Episode 25 (Z+U)

1.5K 150 26
                                    

(Zawgyi code)

'၃နှစ်ခန့်ကြာသော်...'

လေယဉ်စိုက်လိုက်ပြီ၊ လှေကားပွင့်သွားပြီဆိုတည်းက မိုးနှင်းဝေရင်ခုန်သံတွေ သိသိသာသာဆူညံလာရတယ်။
ဘယ်သူမဆို အိမ်ပြန်ချိန်ဆို ရင်ခုန်တတ်ကြတာပါပဲ။

အခု မိုးနှင်းဝေ နိုင်ငံခြားမှာ သွားပြီး အလုပ်လုပ်ခဲ့တာ ၃ နှစ်ကျော်သွားပြီ။

သာမန်လူတစ်ယောက်ဆို ဒီလောက်အချိန်ကာလလေးနဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး မိုးနှင်းဝေလို ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်မှာတော့မဟုတ်။

ဒါပေမဲ့ မိုးနှင်းဝေက သာမန်လူမှမဟုတ်တာ။

အဲဒါကြောင့် မိုးနှင်းဝေအတွက်တော့ ၃နှစ်လောက်ကြိုးစားလိုက်ရရင်ကို ပိုင်ဆိုင်မှုက တော်တော်လေးတိုးတက်သွားရတာလေ။

ဒီလိုကြိုးစားရုန်းကန်ခဲ့ရတဲ့ကာလတွေမှာ မိုးနှင်းဝေဟာ အတိအကျကြီး ရိုးသားခဲ့တာမျိုးတော့မဟုတ်။

ကတုံးပေါ်ထပ်ကွက်ချင်သူတွေနဲ့တွေ့မိတဲ့အခါတိုင်း မိုးနှင်းဝေက သူမရဲ့ မွေးရာပါ ပါရမီကို ထိထိရောက်ရောက် အသုံးချခဲ့မိတာချည်းပါပဲ။

သူများပိုက်ဆံတွေကို မတရားလိမ်လည်တယ်လို့ ခေါင်းစဉ်တပ်မယ်ဆိုလည်း တပ်ပါ။

ဒါပေမယ့် ကိုယ့်ချစ်သူအနား အမြန်ဆုံးပြန်သွားခွင့်ရဖို့ကသာ အရေးကြီးနေတာမို့ ငါရိုးသားပါတယ်ဆိုပြီးလည်း ဂုဏ်မဆာနိုင်ပါဘူး။ မရိုးသားပြနိုင်ပါဘူး။

ခုတော့ ပြီးခဲ့တာတွေ ပြီးပါစေတော့။

လေဆိပ်ထဲကထွက်တာနဲ့ အရင်ဆုံး Taxi တစ်စီးကိုငှားလိုက်တယ်။
ပြီးတော့ Future Target ကုမ္ပဏီဆီမောင်းပေးဖို့တောင်းဆိုလိုက်မိတယ်။

လမ်းမတွေအပေါ် ခပ်သွက်သွက်လေးမောင်းနှင်းနေတဲ့ Taxi ရဲ့ အသွားနှုန်းကို သူမ သိပ်အားမရ။

ကိုယ်ဘယ်လောက်လွမ်းခဲ့ရလဲဆိုတာ ကိုယ်သာအသိဆုံးမို့ Taxi သမားကို ဒီထက်ခပ်မြန်မြန်လေး မောင်းပေးဖို့ လမ်းတစ်လျှောက်လုံး တဂျီဂျီပူဆာခဲ့မိသေးတာ။

သူမကသာ မိုးနှင်းဝေနဲ့အဆက်သွယ်ပြတ်သွားခဲ့တာပါ။

မိုးနှင်းဝေကတော့ အဆက်သွယ် တစ်စက်လေးမှ မပြတ်ခဲ့။

နိုင်ငံခြားရောက်နေတဲ့တစ်ချိန်လုံးမှာလည်း မိုးနှင်းဝေဟာ သူမကို ဆိုရှယ်မီဒီယာတွေကတဆင့် စောင့်ကြည့်နေခဲ့တာလေ။


Future Target ကုမ္ပဏီနဲ့ပတ်သတ်တဲ့ Page မှန်သမျှကို Follow လုပ်ထားခဲ့တာ။

တက်လာတဲ့ ပုံတွေတိုင်းကို အတင်းပြူးပြဲကြည့်ပြီး သူမကို ရှာမိသေးတာ။

တကယ်လို့ သူမပုံများရှာတွေ့ခဲ့ရင် မိုးနှင်းဝေမှာ Photos တွေထဲ ထည့်သိမ်းရသေးတာ။

ပုံတိုင်းကို အသေးစိတ် ဂရုတစိုက်ကြည့်ခဲ့ပြီး သူမနဲနဲလေးပိန်သွားရင်ဖြစ်ဖြစ်၊ ၀လာရင်ဖြစ်ဖြစ် ဘာဖြစ်လို့များလဲ? နေမကောင်းလို့များလား? ဆိုပြီး စိုးရိမ်တကြီးဖြစ်ခဲ့ရသေးတာ။

ဒါပေမဲ့ ပုံကတော့ ပုံပါပဲ။ လူမှမဟုတ်တာ။

မိုးနှင်းဝေ တကယ်တွေ့ချင်တာ မင်းထက်သာလွန်ဆိုတဲ့ လူစစ်စစ်ကြီးကိုလေ။

အခုတော့ ၃ နှစ်ကြီးများတောင် မက်မောတောင့်တခဲ့ရတဲ့ ထိုအမျိုးသမီးကို တွေ့ရတော့မယ်။
အတွေးနဲ့တင် ပျော်လွန်းလို့ မျက်ရည်ဝေ့ရသေးတာ။

Taxi ရပ်ပေးပြီးတာနဲ့ သူမ Future Target ကုမ္ပဏီရှေ့မှာ ဆင်းလိုက်မိတယ်။
ပြီးတော့ ထိုအဆောက်အအုံကြီးကို ငေးမော့ကြည့်နေမိတယ်။

အော်တစ်ချိန်က ဒီအဆောက်အအုံထဲ သူမနဲ့အတူ မိုးနှင်းဝေ ပျော်ခဲ့ဖူးတာပဲ၊ သူမကို ငိုအောင်လုပ်ခဲ့ဖူးတာပဲဆိုပြီး တွေးမိရင်း အတိတ်တို့က အသစ်ပြန်ဖြစ်ရပြန်ပြီ။

လူချင်းတွေ့ချင်နေပေမယ့် မိုးနှင်းဝေ ပြချင်တဲ့ အခြေအနေက ဒီလိုမဟုတ်သေးဘူး။
ပြည့်စုံအောင် ကွကို ဖန်တီးယူရဦးမယ်။

အင်းပါ... အများကြီးစောင့်လာခဲ့ပြီးမှတော့ နောက်ထစ်တစ်ပတ်လောက်ကို မိုးနှင်းဝေ ထပ်စောင့်နိုင်ရမှာပေါ့။

ဒီလိုအတွေးနဲ့ မိုးနှင်းဝေဟာ နေ၀င်သွားတဲ့အထိ ထို Future Target ကုမ္ပဏီရဲ့ အဆောက်အဦကြီးကို အလွမ်းပြေထိုင်ကြည့်ခဲ့သေးတာလေ။

ညနေ ရုံးဆင်းချိန်ရောက်တော့ သူမကိုများတွေ့လေမလားဆိုပြီး ငေးခဲ့ရသေးတယ်။
ဒါပေမယ့် သူမကို မမြင်ရပါဘူး။

ရုံးဆင်းလာတဲ့ ၀န်ထမ်းတွေ မိုးနှင်းဝေကို မမြင်ခင်... ပြန်ခဲ့လိုက်တယ်လေ။

-------------------------------------------------------
ဟိုမှာရှိနေတည်းက ဒီကိုရောက်တာနဲ့ စတင်လည်ပတ်နိုင်အောင် လုပ်ငန်းတွေကို အစပြုခဲ့တာဆိုတော့ မိုးနှင်းဝေ မြန်မာနိုင်ငံပြန်ရောက်ပြီး ၁ ပတ်ပြည့်တာနဲ့ သာလွန်ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လည်ပတ်နိုင်ခဲ့တယ်။

ဝယ်စီးချင်တဲ့ကားကို ဟိုကနေ တစ်ခါတည်း တင်သွင်းခဲ့တာဆိုတော့ အခုဆို မိုးနှင်းဝေဟာ 0 kilo နောက်ဆုံးပေါ် ပြိုင်ကားလေးနဲ့ အရမ်းကို စမတ်ကျနေပြီလေ။

လုပ်ငန်းနဲ့ ကားအတွက် ငွေကုန်သွားတယ်ဆိုတော့ တိုက်ခန်းကို ကွန်ဒိုတောင် မ၀ယ်နိုင်တော့။

ဒါ့ကြောင့် တစ်ယောက်စာနေလို့ကောင်းမယ့် မြို့ထဲက တိုက်ခန်းတစ်ခန်းကိုပဲ ၀ယ်ယူပြီး သေချာစွာပြင်ဆင်ပြီး နေလိုက်တယ်။

ကဲ လိုအပ်တာ အကုန်ပြင်ဆင်ပြီးသွားပြီ။ အခု သူမနဲ့ပဲ တွေ့ဖို့ကျန်တော့တာ။

-------------------------------------------------------


ဆောက်လုပ်ရေးလုပ်ငန်းအတွက် အသုံးပြုတဲ့အုပ်တွေကို တခြားလူတွေလိုမဟုတ်ပဲ အရမ်းကိုများပြားတဲ့ အော်ဒါစာရွက်ကြောင့် သူမ ကုမ္ပဏီနာမည်ကို ဖတ်ကြည့်လိုက်တော့ 'သာလွန်' ဆောက်လုပ်ရေးတဲ့။

သူမရဲ့နာမည်ပါဝင်နေတဲ့ ဒီဆောက်လုပ်ရေးဟာ အသစ်ပါ။

ဒါ့ကြောင့် ဦးခန့်အောင်ကို ခေါ်ပြီးမေးမြန်းကြည့်တော့ နိုင်ငံခြားက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံထဲဝင်ရောက်လာတဲ့ အရှိန်ပြင်းပြင်းနဲ့ ခရီးစခဲ့တဲ့ ဆောက်လုပ်ရေး လုပ်ငန်းသစ်တစ်ခုဖြစ်ကြောင်းသိလိုက်ရတယ်။

ဒါပေမဲ့ ဘာလို့ သူတို့ လုပ်ငန်းရဲ့နာမည်က သူမနာမည်ဖြစ်နေရတာလဲ?

အင်းပေါ့လေ... တိုက်ဆိုင်မှုပဲလို့ ယူဆလိုက်မိတယ်။

နောက် အော်ဒါစာရွက်မှာထိုးထားတဲ့လက်မှတ်နဲ့နာမည်။
လုပ်ငန်းပိုင်ရှင်နာမည်က မိုးနှင်းဝေတဲ့။

အော်မိန်းကလေးပဲလို့တွေးမိပြီး လက်မှတ်လေးကိုပါ ကြည့်မိသွားတယ်။
ရင်ထဲ ထူးခြားတဲ့ခံစားချက်လေးတစ်ခုနဲ့အတူ ထိုလက်မှတ်လေးကို ငေးကြည့်နေရာမှ မျက်လုံးမလွှဲနိုင်ခဲ့။

'MD မိုးနှင်းဝေက MD နဲ့ဆုံပြီး လုပ်ငန်းကိစ္စလေး ဆွေးနွေးချင်လို့ပါတဲ့... အဲဒါ ဘယ်အချိန်လောက် ချိန်းလိုက်ရမလဲ'

ဦးခန့်အောင်မေးတာကို သူမ အလွယ်တကူမဖြေပဲ အားမယ့်အချိန်တစ်ခုကို သေချာသတ်မှတ်ပြီး ဖြေပေးလိုက်မိတယ်။

'မနက်ဖန် နေ့လည်လောက် ချိန်းလိုက်ပါ ဦးခန့်အောင်'

'အော် ဟုတ်ကဲ့ MD'

-------------------------------------------------------

နေ့လည် ထမင်းစားချိန်ဖြစ်နေတာက တစ်ကြောင်း... သူမရဲ့ ထုတ်ကုန်တွေကို အများပြား ၀ယ်ယူသုံးစွဲပေးနေတဲ့ လုပ်ငန်းစုဖြစ်နေတာက တစ်ကြောင်းတို့ကြောင့် မိုးနှင်းဝေဆိုတဲ့ လုပ်ငန်းပိုင်ရှင်ကို သူမနေ့လည်စာ စားမယ့် ဟိုတယ်သို့ ချိန်းဆိုလိုက်မိတယ်။

မိုးနှင်းဝေဟာ လုပ်ငန်းရှင်ပီသပါပေတယ်။

ချိန်ထားတဲ့ အချိန်နဲ့ ကွက်တိ သူမရဲ့စားပွဲဆီသို့ရောက်လာခဲ့တယ်လေ။

သူမဆီဦးတည်လျှောက်လာတဲ့ ထိုခြေလှမ်းတွေ။

ခြေလှမ်းတွေကို ငေးကြည့်နေရင်း ဟင် ငါနဲ့ ရင်းနှီးလိုက်တာဆိုတဲ့ ခံစားမှုမျိုး ရင်ထဲစီးဝင်လာခဲ့ရတာ။
ပြီးတော့ စီးလာတဲ့ ဖိနပ်က ဒေါက်ဖိနပ် အနီလေး။

ထိုမှတဆင့် ဟင့်အင်း မဖြစ်နိုင်ပါဘူးဆိုတဲ့ စိတ်နဲ့ တဖြည်းဖြည်း ထိုခြေထောက်ပိုင်ရှင်ကိုကြည့်လိုက်တော့ လုပ်ငန်းရှင် မိုးနှင်းဝေဆိုတာ သူမရဲ့ နှင်းဆီပါလား။

တကယ်တော့ မိုးနှင်းဝေနဲ့ နှင်းဆီက လူချင်း၊ လမ်းလျှောက်ပုံချင်းသာ တူတာပါ။

မျက်ဝန်းတွေရဲ့ အေးချမ်းမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းတဲ့အပြုံး။

ထိုအရာတွေဟာ တစ်စက်မှကို မတူပါဘူး။

'MD... နှင်းဆီကို မမှတ်မိဘူးလားဟင်?'

သူမအနားသို့ရောက်တော့ သူမရှေ့ ခါးလေးကိုင်းရင်း တီးတိုးပြောလာတဲ့ မိုးနှင်းဝေအပြုအမူကတော့ နှင်းဆီပြုမူလေ့ရှိတဲ့အပြုမူပါပဲ။

'နှင်းဆီ? ဘယ်ကနှင်းဆီလဲ... တို့မင်းကို မသိဘူး'

ခါးခါးသီးငြင်းလိုက်ပုံကိုကြည့်ပြီး မိုးနှင်းဝေက ပြုံးသေးတာ။
ဒါပေမဲ့ ထိုအပြုံးမှာ မျက်ရည်တွေဝေ့နေတယ်။

'အင်းပါ... စိတ်ဆိုးမယ်ဆိုလည်း ဆိုးလောက်ပါတယ်။ နာကျဉ်းမယ်ဆိုလည်း အပြစ်မဆိုသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှင်းဆီက ခင်ဗျားအပေါ် အထပ်ထပ်အခါခါ အနိုင်ပိုင်းခဲ့မိတာကိုး။ အထပ်ထပ်အခါခါ ခင်ဗျားရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့မိတာကိုး'

'မင်းလူမှားနေတာဖြစ်မယ်နော်။ တို့က အခု ဒီကို သာလွန်ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် မိုးနှင်းဝေနဲ့ တွေ့ဖို့ လာခဲ့တာ'

'နှင်းဆီက မိုးနှင်းဝေပါပဲ MD ရယ်... MD မေးဖူးတယ်လေ...မင်းနာမည် အရင်းက ဘယ်သူလဲဆိုတာ...  မိုးနှင်းဝေတဲ့။ မိုးနှင်းဝေက နာမည်အစစ်ပါ'

'တစ်ခုခုတော့ လွဲနေပြီသိလား... တို့ နှင်းဆီကို မသိဘူး။ မသိဘူးဆိုတာထက် တို့ နှင်းဆီကို မေ့လိုက်ပြီ'

'နာကျဉ်းမှုကြောင့် အနိုင်ပိုင်းချင်လို့ ဒေါသရှေ့ဆောင်ပြီး ပြောချင်တာတွေကို နှုတ်ဆက်ဇွတ်ပြောလို့ရတယ်... ဒါပေမယ့် မျက်လုံးတွေက မလိမ်ဘူး MD... ခင်ဗျား နှင်းဆီကို မမေ့သေးဘူး...'

'ပိုင်နိုင်လှချည်လား... တို့မေ့လား မမေ့လားဆိုတာ မင်းဘယ်လိုသိလဲ?'

'သိတာပေါ့... နှင်းဆီက ဒေါ်မင်းထက်သာလွန်ရဲ့ တစ်သက်လုံးစာအတွက် တစ်ဦးတည်းသော ချစ်သူပဲလေ...'

'မင်းတို့ကို လျော့တွက်လွန်းတယ်...'

'အဲဒါလျော့တွက်တာမဟုတ်ဘူး။ ဘယ်လောက်ပဲ ဆိုးဆိုး အပြစ်မမြင်ပဲ ဆက်ချစ်နေပေးနိုင်တဲ့ MD အချစ်တွေကို လေးစားတာ၊ နားလည်တာ၊ တန်ဖိုးထားတာ'

'စကားတတ်တယ်ဆိုတိုင်း လျှောက်မပြောနဲ့... တို့ မင်းရဲ့ အရည်မရ အဖတ်မရစကားတွေကို နားထောင်ဖို့ အချိန်မရှိဘူး။ အခု အလုပ်ကိစ္စပြောဖို့မဟုတ်ဘူးဆိုရင်တော့ တို့ပြန်ရလိမ့်မယ်။ တို့မှာ တခြားအလုပ်တွေ အများကြီးချိန်းထားသေးတယ်'

'သိတာပေါ့... MD မအားဘူးဆိုတာ။ ကဲပါ... မိုး...လွန်ခဲ့တာတွေက ... အော် နာမည်အ၇င်း မိုးလို့ပဲ ပြောမယ်နော်'

'ကြိုက်သလိုပြော... အဲ့ဒါ မင်းကိစ္စ'

'ဟုတ်ကဲ့။ မိုး လွန်ခဲ့တာတွေ၊ ဆိုးခဲ့တာတွေ၊ သစ္စာဖောက်ခဲ့မိတာတွေက အထပ်ထပ် အခါခါဆိုတော့ MDက မိုးကိုတွေ့တာနဲ့ ချက်ချင်း ပြန်လက်ခံလိမ့်မှာ မဟုတ်ဘူးဆိုတာ မိုးတွက်ဆထားပါတယ်... အဲဒါကြောင့် MD စိတ်ကျေနပ်တဲ့အထိ ချော့ဖို့ မိုးဆုံးဖြတ်ထားပါတယ် MD... စိတ်ဆိုးပါ... ချော့မယ်။ စိတ်ကောက်ပါ... ပိုချော့မယ်။ ဒါမဲ့ စိတ်တော့ မနာလိုက်နဲ့နော်... မခံနိုင်လို့ပါ'

'မင်းဒါတွေပဲဆက်ပြောနေတော့မှာလား? အလုပ်ကိစ္စမပြောဘူးဆို...တို့အခုချက်ချင်း ထပြန်ရလိမ့်မယ်'

'အရမ်းချစ်တယ် MD...ခင်ဗျားကို မိုး အရမ်းချစ်တယ်...'

'မင်း... အေး တို့ပြန်မယ်...'

'နေပါဦး... ခဏလေးပါ... '


ဒေါသတကြီးနဲ့ ထပြန်ဖို့လုပ်တဲ့ သူမကို မိုး လှမ်းဆွဲလိုက်တာ အရှိန်လွန်သွားတယ်။

သူမခန္ဓာကိုယ်လေးဟာ မိုးရင်ခွင်ထဲ ၀ုန်းခနဲ ကြွေဆင်းလာရတယ်။

'မင်း...လွှတ်...'

'အပြစ်တွေ လုပ်ခဲ့တာက များနေပြီ... တော်ရုံခွင့်မလွှတ်ပေးနိုင်မှန်းလည်း သေချာနေတော့လေ...နောက်ထပ် အပြစ်တင်ချင်စရာလေးတစ်ခု ထပ်လုပ်ပါရစေနော်...'

ရင်ခွင်ထဲ လဲပြိုနေတဲ့ သူမကို အလွှတ်မပေးပဲ တင်းကြပ်စွာဖက်ထားရင်း ခွင့်တောင်းလိုက်မိတော့ သူမ မျက်လုံး အပြူးသား။

'မင်း မင်းဘာလုပ်ဖို့လဲ...'

'အရမ်းလွမ်းခဲ့ရတာဆိုတော့လေ...ခင်ဗျားနှုတ်ခမ်းလေးကို စုပ်ချင်လို့...'


-------------------------------------------------------

ဆက်ရန်

-------------------------------------------------------

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now