်းဆီက ပြုံးတယ်။
နောက်မကြာဘူး။ ခဏနော်လို့ပြောပြီး တခြားဝိုင်းက လူကြီးတစ်ယောက်ဆီသွားပြီး မိတ်ဖွဲ့ကာ စကားတွေပြောပြန်တယ်။
နှင်းဆီလို ဘိုဆန်ဆန်ရုပ်လေးနဲ့ မိန်းကလေး ဒီလိုလွယ်လင့်တကူ စကားလာပြောတာကိုပဲ ပြန်ပြောရတဲ့လူတွေက ဂုဏ်ယူနေသလိုလို...။
မကြာပါဘူး။ နှင်းဆီက သူမအနားပြန်ရောက်လာတယ်။
"ဘေဘီ... ဘာစားမလဲ? မှာနော်"
ဆိုင်အပြင်ဆင်ကိုကြည့်တည်းက သူမ စိတ်ထဲ စားဖို့မသန့်တော့တာ။
ယင်ကောင်တစ်လောင်းလောင်းနဲ့မို့ပါ။
သူမလည်း အဆင့်တန်းခွဲခြားတတ်တဲ့လူစားတော့ မဟုတ်ပါဘူး။
"MD က ဒီလိုဆိုင်မျိုးမထိုင်ဖူးလို့ပါနော်... အစားစာတွေက ကြည့်ရတာ ညစ်ပတ်တယ်ထင်ရပေမယ့် စားကောင်းပါတယ်... ဥပမာ နှင်းဆီလိုပေါ့..."
"အစားစာနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ?"
"နှင်းဆီကို ပတ်သတ်ရတာ ဘယ်အချိန်မှာများ လိမ်ခံရမလဲလို့ မသိရပေမယ့်၊ စိတ်မောရပေမယ့်... MD နှင်းဆီနဲ့ပတ်သတ်ရလို့ ကြည်နူးမှုတော့ရတယ်လေ... မဟုတ်ဘူးလား?"
"အင်း....ဟုတ်တယ်"
"အဲ့လိုပဲ... ဒီဆိုင်က အစားစာတွေကလည်း စားလို့ ၀မ်းမသွားဘူး၊ ရောဂါမဖြစ်ဘူးလို့တော့ အာမ ခံလို့မရပေမယ့် စားလို့တော့ တော်တော်ကောင်းတာ... ကဲ စားမလား... ခေါက်ဆွဲကြော်မှာပေးမယ်..."
"အာ နေပါစေ... တို့ ဗိုက်မဆာပါဘူး"
"နှင်းဆီ Black Shield တစ်ခွက်သောက်မယ်နော်..."
"အဲဒါ ဘာကြီးလဲ?"
"ဘီယာ..."
"မင်းက ဘီယာသောက်တတ်လို့လား..."
"ဘီယာပဲ... ခွက်ကိုပါးစပ်နားတေ့ပြီး မော့သောက်ရတာ... မသောက်တတ်ပဲ နေမလား... သောက်ရမလားပြော..."
"အင်း သဘောလေ..."
နှင်းဆီနဲ့ပတ်သတ်လာရင် တားမြစ်တာ၊ ထိန်းချုပ်တာမျိုး သူမ မလုပ်ချင်ဘူး။
နှင်းဆီပျော်နေသလိုနေတာလေးပဲ ငေးကြည့်နေချင်တာမျိုး။
"ဘေဘီ... ဒီမှာကြည့်... နှင်းဆီ K-pay ထဲဘယ်လောက်ရှိလဲ?"
ဘီယာလေးတစ်ငုံလောက်သောက်ပြီး နှင်းဆီက ဖုန်းကိုဖွင့်ပြီး K pay ထဲက ငွေပမာဏကိုပြလာတယ်။
ငွေပမာဏက ၅ သောင်းကျော်လောက်ပဲရှိတယ်။
"တွေ့တယ်နော်... နှင်းဆီ K pay ထဲ ဘယ်လောက်ရှိလဲဆိုတာ..."
"အင်း တွေ့တယ်လေ..."
"အိုကေ... တွေ့ပြီးပြီဆိုရပြီ..."
ဒီလိုနဲ့မကြာဘူး ဘောလုံးပွဲတစ်ပွဲစတယ်။
နှင်းဆီက ဘီယာတစ်ခွက်သောက်ရင်း သူမ ဘေးမှာ ငြိမ်ငြိမ်လေးထိုင်တယ်။
တစ်ချက်ချက် နှင်းဆီရဲ့ လက်တွေဟာ သူမ ပခုံးပေါ်ရောက်လာတတ်ပြီး ပခုံးသိုင်းဖက်သလိုလိုနဲ့ လည်တိုင်ကို ကုတ်ကနေ လှမ်းဖျစ်ညှစ်ကိုင်သေးတယ်။
ပြီးတော့ ကျောပြင်ကိုလည်း တစ်ချက်ချက်လှမ်းပွတ်တယ်။
အဲ့လိုလုပ်တိုင်း သူမ နားမလည်သလိုလေး နှင်းဆီကိုကြည့်မိတော့ နှင်းဆီက မိန့်မိန့်ကြီးပြုံးနေတယ်။
သူမကိုတော့ လှည့်မကြည့်ဘူး။
ဒီလိုနဲ့ ဘောလုံးပွဲတစ်ပွဲပြီးသွားတယ်။
နှင်းဆီက ဘီယာနောက်တစ်ခွက်လောက်သောက်ချင်တယ်လို့ ပူဆာလာပြန်တယ်။
"နိုင်သွားလို့ပါ ဘေဘီရာ... နော် နောက်တစ်ခွက်တည်းပါပဲ"
"နိုင်သွားရအောင် နှင်းဆီက လောင်းလိုက်လို့လား..."
"အာ... နှင်းဆီက ဘောလုံးမလောင်းဘူး... ဒီတိုင်း နိုင်မလားပဲကြည့်..."
"ဘောလုံးမလောင်းပဲ ပိုက်ဆံဘယ်လိုရမလဲ?"
"အာ့တော့ နှင်းဆီရဲ့အသက်က စောင့်ကြည့်ပေါ့..."
နှင်းဆီရဲ့အသက်တဲ့။
လွှတ်ခနဲ ခေါ်ပြီး ဘီယာမှာဖို့ စားပွဲထိုးကိုခေါ်နေတဲ့ နှင်းဆီကို ငေးကြည့်ရင်း သူမ ရင်တွေခုန်တာ မရပ်နိုင်တော့။
"ဘေဘီ... နှင်းဆီက ဒီပွဲကို ဆုံးတဲ့အထိ မကြည့်ဘူးသိလား... ခဏနေပြန်မှာ... အဆောင်လိုက်ခဲ့ရမှာနော်... ကတိအတိုင်း..."
"ဒါမဲ့ ဘောလုံးပွဲလောင်းနည်းပြောမယ်ဆိုမှ..."
"အာ ပြောမှာပေါ့... လွယ်လေးကို..."
နဲနဲမူးလာလို့ဖြစ်မယ်။ နှင်းဆီရဲ့အပြုအမူတွေက ပိုပြီးရဲတင်းလာတယ်။
ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်တော့ဘူး။
စကားပြောရင်း သူမကို ပါးကို ဆွဲလိုက်။ နမ်းလိုက်လုပ်တဲ့အပြင် တခါခါ လည်တိုင်ဆီ တိုးဝှေ့လာရင်း ရှူးခနဲ နမ်းသွားသေးတာ။
ဘေးဝိုင်းက ယောက်ျားသားတွေ ငေးကြည့်နေတာကိုတောင် နှင်းဆီ စိတ်မ၀င်စားတော့။
မကြာပါဘူး။
အခုန အသားဖြူဖြူနဲ့ လူကြီးရဲ့ဝိုင်းဆီ နှင်းဆီ ခဏသွားလိုက်တယ်။ ပြီးတော့ တစ်ဆက်တည်း ဒိုင်ဆိုတဲ့လူဆီ သွားတယ်။
ပြီးတာနဲ့ သူမရှိနေရာစားပွဲဆီ တန်းလာပြီး လာ... ပြန်မယ် ဘေဘီလို့ပြောကာ...
သူမလက်ကို ခပ်တင်းတင်းလေးဆုတ်ကိုင်ရင်း သူမတို့ အဲဒီဘီယာဆိုင်ထဲက ထွက်ခဲ့လိုက်တယ်။
"ကဲ ပြော... နှင်းဆီ ဘယ်လိုတွေ ဘောလုံးလောင်းတာလဲ... အခုရော ဘယ်လောက်နိုင်လဲ?"
သူမ မေးလိုက်တော့ နှင်းဆီက အရင်ဆုံး သူမ ဖုန်းကိုဖွင့်ကာ K-pay app ကို ဖွင့်ပြတယ်။
နှင်းဆီရဲ့ K pay အကောင့်ထဲ ငွေက ၁၀ သိန်းနဲ့ ၅ သောင်းကျော်ဖြစ်နေတာကို တွေ့လိုက်ရတယ်လေ။
"ဒီငွေတွေက...."
"အိုကေ... သေချာရှင်းပြမယ်... ဘေဘီက ကားမောင်း။ နှင်းဆီက ပြောပြမယ်... ပထမတော့ အဆောင်ရောက်မှ ပြောပြဖို့ပါပဲ... ဒါပေမဲ့ အချိန်မဖြုန်းချင်တာနဲ့ ခုပဲပြောပြလိုက်မယ်... ဒါမှ အဆောင်လည်းရောက် တန်းပြီး နှင်းဆီ လုပ်ချင်တာ လုပ်လို့ရမှာ..."
"ရှင်???"
နှင်းဆီရဲ့ ရည်ရွယ်မှုကို မသိလို့ သူမ မျက်လုံးလေး ပြူးမိတာကိုပဲ နှင်းဆီက ကြည့်ပြီး သဘောတွေကျနေသေးတာ။
"ကဲပါ... ဘောလုံးကိစ္စပဲ အရင်ပြောမယ်... ဒီလို အရင်ဆုံး ပထမပွဲစဉ်မှာ ဘယ်အသင်းနိုင်မယ်ဆိုတာ အရင်ရွေး။ ပြီးရင် နှင်းဆီ ရွေးလိုက်တဲ့ အသင်းက တကယ်နိုင်သွားတယ်ဆိုတာ ဒိုင်ပိုင်ရှင်နဲ့ လောင်းကြေးများများသုံးနိုင်တဲ့ ထိုးသားတစ်ယောက်ကို ပေးသိလိုက်ပေါ့"
"အဲ့လို ပေးသိလိုက်ပြီးရင်ရော..."
"ပွဲလည်းပြီးရော... နှင်းဆီရွေးလိုက်တဲ့ အသင်းက တကယ်ပဲနိုင်သွားတယ်ဆိုတော့ ဒိုင်ပိုင်ရှင်ရော၊ ထိုးသားရော နှင်းဆီကို အထင်တွေ စွတ်ကြီးသွားပြီလေ။ အဲ နောက်ထပ်ပွဲစဉ်လည်း စ,ရော။ အဲ့ဒီနှစ်ယောက်လုံးက နှင်းဆီရဲ့ ရွေးချယ်မှုကို စိတ်ဝင်စားနေကြပြီ။ ဒီကောင်မလေး ဘယ်အသင်းမှာများ လောင်းမှာလဲ ဆိုပြီးတော့လေ။ မဟုတ်ဘူးလား?"
"ဒါဆို ပထမပွဲရဲ့ ခန့်မှန်းချက်က မှန်သွားပြီဆိုတာနဲ့ မင်းက ဒိုင်ပိုင်ရှင်နဲ့ ထိုးသားရဲ့ ယုံကြည်မှုကို ရယူလိုက်ပြီပေါ့"
"ဒါပေါ့... အဲ... နောက်တစ်ပွဲလည်းကျရော နှင်းဆီလောင်းတဲ့အသင်းကို ထိုးသားက စိတ်ဝင်စားပြီးမေးရင် အထာကိုင်ပြီးမပြောပဲ ပြောခွင့်မရှိဘူး၊ ဘာဘူးပေါ့။ အဲ့ဒီ့လူက မရိုးမရွတွေဖြစ်ပြီး နှင်းဆီကိုလောင်းခိုင်းမယ်။ အဲဒီတော့ နှင်းဆီက သူ့ငွေကိုယူပြီး ဒိုင်ဆီမှာသွားလောင်းတော့... ဒိုင်ကလန့်နေတော့တာပေါ့။ နှင်းဆီကနိုင်မယ် ဆိုတာ ဒိုင်ကသိနေပြီလေ"
"အင်း... မင်းလုပ်ကွက်က မိုက်သားပဲ။ ပိရိတယ်"
"အင်းပေါ့။ နှင်းဆီနိုင်မယ်ဆိုတာ ဒိုင်ကသိနေပြီဆိုမှတော့ နှင်းဆီက သူငယ်ချင်းကလောင်းခိုင်းတာပါ။ ရှုံးတဲ့ဖက်ကလောင်းရင် ဘာပေးမှာလဲ၊ ဘာလဲ မေးပေါ့။ နှင်းဆီမေးခွန်းကို ဒိုင်ကစိတ်ဝင်စားပြီဆိုတာနဲ့ ပွဲက အပြတ်အသတ်ကိုနိုင်ပြီ"
"ဒါပေမဲ့ မင်းပြောတဲ့ အသင်းက မနိုင်ပဲ ရှုံးသွားရင်ရော?"
"အဲ့ဒါက နှင်းဆီနဲ့ မဆိုင်တော့ဘူးလေ။ ကြည့်ပါလား။ အခု နှင်းဆီတို့ အပြင်ကိုရောက်နေပြီလေ။ သူတို့ဘာသာ ပွဲဆက်ကပါစေပေါ့။ တကယ်လို့ နှင်းဆီပြောခဲ့တဲ့ အာဆင်နယ်က ရှုံးသွားရင် ထိုးသားစံ၊ အာဆင်နယ်က နိုင်သွားရင် ဒိုင်စံပေါ့။ ရှင်းရှင်းလေးပဲ"
"ဒါဆို ပထမပွဲမှာ မင်းနိုင်မယ်လို့ ရွေးလိုက်တဲ့ အသင်းက ရှုံးရင်ရော..."
"ပထမပွဲမှာ လွဲသွားရင်တော့ အဲ့ဒီ့ခွင်ကို ရိုက်လို့မရတော့ဘူးပေါ့။ အိမ်ပြန်ပြီးသာ ကွေးပေတော့..."
"အဟင်း...ဟင်း... ကောင်းရော။ ဒါနဲ့ မင်းကနိုင်မယ်/ မနိုင်ဘူးဆိုတာ ဘယ်လိုလုပ်သိတာလဲ?"
"မသိပါဘူး။ ရမ်းပြီးပြောလိုက်တာ။ အရေးကြီးတာက ဘောအလုံးအသင်းနာမည်ကိုမှန်အောင်ရွတ်နိုင်ဖို့ပဲ။ မှားသွားလို့ကတော့ အခုနပြော သလိုပဲ အိမ်ပြန်ပြီးသာ ကွေးတော့..."
"အဟင်း...ဟင်း...ဟင်း......"
သူမ သဘောကျစွာရယ်မောရင်း ကားဆက်မောင်းနေလိုက်မိတယ်။
နောက်တော့ နှင်းဆီက ဆတ်ခနဲ လက်ဖျောက်တစ်ချက် ထတီးတယ်။
"ဘာဖြစ်လို့လဲ နှင်းဆီ..."
"အဆောင်ထိ ခေါ်မသွားချင်ဘူး... အဆောင်က အနေစုတ်တယ်... ဘေဘီ မှတ်ပုံတင်ပါလား?"
"ဘာလုပ်ဖို့လဲ..."
"ဟိုတယ်သွားဖို့..."
-------------------------------------
ဟိုတယ်ခရော ဟိုတယ်အခန်းထိ မှာစားတဲ့ စားသောက်စရာတွေအတွက်ပါ နှင်းဆီက သူ့ K pay အကောင့်လေးနဲ့ ရှင်းတယ်။
နှစ်ယောက်သား တစ်လှည့်စီ ရေချိုးပြီး မှာထားတဲ့ အစားသောက်တွေနဲ့ ညစာစားသောက်ဖြစ်ကြတယ်။
"ဒါနဲ့ မင်းဘာလို့လေချွန်တာလဲ?"
"လေချွန်ရင် စိတ်ခံစားချက်တွေလျှော့သွားတယ်လေ"
"စိတ်ခံစားချက်? ဟုတ်လား"
"နှင်းဆီဘ၀က ကြမ်းတယ် MD။ နှင်းဆီရဲ့ စိတ်ထဲက မွန်းကြပ်မှုကို နှင်းဆီကိုယ်တိုင်ဖြေမှ ပြေလျှော့မှလေ။ ဘ၀တိုက်ပွဲဝင်ဖို့အတွက် နှင်းဆီမှာ ကိုယ်ကိုယ်တိုင်ကလွဲပြီး တစ်ခြားတစ်ယောက်ဆိုတာ မရှိဘူးဖူးလေ"
"ဟုတ်တယ်နော်။ မင်းအလုပ်က ပိရိမှ၊ ပိုင်နိုင်မှ"
"တစ်ခုခုလွဲတာနဲ့ တစ်ခါတည်း ဂျေးထဲပြေးရမှာလေ"
"ဒါနဲ့ မင်း မိဘတွေရော...?"
"နှင်းဆီ ငယ်ငယ်တည်းက အဖေနဲ့အမေက နောက်အိမ်ထောင်တို့စီပြုသွားကြတာလေ။ ပြန်တွေးမိရင် ရင်ထဲကို အပ်နဲ့ထွင်းနေသလို ပါပဲ MDရယ်"
"အဲ့ဒါဆို... ပြန်မတွေးတော့နဲ့လေ"
သူမ စိတ်လိုလက်ရတားတော့ နှင်းဆီ ဖျော့ဖျော့ပြုံးရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်တယ်။
"ကဲ ... ကဲ... အရင်စားလိုက်ဦး... ပြီးမှ ဆက်ပြောကြမယ်..."
သူမ နှင်းဆီကို သနားဂရုဏာသက်မိကာ ညစာစားသောက်ပြီးတဲ့အထိ ဘာမေးခွန်းမှ ထပ်မမေးမိတော့။
ညစာစားပြီး နှစ်ယောက်သား ရေချိုးခန်းထဲဝင်ပြီး သွားတိုက်ကြတယ်။
"မိုက်တယ်နော်... MD နဲ့ အခုလိုလေး နေရတာ။ နှင်းဆီ ကျေနပ်လိုက်တာ..."
သွားတိုက်ပြီးတော့ နှင်းဆီက သူမရဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် စည်းပေးသေးတာ။
"ကဲ... အိပ်ရာဝင်ရအောင်ဘေဘီ..."
နှင်းဆီပြောတော့ သူမ ဖုန်းမှ နာရီကိုကြည့်မိတယ်။
အချိန်က တော်တော်လေး စောနေသေးတာ။
"မစောဘူးလား?"
"ဟင့်အင်း... အိပ်ရာဝင်တာသာ စောတယ်ထင်ရတာ... အိပ်ရင် နောက်ကျမှာ ဘေဘီရဲ့... လာ"
နူးနူးညံ့ညံ့လေးချော့မော့ခေါ်နေတဲ့ နှင်းဆီကို သူမ ကြာကြာ မငြင်းနိုင်။
ဒါနဲ့ပဲ နှင်းဆီခေါ်ရာ အိပ်ရာပေါ်သို့ သူမ လိုက်သွားမိတယ်။
ကုတင်ပေါ်ရောက်တော့ နှင်းဆီက လက်မောင်းတစ်ဖက် ဖျန့်ပေးတယ်။ အဲဒီပေါ် သူမကို ခေါင်းတင်ပြီး အုံးစေတယ်။
"တို့ မင်းကို တစ်ခုလောက် ထပ်မေးချင်တယ် ပန်းနှင်းဆီ"
"မေးလေ MD။ အခု နှင်းဆီ စိတ်ကောင်းဝင်နေတယ်။ နှင်းဆီဘ၀ရဲ့ အမှန်တွေပဲ MD့ကိုပြောပြမှာပါ"
"ဘယ်ကနေ ဘယ်လို မင်း ဒီလို လိမ်လည်တဲ့ လမ်းကျောင်းပေါ်ကို ရောက်သွားရတာလဲဟင်"
သူမမေးခွန်းကို မဖြေခင် နှင်းဆီ သက်ပြင်းတစ်ချက် ချလိုက်ပါသေးတယ်။
"နှင်းဆီရဲ့စိတ်ညစ်မှုကြောင့် အထက်တန်းတုန်းက မူးယစ်ဆေးဆွဲခဲ့ဖူးတယ်လေ။ ဒါပေမဲ့ အချိန်မှီဖြတ်လိုက်နိုင်ခဲ့တယ်။ ခက်တာက MDရယ် နှင်းဆီ မူးရစ်ဆေးဖြတ်ခဲ့ပေမဲ့လည်း နှင်းဆီနဲ့ အတူ ဆေးသုံးခဲ့တဲ့လူက အမြဲတမ်း ချိန်းခြောက်ပြီး ငွေတွေတောင်းနေတယ်လေ"
"သူမက မင်းကို ဘာတွေနဲ့ ချိန်းခြောက်တာလဲ?"
"နှင်းဆီ ဆေးသုံးခဲ့ဖူးတယ်ဆိုတာကို နှင်းဆီရဲ့ ပတ်ဝန်းကျင်မှာ ဖွမယ်ဆိုပြီးပေါ့။ အဲ့ဒီတုန်းက နှင်းဆီလည်း ဆေးမူးမူးနဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ခဲ့ဖူးတယ်လေ။ အဲဒါက လူကြားထဲမှာ အရမ်းကို သိက္ခာကျမယ့် ကိစ္စကြီးလေ"
"သူ အဲ့လို ချိန်းခြောက်တိုင်း အဲ့လို ငွေတွေပေးပြီး ပါးစပ်ပိတ်နေမယ့်အစား သက်ဆိုင်ရာကိုတိုင်ရင်ရော?"
"သူ နှင်းဆီကို အရှက်ခွဲမှာပေါ့ MDရယ်။ ဒါ့ကြောင့်နှင်းဆီ ဒီလို လိမ်လည်တဲ့ အလုပ်ကိုမလုပ်ချင်ပဲလုပ်နေရတာပေါ့"
"ဒါဆို မင်းကို သူ နောက်တစ်ခါ ချိန်းခြောက်ရင်လည်း မင်း ဒီလိုပဲ ငွေရှာပြီး သူ့ကိုပေးရဦးမှာပေါ့"
"ဟင့်အင်း... မပေးရတော့ဘူး MD။ အဲ့ဒါကြောင့် MDကို နှင်းဆီနောက်ထပ် မလိမ်တော့ဘူးလို့ ကတိပေးရဲတာပေါ့"
"ဒါဆို အဲ့ဒီလူကိစ္စက..."
"အဲ့ဒီ့လူ ပြီးခဲ့တဲ့ အပတ်ကပဲ ဆေးလွန်ပြီး ဆုံးသွားပြီလေ"
"ဟင်?"
နှင်းဆီဆီက သိလိုက်ရတဲ့ အကြောင်းတရားတိုင်းက အရမ်းအဖြစ်ပျက်မြန်လွန်းတယ်။
နာမည်တွေ၊ နောက်ကြောင်းတွေ... အရာရာတိုင်းပါပဲ။
အခုလည်း နှင်းဆီ ဆေးသုံးဖူးတယ်တဲ့။
ဒါပေမဲ့ နှင်းဆီမျက်နှာလေးကတော့ ဆေးသုံးဖူးတဲ့လူတစ်ယောက်နဲ့ လုံးဝ မတူပါဘူး။
အရမ်းကို ဖြူစင်ကြည်ရှင်းနေတာ။
"သူ ဆုံးသွားတော့ လူလိမ်လုပ်ရတဲ့ နှင်းဆီရဲ့ ၀ဋ်လည်း ကျွတ်သွားပြီပေါ့။ အခုဆို
နှင်းဆီလူသစ်စိတ်သစ်နဲ့ ဘ၀ကိုဆက်လို့ရပြီလေ"
သူမရဲ့ ဆံပင်စလေးတွေကို ခပ်ဖွဖွလေးနမ်းရင်း နှင်းဆီ အားတက်သရောလေးပြောတယ်။
"ကြိုးစားပါ ပန်းနှင်းဆီ။ နောက်ထပ် မလိမ်မိအောင်၊ ဆေးထပ်မသုံးမိအောင် ကြိုးစားပါ။ တို့အားလုံးကူညီပါ့မယ်"
"ကြိုးစားမှာပါ။ နှင်းဆီ အနားမှာ MDရှိနေပေးမယ် ဆိုရင်ပေါ့..."
"တို့ဆုံးဖြတ်ပြီးတာ တစ်ခုက မင်းအနားက ဘယ်ကိုမှ ထွက်မသွားတော့ဘူးဆိုတာပါပဲ..."
အဲဒီစကားကို သူမ လွယ်လင့်တကူပြောလိုက်တာ မဟုတ်ပါဘူး။
နှင်းဆီရဲ့ဘ၀အကြောင်း အားလုံးသိပြီးသွားတဲ့နောက်မှာတော့ နှင်းဆီရဲ့လိုအပ်ချက်များအားလုံးကိုလည်းဖြည့်ဆည်းပေးဖို့ သူမ ၀မ်းမြောက်ဝမ်းသာနဲ့ပဲ ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်မိတယ်လေ။
"တကယ် အနားက ထွက်မသွားရဘူးနော်..."
"အင်း မသွားဘူး..."
"အာ့ဆို... အင့်... နှုတ်ခမ်းကို နမ်း..."
"ဟင်... ဘာမှလည်း မဆိုင်ဘူး..."
"မဆိုင်လည်း နမ်း...ညနေက ဒီတိုင်း မျက်ရည်စကို လာနမ်းတာ... အခု နှုတ်ခမ်းကို လူကြီးတစ်ယောက်လို လာနမ်း... 18+ ဆန်ဆန်နမ်း..."
သူမရှေ့ မျက်လုံးလေးမှိတ်၊ နှုတ်ခမ်းလေးရှေ့ထိုးထည့်ရင်း ပူဆာနေတဲ့ နှင်းဆီဟာ တကယ့်ကလေးဆိုးကြီးနှယ်။
သူမလည်း ရှက်ရှက်နဲ့ နှင်းဆီစိတ်ကျေနပ်အောင် နှုတ်ခမ်းချင်းဖိပြီး အသာယာနမ်းလိုက်မိတယ်။
"ကဲ ရပီလား..."
"နမ်းတယ်ဆိုတာ အဲ့ဒါလား..."
"အင်း..."
"မအင်းနဲ့... အာ့ နမ်းတာမဟုတ်ဘူး... နမ်းတာအစစ်က ဒီမှာ..."
နှင်းဆီပြောလည်းပြော... သူမကိုယ်ပေါ်သို့ လက်နှစ်ဖက်ထောက် အုပ်မိုးပြီးနောက် သူမ နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်းလေး ဆွဲစုပ်နမ်းတယ်။
"အား... တော်ပြီ... နှင်းဆီ... တော်ပြီလို့... နှုတ်ခမ်းတွေ နာနေပြီ..."
"အာ... အခုမှ စတာကို... တော်ပြီတဲ့... မနောက်နဲ့ကွာ..."
-------------------------------------
ဆက်ရန်
-------------------------------------
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romantizmကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။