(Zawgyi code)
လီလီနဲ့လမ်းခွဲပြီးနောက်ပိုင်း သူမဘေးမှာ ဘယ်သူမှရှိမနေဘူးဆိုတဲ့အသိနဲ့ ပျော့ညံ့နေရာကနေ အားတင်းမိတယ်။
သူမ အလုပ်တွေပြန်လုပ်ရမယ်။ ဦးခန့်အောင်နဲ့ Company ကို လွှဲထားခဲ့တာကြာပြီ။
Company ရဲ့ ၀င်ငွေတွေဟာလည်း သိသိသာသာကျဆင်းလှပြီ။
နှင်းဆီကိုမေ့သွားတာမျိုးမဟုတ်ပဲ၊ ငါ ပြန်ထူထူထောင်ထောင်နေရမယ်ဆိုတဲ့အသိနဲ့ ပြန်လည်ရှင်သန်နိုင်အောင်ကြိုးစားခဲ့မိတယ်။
အဲ့ဒါကြောင် သူမ Company ကို ပုံမှန်ပြန်သွားဖြစ်လာတယ်။ ဦးခန့်အောင်ဆီက အလုပ်တွေပြန်လည် လွှဲယူခဲ့တယ်၊ ပြန်လည်ဦးဆောင်ခဲ့တယ်။ ယိုယွင်းနေတဲ့ နေရာတွေကို ပြန်လည်ကွက်လပ်ဖြည့်နိုင်အောင်ကြိုးစားခဲ့တယ်။
သူမ ပြန်လည်ဦးဆောင်ပြီး ၂ လလောက်အကြာမှာပဲ Company က သိသိသာသာ ပြန်လည်ဦးမော့လာခဲ့နိုင်ခဲ့တယ်။
လီလီနဲ့ကတော့ လမ်းတွင်တစ်ခါတစ်လေဆုံတယ်။ အပြုံးနဲ့သာနှုတ်ဆက်ဖြစ်ကြတယ်။
လီလီက မူးလာတဲ့ တစ်ခါတစ်လေကျရင်တော့ သူမဆီဖုန်းဆက်ပြီး သူမကို အရမ်းချစ်ခဲ့တာဖြစ်ကြောင်းတွေ ပြောပြလေ့တော့ ရှိပါတယ်။ ဒါဟာလည်း လမ်းခွဲပြီး ၁ လလောက် အတွင်းမှာပါပဲ။
နောက်ပိုင်းတော့ လီလီဖုန်းဆက်တာလည်း တော်တော်လေး ခြားလာခဲ့ပါတယ်။
နှင်းဆီရဲ့ အုတ်ဂူလေးဆီကိုတော့ သူမ တစ်ပတ်တစ်ခေါက် ပုံမှန်လေးသွားဖြစ်တယ်။
ဦးရွှေအောင်နဲ့တွေ့တိုင်းလည်း အုတ်ဂူလေးကို သန့်သန့်ရှင်းရှင်းလေးထားပေးဖို့တောင်းဆိုရင်း မုန့်ဖိုးပေးဖြစ်သေးတယ်။
နှင်းဆီကို ရူးမတတ် သတိရတဲ့အခါ နှင်းဆီနဲ့အတူတူသွားခဲ့ဖူးတဲ့ ဘီယာဆိုင်တွေ၊ ပန်းခြံထဲက ခုံတန်းရှည်လေးတွေ အဲဒီတွေကိုတော့ သွားဖြစ်နေပါသေးတယ်။
ဘုရားရောက်တိုင်းလည်း ဆုတောင်းတာက ဒီတစ်ခါလည်း နှင်းဆီဟာ သူမကို လိမ်လည်တာဖြစ်ပါစေဆိုပြီးပေါ့။
ဟုတ်တယ်။ အရင်က နှင်းဆီရဲ့လိမ်လည်မှုတွေကို သူမ မလိုချင်ခဲ့ဘူး။ နာကျင်ခဲ့ရတယ်။
ဒီတစ်ခါတော့ နှင်းဆီကို သူမ လိမ်စေ့ချင်နေတယ်။
"နှင်းဆီလိမ်လည်နေတာပဲ ဖြစ်ပါစေ အရှင်ဘုရား... တပည့်တော်မကို ဒီတစ်ခါလည်း နှင်းဆီလိမ်နေတာပဲဖြစ်ပါစေ"
သူမရဲ့ ဆုတောင်းက နဲနဲတော့ ကြောင်တောင်တောင်နိုင်သား။
----------------------------------------------------
"MD... အရောင်းဝန်ထမ်းတွေ ထပ်ခန့်ဖို့ လိုနေပြီ။ နောက်ပြီး စာရင်းအင်းပိုင်းကလည်း လူလိုနေပြီ"
"အိုကေလေ... အာ့ဆို ထုံးစံအတိုင်း Page မှာ ၀န်ထမ်းလိုတဲ့ Post တင်လိုက်လေ... လိုအပ်ရင်လည်း တခြားမီဒီယာတွေဆီ ပြောပြီး တင်ဖို့လုပ်ပေါ့..."
"ဟုတ်ကဲ့"
"ဟို ၀န်ထမ်းလိုတာက ရက်နီးနေလား... ရက်နီးတယ်ဆို အမြန်လျှောက်ထားဖို့ပါ တခါတည်းထည့်ရေးလိုက်နော်..."
"အော် ဟုတ်ကဲ့ MD"
"အဲဒါဆို ဘာပြောဦးမလဲ?"
"ဟို တစ်ခုလောက်ပြောချင်လို့..."
"ပြောပါ ဦးခန့်အောင် ဘာများပြောချင်တာလဲ?"
" MDအခုလို Company ကို ပြန်ဦးဆောင်နိုင်လာတဲ့အတွက် ကျတော် တော်တော်လေးကို ကျေနပ်ဝမ်းသာရပါတယ်ခင်ဗျာ..."
သူမ အအေးချမ်းဆုံးပြုံးရင်း စကားတစ်ခွန်းပြန်ပြောမိတယ်။
"သူဆုံးတာ နောက်တစ်ပတ်ဆို ၂ နှစ်နဲ့ ၆ လတောင်ပြည့်ပြီပဲ ဦးခန့်အောင်ရယ်... ကျမ ခုလိုလေး ဖြစ်နေတာကိုပဲ သူ မြင်ချင်ရှာမှာပါ"
----------------------------------------------------
ဒီနေ့က အွန်လိုင်းက အလုပ်လျှောက်ဖိုင်တွေကို သက်ဆိုင်ရာဝန်ထမ်းတွေ အဆင့်ဆင့် စိစစ်ရွေးချယ်ပြီး သင့်တော်တဲ့လူတွေကို အင်တာဗျူးဖို့ခေါ်ထားတဲ့နေ့။
အဲဒါကြောင့် Company တွင်သိသိသာသာ လူရှုတ်စည်ကားနေတယ်။
သူမ ပါကင်တွင် ကားကိုထိုးခဲ့ပြီးနောက် သူမရုံးခန်းဆီ ဦးတည်လျှောက်ခဲ့လိုက်တယ်။
အင်တာဗျူးရမယ့်လူငယ်တွေကိုမြင်တော့ တစ်ချိန်တစ်ခါက ဒီလိုနေ့မျိုးမှာ နှင်းဆီနဲ့ စတင်တွေ့ဆုံခဲ့ရတာကို ပြန်တွေးမိသွားတယ်။
ဒဏ်ရာဟောင်းကလည်း မကျက်သေးဘူးဆိုတော့ လူက သိသိသာသာလွမ်းသွားတယ်။
ဒါပေမဲ့ ခံစားနေလို့မဖြစ်သေး။ အလုပ်ကရှိနေပြီ။
မနေ့ညက လီလီမူးမူးနဲ့ အိမ်လာကာ သူ့စော်အသစ်နဲ့ လမ်းခွဲခဲ့လို့ အသည်းကွဲကြောင်းတွေ လာပြောနေသေးတယ်။ အားနာလို့ ထိုင်နားထောင်ပေးရင်းက အိပ်ရာဝင်နောက်ကျခဲ့ရတယ်။ ဒါ့ကြောင့် ဒီမနက် သူမ ရုံးကိုရောက်တော့ 9ခွဲနေပေပြီ။
အင်တာဗျူးသင့်တဲ့လူတွေကို သက်ဆိုင်ရာဝန်ထမ်းတွေက ဗျူးခဲ့ကြပြီးပြီ။
သူမက စံကာတင်ဝန်ထမ်းတွေကို ထပ်ဗျူးရမှာ။
ဒီလိုနေ့မျိုးမှာမှ နောက်ကျရတယ်လို့ဆိုပြီး သူမ အားမလိုအားရလည်းဖြစ်ရသေးတယ်။
"MD... ရပြီလားခင်ဗျ။ ကျတော် ဗျူးဖို့ လူလွှတ်လိုက်ရတော့မလား"
"ကော်ဖီတစ်ခွက်အရင်ပေး... ပြီးရင် အစဉ်တိုင်းလွှတ်လိုက်နော်။ အော် ဦးခန့်အောင် ကျမ ဗျူးရမယ့် ၀န်ထမ်းဖိုင်တွေ ကျန်ခဲ့တယ်။ အဲ့တော့ ကျမကို mail တစ်ချက်ပို့ပေးနော်။ mail ထဲက ကြည့်ပြီးပဲ ဗျူးလိုက်တော့မယ်"
"အော် ဟုတ် ဟုတ်ကဲ့"
ဦးခန့်အောင် အခန်းထဲက ပြန်ထွက်သွားပြီးမကြာဘူး အခန်းတံခါးကိုတစ်စုံတစ်ယောက်က ဖွင့်ပြီး ၀င်လာခဲ့တယ်။
သူမက ဦးခန့်အောင်ပို့ပေးတဲ့ Mail ကို ဖွင့်ကြည့်နေရင်းက ၀င်လာတဲ့လူကို မကြည့်မိဘူးဖြစ်သွားတယ်။
"ထိုင်ပါဦး..."
ထိုလူသစ်ကို မကြည့်မိသေးပဲ အရင် သူမ ထိုင်ခွင့်ပြုလိုက်တယ်။
"ဒါနဲ့ မင်းနာမည်က..."
"ပန်းနှင်းဆီပါ MD"
ရင်းနှီးလှတဲ့ အက်ကွဲကွဲအသံ။ ရင်းနှီးလှတဲ့ နာမည်။
ရင်ထဲ ဒိန်းခနဲဖြစ်သွားရင်း လှည့်ကြည့်လိုက်တော့ သူမရှေ့တည့်တည့်မှာထိုင်နေတာ သူမရဲ့ ပန်းနှင်းဆီ။
"ဟင်... မင်း... မင်း..."
"ဘေဘီ... ဘေဘီ... မမူးလဲလိုက်နဲ့နော်... မမူးလဲလိုက်နဲ့"
နှင်းဆီက စိုးရိမ်တကြိးလေး ထိုင်နေရာမှ ထရပ်ကာ သူမအနားတိုးကပ်ဖို့လုပ်တော့ သူမ ချက်ချင်း ထရပ်ရင်း ကြောက်လန့်တကြားနောက်ဆုတ်မိသွားတယ်။
"မင်း မင်းတို့အနား မလာနဲ့နော်..."
"ဟယ်... ဘေဘီရယ်... လူအစစ်ကြိးပါ။ သရဲမဟုတ်ပါဘူး... ဘာလို့ အဲ့လောက်..."
"မင်း ဘာလာလုပ်ပြန်တာလဲ... မင်းဘာလာလုပ်ပြန်တာလဲ?"
"အာ လုပ်တော့မယ် ဘေဘီရာ။ ခင်ဗျားပဲ ဘုရားမှာ ဆုတောင်းတယ်လေ။ နှင်းဆီသေတာ လိမ်တာဖြစ်ပါစေဆို။ အာ့နဲ့ ဘုရားကလည်း ဟဲ့ နှင်းဆီ ထ... ထ... မသေနဲ့ဦး။ ဟိုမှာ နင့်မိန်းမ နင့်ကို လွမ်းလို့ သေတော့မယ်... ခုတော့ ထဦးဟ...ဆိုပြီး လွှတ်လိုက်လို့ရောက်လာတာ..."
"မင်း လိမ်နေပြန်ပြီ..."
"ဟာ... တကယ်... နှင်းဆီရဲ့ဂူပေါ်မှာ ရေးထားတဲ့ဆုတောင်းကို မတွေ့ဘူးလား။ အဲဒီဆုတောင်းကိုလည်း ဘုရားက ဖြည့်ပေးလိုက်မယ်ဆိုလို့... တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတဲ့ ပုံစံပေါ့..."
သူမ နှင်းဆီကိုမြင်တော့ မယုံနိုင်စွာ ခါးခါးသီးဖြစ်နေခဲ့တယ်။
နှင်းဆီကတော့ ပြုံးတုံ့တုံ့နဲ့ သူမကို ချော့တာပေါ့။ ချော့နေရင်း နှင်းဆီရဲ့ရောဂါဆိုတာ ဆရာဝန်နဲ့ပေါင်းလိမ်တာဖြစ်ကြောင်း၊ အဲဒီဆရာဝန်ကို နှင်းဆီက ကူညီပေးခဲ့ဖူးလို့ နှင်းဆီကိုပြန်ကူညီတာဖြစ်ကြောင်း၊ အုတ်ဂူထဲ လူမရှိကြောင်း၊ ဦးရွှေအောင်ကို မုန့်ဖိုးပေးပြီ မျက်ရည်အလိမ်းလိမ်းနဲ့ ကူညီတောင်းခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ရတယ်။
"တကယ်တော့ ဒီလိုတွေလုပ်ရတယ်ဆိုတာ၊ ဒီတစ်ခါ ထပ်လိမ်ရတယ်ဆိုတာ MD ကြောင့်..."
"ဘယ်လို ဘယ်လို ဘယ်လို... တို့ကြောင့် ဟုတ်လား?"
"အင်း ဟုတ်တယ်လေ။ ပထမတော့ ကျမလည်း ရောဂါလေးဗမ်းပြပြီး MDဆီက အချစ်ကိုပြန်ရအောင်ကြိုးစားဖို့။ ဒါပေမဲ့ MD က အသည်းသန်ကြီး သစ္စာတွေရှိပြနေတော့။ နောက်ပြီး ကျမသိတာပေါ့... MD လီလီ့ကိုမချစ်ဘူးဆိုတာ။ အာ့နဲ့ သေမှပဲဖြစ်တော့မယ်... ဒင်း ငါသေမှသိမယ်ဆိုပြီး သေပစ်လိုက်တာ..."
"မင်း လူးဆိုးမပဲနော်..."
"အင်း ဆိုးတာပေါ့။ ဆိုးလို့ MDက ချစ်နေတာမို့လား..."
"မင်းကို ချစ်တယ်လို့ ဘယ်သူပြောလဲ?"
" MDမပြောပါဘူး။ MD လုပ်ရပ်တွေက ပြောတာလေ"
"မင်းနော်... မဟုတ်တာတွေ..."
"အေး အဲ့လိုငြင်းနေနော်။ ကြိုက်ပြီ။ တစ်ခုချင်းရှင်းမယ် ခင်ဗျားနဲ့"
နှင်းဆီက သေတယ်ဆိုတာ တကယ်တော့ လိမ်တာ။ မသေဘူး။ မလာနဲ့လို့ ပြဿနာရှာလိုက်တယ်ဆိုတာ သူမကများ လီလီနဲ့ လမ်းခွဲလိုက်မလားဆိုတဲ့မျှော်လင့်ချက်နဲ့။ ဒါကို သူမက လီလီနဲ့ လမ်းမခွဲတဲ့အပြင် မော်ဒိုက်ကိုပါ ခရီးထွက်သွားသေးတာ။
"အေး... ခင်ဗျာပျော်နေ... ပြီး ခင်ဗျားတွေ့မယ်ဆိုပြီး ပြန်လာတာနဲ့ သေပြိဆိုတာ လုပ်ပြစ်လိုက်တာ။ အမယ်လေးလေး သူက မူးမေ့ခါနီးတောင် နှင်းဆီရေလို့ မခေါ်ဘူးနော်။ သူ့လင်လေး လီလီ့ကို Siri ကနေ ဖုန်းခေါ်ခိုင်းသေးတာ။ လုပ်စမ်းဟာ... မင်းလုပ်နိုင်သရွေ့ လုပ်စမ်းဆိုပြီး ကျမ လွှတ်ထားလိုက်တာ..."
နှင်းဆီ သေပြီဆိုတဲ့သတင်းကြောင့် သူမ တော်တော်လေး ခံစားရတာကိုလည်း နှင်းဆီသိတယ်။
သိမှာပေါ့။ အိမ်အကူအဖြစ် နှင်းဆီက သူမအိမ်မှာတောင် ၀င်လုပ်ခဲ့သေးတာ။
"ဘာ... ဒါဆို မင်း တို့အနားမှာ ရှိနေခဲ့တာပေါ့..."
"ဟုတ်ပါ့ရှင်... တစ်ချိန်လုံးပဲ... ခင်ဗျား တစ်ယောက်တည်း ၀ရံတာမှာ အိပ်ပျော်နေတဲ့ညမျိုးဆို ခင်ဗျားကို စောင်လာခြုံပေးတာ ဘယ်သူလဲ... ကျမပဲ... ခင်ဗျား အာရုံကြောဆေးတွေသောက်ပြီး ညဖက်ညဖက် အိပ်တာ အိပ်တာလေ။ တစ်ချို့ လီလီပြန်မလာတဲ့ညတွေဆို ကျမ ခင်ဗျားကိုလာဖက်အိပ်နေခဲ့လိုက်တာ။ မယုံဘူးလား။ မယုံရင် CCTV ပြန်စစ်ကြည့်..."
"အိပ်ခန်းထဲမှာ CCTV တပ်မထားဘူးရယ်"
"အာ့ဆိုရင်တော့ ခံပေါ့ ဒေါ်မင်းထက်သာလွန်ရေ..."
"မင်းနော်... ဆိုးလိုက်တာ..."
"အံမယ်...သူက လီလီကမုန်းမယ်ပြောတော့ မမုန်းစေ့ချင်ဘူးတဲ့ ဟုတ်လား... ခင်ဗျားက ကျမကို ရင်ထဲထည့်ပြီး သူမုန်းမှာကိုတော့ ကြောက်နေသေးတာနော်..."
"ဟယ်... ဘယ်သူမဆိုလေ... အမုန်းနဲ့တော့ လမ်းမခွဲချင်တာလေ..."
"ထားပါ ထားပါ..."
သူမ လီလီနဲ့ လမ်းခွဲပြီး ပြန်လည်ကာ ထူထူထောင်ထောင်ဖြစ်လာတုန်းကလည်း နှင်းဆီအနားမှာရှိနေခဲ့တယ်။
သူမဘယ်သွားလဲ နှင်းဆီလိုက်ခဲ့တယ်။
ဘုရားသွားလည်း လိုက်ခဲ့တာပဲ။ မျက်စိစုံမှိတ်ပြီး ဘုရားရှိခိုးနေတုန်းက မိုးဖွားလေးတွေ ကျနေခဲ့တာ။ အဲဒါကို သူမ မသိအောင် ထီးလေးပြေးဆောင်းပေးခဲ့သေးတာ။
အုတ်ဂူဆီသွားတော့လည်း နှင်းဆီပါတာပဲ။
မျက်ရည်တွေဝိုင်းနေတဲ့ သူမကို မျက်ရည်သုတ်ပေးချင်ခဲ့တာ။
ကိစ္စတွေအကုန်လုံးကို သူမ နားလည်အောင် နှင်းဆီရှင်းပြခဲ့တယ်။
သူမ နှင်းဆီကို ချက်ချင်းကြီး လက်မခံနိုင်ရှာဘူး။
"ရပါတယ်.... လက်မခံနိုင်သေးလည်း ဆက်အသည်းကွဲပေါ့။ ကျမကတော့ MDကို အနီးကပ်စောင့်ကြည့်နေပေးတဲ့ မီးမီးဆိုတဲ့ အိမ်ဖော်လေးပဲ ဆက်လုပ်မယ်..."
"မင်းကို ဘယ်သူက တို့အိမ်မှာထားလဲ?"
"မထားလည်းနေမှာပဲ။ အကြောင်းမဲ့ နှင်းဆီကို ခင်ဗျားအလုပ်ထုတ်လို့မရဘူးရယ်... အော်မှားလို့... အကြောင်းမဲ့ မီးမီးကို ခင်ဗျား အလုပ်ထုတ်လို့မရဘူးရယ်"
သူမဟာ ရင်ထဲက နာကျင်မှုတွေကြောင့် သတိမထားခဲ့တာပါ။ တကယ်တော့ ဟုတ်ပါတယ်။ နှင်းဆီဟာ သူမအနားမှာ တစ်ချိန်လုံးရှိနေခဲ့တာပါ။
သူမ ဒီနေ့ ရုံးအလုပ်တွေ များနေပေမယ့်လည်း စောစော အိမ်ပြန်ခဲ့လိုက်တယ်။
အိမ်ရောက်တာနဲ့ ရေတစ်ခွက်လာတိုက်တဲ့လူက နှင်းဆီ။
"နှင်းဆိ မင်း... မင်း...."
"မီးမီးပါ မမလေး..."
အံမယ်... ခေါင်းလေးငုံ့ပြီးပြောတာ...မသိရင် တကယ့်အိမ်ဖော်လေးကျနေတာပဲ။
သူ့အရပ်ကြီးနဲ့ ထမီဝတ်ထားရတာဆိုတော့ ခပ်တိုတိုလေးဖြစ်နေတယ်။
သူမ နှင်းဆီနဲ့ အံတုပြီးဘာမှပြန်မပြောတော့ဘူး။
အရင်ဆုံး CCTV အခန်းထဲသွားပြီး CCTV တွေစစ်ကြည့်မိတယ်။
"ဘေဘီ... ဒီမှာ ခင်ဗျားစစ်မယ်ဆိုတာသိလို့ ကြိုပြီး Edit လုပ်ပေးထားတယ်... မဟုတ်ရင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကဟာတွေ ခင်ဗျားထိုင်ကြည့်ရင်း ကျောက်ရုပ်ဖြစ်သွားမယ်..."
နှင်းဆီက တော်တော်ပါးနပ်တာနော်။ တစ်ချိန် သူမ ဒီလိုတွေလာကြည့်မယ်ဆိုတာသိလို့ CCTV ကိုတောင် Edit လုပ်ပေးထားသေးတာ။
နှင်းဆီပေးတဲ့ Memory Stick ကို သူမ စက်မှာထိုးကြည့်လိုက်တော့... သူမတစ်ယောက်တည်းရှိနေချိန် သူမအနားကိုရောက်လာတဲ့ နှင်းဆီ။
ငိုရင်း ဧည့်ခန်းထိုင်ခုံတွင် အိပ်ပျော်နေချိန် ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားပေးတဲ့ နှင်းဆီ။
ငိုနေတဲ့အချိန် အခန်းထောင့်လေးမှာထိုင်ပြီး ၀မ်းနည်းနေတဲ့နှင်းဆီ။
လီလီက စော်တွေနဲ့ ပြန်လာချိန် သူမ မတုန်လှုတ်ခဲ့လို့ ထီပေါက်သလို ထ,ကနေတဲ့ နှင်းဆီ။
လီလီနဲ့ သူမ လမ်းခွဲတာကို ခိုးနားထောင်ရင်း ပြုံးနေတဲ့ နှင်းဆီ။
လီလီမူးမူးနဲ့ သူမကို စကားတွေလာပြောနေတာကို မကျေမနပ်တွေဖြစ်နေတဲ့ နှင်းဆီ။
နှင်းဆီဟာ တကယ်ပဲ တစ်ချိန်လုံး သူမဘေးမှာ၊ သူမအနားမှာရှိနေခဲ့တာပါပဲလား။
"မင်းတကယ်ရှိနေခဲ့တာနော်..."
"အင်းပေါ့... MDက ခေါင်းမာခဲ့လို့လေ။ မဟုတ်ရင် ရှေ့ထွက်လာတာကြာပေါ့..."
"မင်း တစ်ချိန်လုံး တို့အနားမှာ တိတ်တဆိတ်နေခဲ့ပေးရတာ မပင်ပန်းဘူးလား?"
"အင် ပင်ပန်းမလား.... ညဖက် ခင်ဗျားအိပ်သွားတိုင်း အ၀ လာလာ နမ်းနေရတဲ့ကိစ္စ..."
အိမ်ဖော်လေးတစ်ယောက်လို သိုသိုသိပ်သိပ်နေခဲ့ရတာကိုပင် မမှု၊ သူမအနားမှာနေခွင့်ရတာကိုပင် တစ်ကမ္ဘာကြီးထင်နေတဲ့ နှင်းဆီ။
ထိုနှင်းဆီကို သူမ သိပ်ချစ်ခဲ့တာ၊ သိပ်ချစ်မိတာ၊ သိပ်ချစ်နေတုန်းပဲဆိုတာ ဒီစက္ကန့်ပိုင်းမတိုင်ခင်တည်းက သိခဲ့ရတာလေ။
"နှင်းဆီ..."
"ရှင်.?"
"တို့ကို လိမ်ဦးမှာလား?"
"လိမ်ဖို့လိုနေသေးလို့လား... MD ကို နှင်းဆီ ပိုင်နေပြီပဲဟာ..."
"အရင်ကလည်း ပိုင်ခဲ့တာပဲလေ..."
"ဒါမဲ့ အဆင့်တန်းချင်းက ကွာခဲ့တယ်လေ..."
"ခုကရော..."
"နဲနဲတော့ ကွာနေသေးပေမယ့် ကျမ သိမ်ငယ်လောက်ရတဲ့ အဆင့်တန်းမဟုတ်တော့ဘူးလေ။ နောက်ပြီး မေမေလည်းမရှိတော့ဘူးလေ..."
"တို့တွေ နာကျင်ခဲ့ကြရတာနော်..."
"လာ... လာ ဖက်ထားမယ်... လာခဲ့..."
မျက်ရည်လေးဝေ့ချင်ချင်ဖြစ်လာတဲ့ သူမကို နှင်းဆီဟာ သူ့ရင်ခွင်ထဲထည့်ပြီး သိုင်းဖက်ကာ အားပေးရှာတယ်။
"လွမ်းတိုင်းလေ... MD ကို လာလာကြည့်ခဲ့တာ သိလား။ ဘာပဲဖြစ်ဖြစ် တမိုးအောက်ထဲ နေခွင့်ရလို့ ကျေနပ်ခဲ့၇တာ..."
"တို့လေ မင်းသေသွားပြီလို့ ထင်နေခဲ့တာ..."
"အပို... လိမ်နေတယ်ဆိုတာ သိသားနဲ့... လိမ်နေပါစေလို့လည်း ဆုတောင်းခဲ့ပြီးတော့..."
"လိမ်တာကို မုန်းခဲ့တဲ့ တို့က ဟုတ်တယ်နော်။ အဲဒိသေတဲ့ကိစ္စကိုလည်း လိမ်နေပါစေလို့ ဆုတောင်းခဲ့တာကြည့်ပါဦး..."
"အဲဒါ MDက ကျမကို အရမ်းချစ်လို့လေ..."
"နှင်းဆီ..."
"ရှင်..."
"တို့ကိုထပ်ပြီး မထားခဲ့ပါနဲ့တော့နော်..."
"နှင်းဆီကလေ MDကို ဘယ်တုန်းကမှ ထားမသွားခဲ့ဖူးဘူး။ မတတ်သာလို့ ခဏလေးထွက်သွားခဲ့တာပဲရှိခဲ့တာ။ တကယ်တော့ MDက ကျမရဲ့ ချည်တိုင်ပါပဲ။ ဘယ်လောက်ပဲ ဝေးဝေးပြေးပြေး။ အချိန်တန် ဒီချည်တိုင်ကိုပဲ ပြန်လာခဲ့ရတာလေ။ ကြည့်ပါလား တမလွန်ကနေတောင် ပြန်လာခဲ့ရတဲ့ကိစ္စ"
"အပို... သူတကယ် သေလည်း သေပဲနဲ့..."
"အာ့ဆိုသေလိုက်ရမလား?"
ခပ်ရဲရဲလေးကြည့်ကာမေးလာတဲ့ နှင်းဆီရဲ့ နှုတ်ခမ်းတွေကို သူမ လက်လေးနဲ့ လှမ်းပိတ်တယ်။
အဲဒီလက်တွေကို နှင်းဆီက ဖွဖွချင်းစုပ်နမ်းတယ်။
သိသိသာသာပျော်ဝင်မှုက အံ့သြဖို့တောင်ကောင်းတယ်။
မထိတွေ့တာကြာနေလို့လားမသိ... သူမရဲ့ တောင့်တမှုဟာ အရမ်းမြန်ဆန်လွန်းနေတယ်။
သိတယ်မို့လား... နှင်းဆီကလည်း သိပ်ကိုပါးနပ်လွန်းတယ်။
လက်ချောင်းထိပ်လေးတွေကို စုပ်နေရင်းက သူမရဲ့လည်တိုင်တွေကိုလာနမ်းတယ်။
မျက်လုံးချင်းဆိုင်ကြည့်နေရင်း အောက်နှုတ်ခမ်းကိုခပ်ပြင်းပြင်းလေးစုပ်ယူရင်း ကိုက်ပြစ်တယ်။
"ရှုတ်တယ်... ဖယ်စမ်း..."
နှင်းဆီက CCTV တွေကြည့်တဲ့ စားပွဲပေါ်က ကီးဘုတ်တွေ၊ Mouse တွေကို လက်အရှည်ကြီးနဲ့သိုင်းရင်း ခုံပေါ်ကနေ သပ်ချလိုက်တယ်။
"အင့်... သွားကြမယ်လေ... အိပ်ခန်းထဲတော့..."
"မရဘူး... ဒီမှာပဲ..."
သူမလေ တားပါသေးတယ်။ သိလား။ တကယ်တားတာ။
ဒါမဲ့ နှင်းဆီက နွားသိုးကြိုးပြတ်... တားမရ၊ ဆီးမရဆိုတော့...
အဲဒိခပ်မှောင်မှောင် CCTV အခန်းဟာ သူမတို့ရဲ့ ပြန်လည်ပေါင်းစည်းတဲ့ ပထမဆုံး အချစ်ပွဲကို အားရပါးရ နွှဲရတဲ့ အခန်းလေးဖြစ်လို့သွားတော့တယ်လေ။
----------------------------------------------------
ပြီးပါပြီ။
P.S - Extra ဆက်ရမလား...Yes လို့မန့်ခဲ့။ မန့်တာ (100) ပြည့်ရင် ဆက်မယ်။
----------------------------------------------------
![](https://img.wattpad.com/cover/357984217-288-k253816.jpg)
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။