Episode 4 (Z+U)

2.6K 180 16
                                    

(Zawgyi code)

ကော်ဖီကို စိမ်ပြေနပြေသောက်ကာ ဘ၀ရဲ့တိတ်ဆိတ်တဲ့အချိန်စက္ကန့်တစ်ချို့ကို တစ်ယောက်တည်း ခံစားနေခိုက် သူမနားထဲသို့ ပြေးဝင်လာတဲ့စကားတစ်ချို့။

"ဒါနဲ့ မြင့်... မင်းအိမ်ဝယ်လိုက်တယ်ဆို... ဗဟန်းဖက်မှာဝယ်လိုက်တာဆို..."

"အင်း။ ၀ယ်လိုက်တယ်လေ တင်တင်ရယ်။ Company မှာကိုယ့် Position က Chief Accountant ဆိုတော့ Company ကငွေတွေ နဲ့အိမ်ဝယ်လိုက်တယ်လေ။ လကုန်တော့သားပို့တဲ့ငွေကိုပြန်ဖြည့်လိုက်တော့ ဘာပြဿနာမှ မရှိတော့ဘူးပေါ့။ Company မှာကထုံးစံအတိုင်း တစ်လကြာမှ တစ်ခါ ငွေအ၀င်အထွက်စာရင်းစစ်တော့ စာရင်းမစစ်ခင်ရက်တွေမှာ ကိုယ့်ကိုယ် ရေးကိုယ်တာအတွက် ငွေကိုသုံးထားလိုက်ပြီး စာရင်းစစ်ခါနီး လကုန်မှ ငွေတွေကိုအချိန်မီပြန်ထည့်လိုက်တော့ ကိုယ့်အတွက် အဆင်ပြေနေတာပေါ့ကွာ..."

Chief Accountant ဆိုတဲ့ ရာထူးလိုလို၊ ဘာလိုလို စကားလုံးလေး။

အတော်စိတ်ဝင်စားစရာကောင်းလှပါလား။

ဘေးနားကပ်လျက်ဝိုင်းမှာ အာပေါင်အာရင်းသန်သန်နဲ့ပြောနေတဲ့ အမျိုးသမီးကြီး ၂ ယောက်ရဲ့စကားလုံးတွေထဲ သူမ စိတ်ဝင်စားမိတဲ့ စကားလုံး။

Company က ငွေတွေကို စိတ်ကြိုက်သုံးနိုင်တယ်ဆိုတဲ့စကားက သူမ သဘောအကျဆုံးစကား။

"ကောင်းတယ်မြင့်ရယ်။ မင်းလို Position ရဖို့ကလည်း မနည်းကြိုးစားရမှာလေ။ အဲ့ဒီနေရာရဖို့ကိုလည်း တော်တော်ကြိုးစား ရမှာမဟုတ်လား"

"အရင်တုန်းကတော့ ဟုတ်တယ်တင်တင်ရေ။ အခုက သင်တန်းတွေပေါ်လာတော့ Chief Accountant Position အတွက် သင်တန်း တက်ပြီးအလုပ်လျှောက်လို့ရပြီလေကွာ။ကိုယ်တို့Companyမှာလည်း အဲ့လိုမျိုးလာလျှောက်ကြတဲ့လူငယ်လေးတွေမှအများကြီးရယ်။ ငါရှိနေတော့ လာလျှောက်တဲ့လူတိုင်းကို MD က ငါ့Assistant ပဲခန့်ပေးလိုက်တာပေါ့။ သူတို့က သင်တန်းအောင်ပြီး လာလျှောက်တာလေ ကွာ။ ကိုယ်တို့လောက်တော့ ဘယ်အတွေ့အကြုံရှိပါ့မလဲ?"

"ဟုတ်တာပေါ့ မြင့်ရယ်၊ ကိုယ်ကတော့ အဲ့ဒီလိုတွေသိပ်မသိပါဘူးကွာ။ မင်းသိတဲ့အတိုင်းပဲလေ။ ကိုယ်က ကိုယ်နားလည်တဲ့ကျောက်တွေနဲ့
ပဲ အဆင်ပြေနေတာ။ အဲ့ဒီ့တော မင်းလုပ်နေတဲ့ Company အလုပ်တွေဘာတွေလည်း နားမလည်တော့ပါဘူးကွာ... "

"ကဲ... တင်တင်ရေ...သောက်ပြီးရင်လည်း သွားကြတာပေါ့... ကိုယ်က အလုပ်ပြန်ဝင်ရဦးမယ်ကွ..."

သောက်လက်စကော်ဖီကို အကုန်ဖြတ်ပြီးတာနဲ့ ထကာထွက်သွားတဲ့ ထိုအမျိုးသမီးကြီးနှစ်ယောက်ကို ငေးကြည့်မိနေရင်း အာရုံတွင်တော့ အတွေးတစ်ခုက ကြီးစိုးနေလေပြီလေ။

"Chief Accountant...... Chief Accountant... တယ်ကောင်းတဲ့ရာထူးပါလား?"

-------------------------------------------------------------

သူမရဲ့ အဆောင်အခန်းထဲမှ လေချွန်သံလေးတစ်ခု ခပ်လွင်လွင်လေး ထွက်ပေါ်နေတယ်။

စားပွဲပေါ်ကို ခြေထောက်နှစ်ချောင်းကို ပစ်တင်ထားရင်း စီးထားတဲ့ ဒေါက်ဖိနပ်လေးက နီရဲနေတယ်။

ခေါင်းကို ခုံနောက်ဖက်တွင် လှန်ကာ မှီထားလျက် လူက ငြိမ်သက်နေပေမယ့် စိတ်တွေက အလုပ်လုပ်နေတယ်။

စိတ်တွေ အလုပ်လုပ်နေမိတိုင်း နှုတ်က အဆက်မပြတ်လုပ်နေတတ်လေ့ရှိတဲ့ လေချွန်ခြင်းဟာ သူမရဲ့ အကျင့်တစ်ခု။

တစ်ခုခုကိုလိမ်လည်ဖို့ ကြံစည်လိုက်တိုင်း... ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုခုကို ပြတ်ပြတ်သားသားချခါနီးတိုင်း ဒီလို လေချွန်ရင်း စိတ်ကို အလုပ်ခိုင်းနေကျ။

တစ်ခါတစ်လေ အောင်ပွဲခံပြီးတိုင်းလည်း အဲ့လိုလေချွန်တတ်သလို ဘောလုံးပွဲလောင်းလို့ နိုင်လျှင်လည်း အဲ့လို လေချွန်တတ်သေးတယ်။

"စိတ်ဝင်စားစရာပဲ။ Chief Accountant ရာထူးတဲ့။ ဒါပေမဲ့ လောလောဆယ် ငါ့နာမည်က ဖူးငယ်။ ဖူးငယ်ဆိုတဲ့ နာမည်က သိပ်မမိုက်ဘူးကွာ။ စဉ်းစားစမ်း။ စဉ်းစားစမ်း"

နာမည်တစ်ခုကို ဦးနှောက်က စဉ်းစားနေတဲ့အချိန်တွင် သူမ နှုတ်ခမ်းဖျားကတော့ Richard Mary ၏ Right here waiting တေးသွားလေးကို စိတ်ပါလက်ပါ လေချွန်နေမိတယ်။

သို့သော် လေချွန်သံက တစ်ခဏကြာအပြီးတွင်တော့ ပြန်လည် တိတ်ဆိတ်သွားပြီး တပြိုင်နက် လက်ဖျောက်တီးသံ တစ်ချက် ထွက်ပေါ်လာတယ်လေ။

"ပန်းနှင်းဆီ..."

လက်ဖျောက်သံနဲ့အတူ သူမနှုတ်ဖျားက ထွက်ပေါ်လာတဲ့ နာမည်တစ်ခု။

ဟုတ်တယ်။

အဲဒီနာမည်ပဲ ဖြစ်ရမယ်။ အဲဒီနာမည်ပဲ ဖြစ်သင့်တယ်။

"Chief Accountant ဒေါ်ပန်းနှင်းဆီ။ ကျွတ်... မိုက်တယ်ကွာ။ ဒီစက္ကန့်ကစပြီး ငါက ပန်းနှင်းဆီဖြစ်သွားပြီ၊ ဟုတ်တယ်။ ပန်းနှင်းဆီ... ပန်းနှင်းဆီ..."

ကဲ... နာမည်ပေး ကင်ပွန်းတပ်ပြီးသွားပြီဆိုတော့... နောက်ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်များကို ဆက်လက်ရေးဆွဲရတော့မယ်လေ။

စားပွဲပေါ်မှာ ပစ်တင်ထားတဲ့ သူမ ခြေထောက် ၂ ဖက်ကို တစ်ဖက်နဲ့တစ်ဖက် ရိုက်ကာ ဆော့ကစားရင်း သူမ ဖုန်းကို လှမ်းယူလိုက်တယ်။

ပြီးတော့ သူမကို Chief Accountant ဒေါ်ပန်းနှင်းဆီဖြစ်သွားအောင် ဘယ်လိုလူမျိုးက ကူညီနိုင်မလဲ၊ ဘယ်လိုနည်းလမ်းကိုသုံးမှ အဲဒီရာထူးကို လွယ်လင့်တစ်ကူ ရနိုင်မလဲဆိုတာ အကြံထုတ်ရင်း သတင်းအစနလေးများ ရလိုရငှား ဖုန်းကိုပွတ်ရင်း သားကောင်လိုက်သလို သူမရဲ့ အမဲလိုက်ခြင်း စတင်လိုက်ရတယ်လေ။

--------------------------------------------------


"နင့်အမေက နင့်ကိုမွေးပြီး အရမ်းပေတေခဲ့လို့ အခုလို ရောဂါဖြစ်သွားတာ"

ရင်ခွင်ထဲတွင် ရှိနေသည့် အမေ့ကို မိငယ်ထွေးပွေ့ထားရင်း တံခါးဝတွင်ထိုင်ကာ အိမ်ကိုကျောခိုင်းထိုင်နေသည့် ဦးလေးဖိုးသူ စကားကို စိတ်ပျက် စွာ နားထောင်နေရပါသည်။

"ကဲပါ ဦးလေးဖိုးသူရယ်။ အဲ့ဒါတွေထားပါ။ အခု အမေ့အတွက် ဆေးဆရာသွားပင့်ပေးစမ်းပါ"

စိတ်ပျက်စွာ ဦးလေးကိုပြောတော့ ကျောခိုင်းထားသည့်မျက်နှာက သူမဖက်သို့လှည့်လာပါသည်။

"နင့်အမေကို ကျန်းမာစေချင်ရင် အဲ့ဒီဆေးဆရာနဲ့ ကုနေလို့ မပြီးဘူး မိငယ်"

"ဒါဆို ဘယ်ဆရာနဲ့ ကုရမှာလဲ?"

"မြို့တက်ပြီး အင်္ဂလိပ်ဆရာဝန်နဲ့ ပြရမှာပေါ့ ဟ"

"ဒါဆို တက်မယ်လေ။ သွားကြတာပေါ့။ ဦးလေးဖိုးသူ ၀ိုင်းကူပေး"

သူမ ချက်ချင်းပင် အမေ့ကို မြို့သို့သွားပြီးဆေးကုနိုင်ရန်အတွက် ပြင်ဆင်ရန် ထိုင်နေရာမှ အထ... ဖိုးသူက။

"နေဦး မိငယ်။ နင့်အမေကို ဒီအတိုင်း ဆေးကုလို့မရဘူး။ ဆေးကုရင် တကယ်လိုတာက ငွေ။ နင့်မှာငွေရှိလို့လား?"

"ရှိတယ်လေ။ ဘကြီးဘုန်းကြီးဆီမှာ မိငယ်ငွေစုထားတယ်။ အဲဒီငွေသွားယူမှာပေါ့"

မိငယ်တစ်ယောက် ရွာဦးဘုန်းကြီးကျောင်းက ဖွင့်ထားသည့် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ငါးတန်းကို အမှတ်ကောင်းစွာအောင်မြင် ခဲ့ပြီဖြစ်ပါသည်။

"နင့်ငွေက တစ်ပဲခြောက်ပြားနဲ့။ နင့်အမေကို ကယ်ဖို့နေနေသာသာ နင့်အမေ သေရင်တောင် မြေချဖို့ ငွေမလုံလောက်ဘူး"

ဖိုးသူစကားက သူမကို တဆတ်ဆတ်ခါ နာကျင်သွားစေပါ၏။

"ဦးဖိုးသူ။ စကားပြောရင် ထိန်းပြောပါ။ နောက်ပြီး အမေကလည်း ဦးဖိုးသူရဲ့ ညီမပဲ။ ကိုယ့်ညီမကို ဒီလိုပဲပြောရလား။ ဦးဖိုးသူမှာ ကိုယ်ချင်း စာစိတ်မရှိဘူးလား... မပြောနဲ့။ မိငယ်အမေကို သေမယ့်စကားမပြောနဲ့။ မိငယ် အမေ့ကိုရအောင်ကယ်မှာ"

"အေးလေ။ ညည်းကယ်မယ်ဆိုရင်... ဘယ်မှာလဲ ပိုက်ဆံ"

"ဒီလိုပဲ ရှာရမှာပေါ့"

"နေစမ်းပါဦး။ ညည်းက ပိုက်ဆံဘယ်လိုရှာမှာတုန်း။ အခုမှ ညည်းအသက်က ဆယ်နှစ်ကျော်ကျော်ပဲ ရှိသေးတဲ့ဥစ္စာ"

"အမယ်လေး... ဦးဖိုးသူရယ်။ လောကမှာ ငွေရှာနည်းတွေမှ တစ်ပုံကြီးပါ။ အေးအဲ့ဒီအထဲမှာ လောင်းကစားကိုရှောင်၊ လိမ်လည်တာကို ရှောင်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်ပြီး ငွေကြေးချမ်းသာတဲ့လူတွေမှ တစ်ပုံကြီးရယ်"

"ဒါပေမဲ့ သူတို့ဆီမှာက အရင်းနှီးရှိတယ်လေ မိငယ်။ အခု ညည်းမှာရော..."

"အရင်းနှီးရအောင်ကြိုးစားမှာပေါ့"

"ငါ့မှာတော့ နည်းလမ်းတစ်ခုရှိတယ် မိငယ်။ အဲ့ဒါက ညည်းအမေ ကျုပ်ဆီရောက်လာတုန်းက ပါလာတဲ့ နားကပ်နဲ့ လက်စွပ်ပဲ။ အဲဒီ့နှစ်ခုကို ထုခွဲရောင်းချပြီး ညည်းအရင်းနှီးလုပ်၊ ငွေရှာ။ ငွေရရင် ညည်းအမေကို ဆေးကု။ အေးဆေးပေါ့"

"ဒါပေမဲ့ အဲ့ဒီ လက်စွပ်နဲ့ နားကပ်ကို အမေက အထိခံတာမှ မဟုတ်တာ ဦးဖိုးသူရာ"

သူမ နည်းလမ်းသိပြီး လုပ်ခွင့်မရသည့်အတွက် စိတ်ပျက်စွာ ရေရွတ်လိုက်မိပါသည်။ အမေက လက်စွပ်နဲ့ နားကပ်ကို သူမ အတွက်ထားတာတဲ့။ သူမ အသက်ကြီးလျှင် ပေးဖို့ အမွေတဲ့။

ဒါပေမဲ့ သူမ အဲ့ဒီအမွေထက် အမေ့ကိုပိုပြီးမက်မောနေသည်ပဲ။ ဒါဆိုအဲ့ဒီလက်စွပ်နဲ့ နားကပ်ကို သူမ ထုခွဲရောင်းချသင့်ပါ၏။ အမေ့အသက်ကို ကယ်ဖို့ပဲ။

သူမ အမေ့စကားကိုတော့ ဒီတစ်ကြိမ်လောက် ဖယ်လိုက်သင့်ပါ၏။

"ဦးဖိုးသူ။ အဲ့ဒီလက်စွပ်နဲ့ နားကပ်ကို မိငယ် ဦးဖိုးသူကိုပေးမယ်။ ဒါပေမဲ့ ဦးဖိုးသူ အဲ့ဒီနှစ်ခုကို မြို့တက်ရောင်းပြီး ငွေတွေကို မိငယ်ကိုပြန် လာပေးနော်"

"ငါက လာမပေးပဲ နေမလားဟ"

အရင်အခေါက်တွေ စပါးရောင်းခိုင်းတုန်းကလည်း ဖိုးသူက ရလာတဲ့ငွေတွေကို ကြက်တိုက်၊ အရက်သောက်ပြီး အကုန်ဖြုန်းပစ်ခဲ့သည်ချည်းသာ။

"အရင်အခေါက်တွေက လုပ်တာ မိငယ်အပြစ်မဆိုပါဘူး ဦးဖိုးသူ။ ဒါပေမဲ့ ဒီတစ်ခါတော့ အဲ့လိုမလုပ်နဲ့နော်။ ဒါက အမေ့အသက်ကို ကယ်ဖို့ အရမ်းအရေးကြီးနေလို့ပါ...နော်။ သမီးဦးဖိုးးသူဆီက ကတိရမှ ဦးဖိုးသူကို ပစ္စည်းတွေ ပေးမယ်"

"အမယ်လေး။ အသက်က ဆယ်နှစ်မပြည့်သေးဘူး။ စကားကြီးစကားကျယ်တွေလာပြောမနေနဲ့။ ငါသွားမရောင်းလို့ နင်သွားရောင်းမလား? ပြောတော့ သူ့အမေအသက်က အရေးကြီးတယ်တဲ့"

ဦးဖိုးသူမဲ့ရွဲ့ကာပြောလိုက်တဲ့ စကားအဆုံး သူမ ဦးဖိုးသူကို နောက်ဆုံးအကြိမ်ယုံလိုက်ဖို့ ဆုံးဖြတ်လိုက်မိပါသည်။

ထို့နောက်တွင်တော့ သူမ သိလိုက်ရတဲ့အချက်တစ်ခုက လူ့လောကတွင် ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရဘူးဆိုတဲ့အဖြစ်ပဲဖြစ်သည်။

--------------------------------------------------

Chief Accountant Position ကိုလျှောက်ဖို့အတွက် သူမ သင်တန်းတစ်ခုကို တက်ကို တက်ရမယ်။

အဲဒီသင်တန်းတက်ဖို့ကလည်း ဘွဲ့ရတစ်ယောက်ဖြစ်မှတဲ့။

သင်တန်းတက်ပြီးတာနဲ့ စာမေးပွဲက ဖြေရဦးမယ်။ ပြီးမှ အဲဒီသင်တန်းက ပေးတဲ့ Certificate ပါမှ Company တွင် အလုပ်လျှောက်နိုင်မယ်။

အဆင့်တွေက အရမ်းများလွန်းတယ်။

ပိုဆိုးတာက အတန်းပညာမရှိတဲ့ သူမအဖို့က အဲဒီအဆင့်တွေကို ကျော်လွန်ဖို့ဆိုတာ ရိုးရိုးနဲ့တော့ အဆင်ပြေလောက်မယ် မထင်ဘူး။

ဒီတော့ ခါတိုင်းလိုပဲပေါ့။

သူမ သားကောင်ရှာရမယ်။

သူမကို ဘယ်လိုလူမျိုးက သူမလိုချင်နေတဲ့ အဲဒီ ရာထူးရဲ့ လက်မှတ်ကို ပေးနိုင်မှာလဲ?

ရှာဖွေလေ၊ တွေ့ရှိလေဆိုတဲ့ စကားက သိပ်မှန်တယ်။

သူမ ရှာဖွေရင်း ရှာဖွေရင်းနဲ့ နောက်ဆုံး ဦးကျော်မြင့်ဆိုတဲ့ လူတစ်ယောက်ကို အနံ့ခံလိုက်နိုင်တယ်။

ဦးကျော်မြင့်ဆိုတာ... စီးပွားရေးနဲ့ပတ်သတ်တဲ့ သင်တန်းတွေဖွင့်ပြီး ထိုက်သင့်သလောက် အောင်မြင်မှုတွေရနေတဲ့ Correct Group Training Centre က တာဝန်ရှိသူတစ်ယောက်။

ဦးကျော်မြင့်သာလျှင် သူမလိုချင်တဲ့ အလုပ်လျှောက်လက်မှတ်ကို ထုတ်ပေးနိုင်တယ်။

ဒါပေမဲ့ ကျမကတော့ အဲဒီလက်မှတ်လိုချင်တယ်၊ ကျမကိုပေးပါဆိုလို့ကတော့ ဦးကျော်မြင့်လိုလူက ပေးမှာတဲ့လား?

"ကျွန်တော်က ဒီကသင်တန်းတွေကိုကွတ်ကဲပေးတဲ့ ဆရာ ဦးကျော်မြင့်ပါ ခင်ဗျာ။ မိန်းကလေးကို ဘယ်လို ကူညီပေးရမလဲခင်ဗျ..."

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မက ပန်းနှင်းဆီပါရှင်။ ကျွန်မသိချင်တာကတော့ ဘယ်လိုသင်တန်းဆင်း လက်မှတ်မျိုးက ကုမ္ပဏီတစ်ခုရဲ့ Chief Accountant Position ကိုရနိုင်မလဲဆိုတာကိုပါ..."

"Chief Accountant ..."

ဦးကျော်မြင့်ပိုင်ဆိုင်ထားတဲ့ အကြည့်တွေက လူကို မတူသလို၊ မတန်သလိုအကြည့်မျိုး။

ဖြစ်ချင်တော့ အဲဒီအကြည့်မျိုးကိုပဲ သူမက သေလောက်အောင်မုန်းတီးတတ်တာ။

"မိန်းကလေးရဲ့... ပညာအရည်အချင်းကရော။ ကျောင်းပြီးပြီလား?"

"မပြီးသေးပါဘူး..."

မပြီးသေးပါဘူးဆိုတာ အဖြစ်လောက်သာ ပြောလိုက်ရတာ။

တကယ်တော့ သူမက ၇ တန်းတောင် အောင်ခဲ့တာမဟုတ်ဘူး။

ဒါကလည်း သူမ ညံ့လို့၊ စာမလိုက်နိုင်လို့တော့ မဟုတ်။

အကြောင်းကြောင်းကြောင့်တွေကြောင့်ပါ။

အင်္ဂလိပ်စာကို အရင်တည်းက စိတ်ဝင်စားခဲ့ရသူဆိုတော့ ရွာဦးဘုန်းကြီးကျောင်းက ဘုန်းကြီးသင်ပေးထားတဲ့ အခြေခံသာရှိတဲ့ စာကို လေ့လာပြီး ကျန်တဲ့စာတွေကိုတော့ ကိုယ်တိုင် သိချင်၊ တတ်ချင်စိတ်နဲ့ ကြိုးစားခဲ့ရသူ။

"ကျောင်းမပြီးသေးဘူး ဟုတ်လား? ဒါဆို...ဆယ်တန်းအောင်လက်မှတ်ရောရှိလား?"

"မရှိပါဘူး..."

"ဒါဆို မင်းဘယ်လိုလုပ် သင်တန်းတက်မလဲ။ စိတ်မကောင်းပါဘူး မိန်းကလေး။ ဒီလိုသင်တန်းမျိုးဆိုတာ အနည်းဆုံးတော့ ဘွဲ့တစ်ခုခုရထားတဲ့ လူတွေပဲ တက်ခွင့်ရှိတာပါ။ ဒါမှလည်း အလုပ်ဝင်ရင်ပိုပြီးအဆင်ပြေမှာပါ။ ဘွဲ့တွေထဲမှာတောင် စီးပွားရေးဘွဲ့တစ် ခုခုရထားမှ ပိုပြီးအဆင်ပြေတာပါ...အခုတော့ မင်းက ဆယ်တန်းတောင် မအောင်သေးပဲ ဒီသင်တန်းအောင်လက်မှတ်ကိုလိုချင်တယ်ဆိုတော့ သက်သက်ကြီး လာနှောက်သလိုဖြစ်မနေဘူး လား? နေစမ်းပါဦး... မင်းလိုအရည်ချင်းမျိုး၊ အတွေ့ကြုံမျိုးနဲ့ မင်းကို ဒီလိုသင်တန်းအောင်လက်မှတ်ကို သွားတက်လို့ ရတယ်ဆိုပြီး ဘယ်သူကများမြှောက်ပင့်ပြောလိုက်တာလဲ?"

ဦးကျော်မြင့်က သူမအကြောင်းကို သိပ်မသိရှာ။

အင်းပေါ့လေ။ မသိတာလည်း ကောင်းပါတယ်။

သူမ ဘာမှမတုန့်ပြန်တော့။

ဒါပေမဲ့ သေချာတာကတော့ သူမလိုချင်နေတဲ့ အောင်လက်မှတ်ကို ဦးကျော်မြင့်က ပေးကို ပေးရမှာပါ။

"Chief Accountantရာထူးကိုလျှောက်လို့ရနိုင်မယ့် ဒီသင်တန်းကပေးတဲ့ certificated ကိုကျွန်မရအောင်ယူမှာပါ။ နောက်ပြီး မှတ်ထား လိုက်ပါဦး။ ကျွန်မနာမည် ပန်းနှင်းဆီပါ။ အောင်လက်မှတ်မှာ ထည့်ရေးပေးဖို့ လိုလိုမယ်မယ် ပြောခဲ့လိုက်တာ။ ကဲ... အခုတော့ သွားလိုက်ပါဦးမယ်။ ဒါပေမဲ့ သင်တန်းဆင်းလက်မှတ်ကိုယူဖို့ နောက်ထပ် တစ်ခေါက်တော့ လာဖြစ်အောင် လာခဲ့မှာပါ... ကဲ... ခွင့်ပြုပါဦး..."

သူမရဲ့စကားလုံးတစ်ချို့ကို နားမလည်နိုင်စွာဖြင့် ဦးကျော်မြင့်နားထောင်ရင်း ကျန်ရစ်ခဲ့ရတယ်။

အစတည်းက သားကောင်ရှာမယ်ဆိုရင် အားနည်းချက်ရှိတဲ့၊ ချို့ယွင်းချက်ရှိတဲ့ လူမျိုးကိုပဲ ရှာရမယ်ဆိုတဲ့ စည်းမျဉ်းအတိုင်း ဦးကျော်မြင့်ကို သူမရှာဖွေခဲ့တာ။

ဦးကျော်မြင့်က စီးပွားရေးသင်တန်းလောကမှာသာ နာမည်ကောင်းရှိတာ၊ ဒါပေမယ့် သူ့မှာ ၀ှက်ဖဲတွေနဲ့။

အဲဒီဝှက်ဖဲတွေကတော့ တခြားမဟုတ်၊ ဦးကျော်မြင့်က ပညာတတ် ဆင်းရဲသား။

ဒါကို ဦးကျော်မြင့်မိန်းမသူဌေးသမီးနဲ့ညားပြီး သူဌေးသမီးရဲ့ ထောက်ပံ့ပေးမှုကြောင့် အခုလို အောင်မြင်လာတာ။

ဒါပေမဲ့ ဖြစ်ချင်တော့ သူဌေးသမီးက မိန်းမရောဂါနဲ့ ဆေးရုံနဲ့အိမ် ကူးလူးနေရတော့ ဦးကျော်မြင့်ကို လှည့်မကြည့်အား။

ဒါကို ဦးကျော်မြင့်က သူ့မိန်းမ မသိအောင် နောက်ကွယ်မှာ စော်လန်းလန်းလေးတွေနဲ့ ဇယားအသစ်တွေခင်းရင်း ပျော်ပါးနေတာ။

မိန်းမရှေ့ရောက်ရင်တော့ တကယ့် မခုတ်တတ်တဲ့ကြောင်။

ဒီသတင်းတွေကို သူမ လိုက်,လိုက်တာ တစ်ပတ်အတွင်းသိခဲ့ရတာဆိုတော့...

သူမသိထားတဲ့အတိုင်း ဦးကျော်မြင့် စော်နဲ့ ဟိုတယ်သွားတဲ့အချိန်ကိုစောင့်ပြီး ဓါတ်ပုံခိုးရိုက်နိုင်အောင်ကြိုးစားခဲ့တယ်။

ပြီးတော့ အဲဒီဓါတ်ပုံတွေကို သူမကိုယ်တိုင်ပဲ ဦးကျော်မြင့်ရဲ့ ရုံးခန်းဆီ ပို့ပေးလိုက်မိတယ်။

"မင်း... ငါ့အကြောင်းတွေလည်း သိတယ်။ နောက်ပြီး ဒီပုံတွေ... ဒီပုံတွေ မင်း ဘယ်ကရလာတာလဲ?"

သတ်ကွင်းထဲရောက်နေတဲ့ ဦးကျော်မြင့် မျက်လုံးက အသနားခံနေတဲ့ မျက်လုံး။ ဒါပေမဲ့ သူမကတော့ မုဆိုးပီပီ သနားလို့ ဘယ်ဖြစ်မလဲ?

"ကျွန်မကို အဲ့ဒါတွေမမေးနေပါနဲ့တော့ ဆရာရယ်။ အခု ဆရာမေးရမှာက ကျွန်မဘာ့ကြောင့် ဒီလိုလုပ်တာလဲဆိုတာကိုပဲ။ ကဲ... အဲ့ဒီတော့ ကျွန်မလည်း ရှည်ရှည်ဝေးဝေးမပြောချင်ဘူး။ Chief Accountant Position ရဲ့ certificated ကိုအခုလိုချင်ပါတယ်။ ဖြစ်နိုင်ပါတယ်နော်"

နိုင်ကွက်ကို ရထားပြီးသူပီပီ သူမသည်လိုချင်နေသည်များကို ဦးကျော်မြင့်ထံမှ အားမနာစတမ်းတောင်းလိုက်တော့ ဓါတ်ပုံများကိုကြည့်နေသော ဦးကျော်မြင့်ထံမှ စိတ်မောသက်ပြင်းချသံများ ထွက်ပေါ်လာပါတော့သည်။

"ဘယ့်နှယ့်ရှင်။ ရောဂါဖြစ်နေတဲ့ တရားဝင်မယားကြီးကို ဆေးရုံပေါ်မှပစ်ထားပြီး ဆရာကတော့... ကိုယ့်သမီးအရွယ်မိန်းကလေးတွေနဲ့ ဒီလို နေရာတွေ သွားနေတယ်ဆိုတာ ကောင်းသလား? တကယ်လို့ ဒီသတင်းသာ ဆရာအမျိုးသမီးဆီသော်၎င်း၊ ဆရာ့အသိုင်းဝိုင်းဆီသော်၎င်း"

သူမစကားကို တံ့လိုက်လေပြီ။ ပြီးတော့ နင်ဘာဆက်လုပ်မှာလဲဆိုတဲ့အကြည့်နဲ့ အဓိပ္ပါယ်ပါပါ ဦးကျောမြင့်ကို စိုက်ကြည့်လိုက်ပါ၏။

"ကောင်းပါပြီ ကလေးမရယ်။ မင်းလိုချင်တဲ့ Certificate ကို ပေး... ပေးပါ့မယ်။ ဒါပေမဲ့ ဒီသတင်းတော့ မပေါက်ကြားပါစေနဲ့နော်။ ဒါနဲ့ ကလေးမ နာမည်က ဘယ်သူ?"

"ပန်းနှင်းဆီ... ရှေ့က ဒေါ်ဆိုတာလေးပါ ထည့်လိုက်ပါ... လူရိုသေ ရှင်ရိုသေရှိအောင်... နော်..."

--------------------------------------------------

လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပြီးတဲ့နောက် အခုနောက်ဆုံး ဆုံးဖြတ်ရမှာက သူမ အလုပ်လျှောက်ရမယ့် ကုမ္ပဏီ။

ဒါက အရေးကြီးတယ်။

သူမက အလုပ်ကိုလည်း မကျွမ်းကျင်ဘူး၊ အလုပ်နဲ့ပတ်သတ်ပြီးလည်း ဘာမှမသိဘူး။

သူမရဲ့ ရည်ရွယ်ချက်က ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ကြည့်မယ်။

အလုပ်ရလာခဲ့ရင် သူမဆီရောက်လာမယ့် ကုမ္ပဏီရဲ့ တစ်လစာ ၀င်ငွေ။

တစ်လမပြည့်ခင် ငွေတွေကို အပိုင်ရအောင်ယူမယ်၊ ပြီးရင် ခြေရာဖျောက်မယ်။

ဒီတစ်လကုန်တာနဲ့ ပန်းနှင်းဆီဆိုတဲ့မိန်းမဟာ လူ့ဘ၀မှာ ရှိခဲ့ဖူးတယ်ဆိုတာကိုတောင် သိတဲ့လူ မရှိစေရတော့ဘူး။

ဒါပဲ။

ဒါက သူမရဲ့ရည်ရွယ်ချက် အကုန်ပဲ။

အခုနောက်ဆုံးအဆင့်အနေနဲ့ သူမ အလုပ်လျှောက်ရမယ့် ကုမ္ပဏီ။

ဘယ်လို ကုမ္ပဏီကို ဦးတည်ပြီး ပြစ်မှတ်ထားရမလဲ?

"ကျမက လူငယ်လူရွယ်လေးတွေကို အခုလို လက်တွဲခေါ်ယူလေ့ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဒေါ်မင်းထက်သာလွန်တို့လို လုပ်ငန်းရှင်တွေကို အရမ်းကျေးဇူးတင်ချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့လူငယ်လေးတွေဆို ကြိုးစားချင်ကြတယ်၊ ဒါပေမဲ့ မြေတောင်မြှောက်ပေးမယ့် လုပ်ငန်းရှင်က မရှိဘူး... ဒီတော့..."

သူမ အဆောင်ဧည့်ခန်းထဲမှာထိုင်ရင်း ရုတ်တရက်ကြားလိုက်ရတဲ့ အဆောင်ဧည့်ခန်းမှာ ဖွင့်ထားတဲ့ TV က လာနေတဲ့ အင်တာဗျူးတစ်ခု။

အဲဒီတင်တာဗျူးမှာ ပါလာတာက သိပ်ကိုစကားများလွန်းတဲ့ မိန်းမတစ်ယောက်ရယ်... နောက်ထပ်တစ်ယောက်က ဒေါ်မင်းထက်သာလွန်။

ရာသီဥထုခပ်အေးအေးမှာ ရေခဲချောင်းကို အားရပါးရ စုပ်စားနေရင်း TV ဖန်သားပြင်ပေါ်မှာမြင်တွေ့လိုက်ရတဲ့ ဒေါ်မင်းထက်သာလွန်ရဲ့ မျက်နှာလေး။

ရင်ဘတ်ထဲ ထွေထွေထူးထူးခံစားမိတာမျိုးတော့ မရှိပေမယ့် ဘာလို့ မလျှောက်ကြည့်ရမှာလဲဆိုတဲ့ စိန်ခေါ်စိတ်လေးတော့ ဖြစ်ပေါ်မိတယ်။

တစ်ခါလာလည်း တီဗွီထဲကတဆင့်မြင်ရတယ်၊ တစ်ခါလာလည်း ဂျာနယ်တွေ၊ ဖုန်း Screen တွေက တဆင့်မြင်ရတယ်။

ဒီမိန်းမ သိပ်ချမ်းသာတယ်ဆိုတာ သိခဲ့ပြီးသား။

အသာရည်လေးက ဖြူသန့်ပြီး အသက်ရွယ်နဲ့မလိုက်ဖက်လောက်အောင် နုနယ်နေလွန်းတယ်။

ဒီမိန်းမဆီမှာ ဘာလို့ အလုပ်မလျှောက်ကြည့်ရမှာလဲ?

ဒီမိန်းမနဲ့ အပြင်မှာ လူလူချင်းဘာလို့ မတွေ့ဖူးပဲနေရမှာလဲ?

အလုပ်လျှောက်ကြည့်ရင်း မရခဲ့တော့ရော ဘာနစ်နာသွားမှာမို့လို့လဲ?

တကယ်လို့ အလုပ်ရခဲ့ရင်ရော...?

အဲဒီအတွေးနဲ့ ရင်ထဲဒိန်းခနဲဖြစ်ရင်း ပြုံးမိတယ်။

အင်းပေါ့... သူ့ရဲ့ကုမ္ပဏီလို သိပ်ကို ခမ်းနားကြီးကျယ်တဲ့ နေရာကရော ဘာများထူးခြားပြီး မြင့်မြတ်နေလို့လဲ?

သူမသာ အလုပ်ရသွားခဲ့ရင် အနည်းဆုံးတော့ မင်းထက်သာလွန်နဲ့ တစ်ခါလောက်ဖြစ်ဖြစ် ဆုံဖူးသွားမှာပေါ့။
--------------------------------------------------

သူမရဲ့လက်ထောက် ဦးခန့်အောင် လာတင်ပေးသွားတဲ့ အလုပ်လျှောက်ဖောင်တွေကို ယူကြည့်မိရင်းက ဒုတိယအကြိမ် ပြန်တွေ့လိုက်ရတဲ့ မျက်နှာလေးတစ်ခု။

သူမလက်ထဲကို နှုတ်ခမ်းနီ အနီရဲရဲလေး လာထည့်ပေးသွားတဲ့ မိန်းကလေး။

လိမ်လည်မှုတွေနဲ့ ယဉ်ပါးနေတဲ့ မိန်းကလေး။

နှုတ်ခမ်းနီအနီရင့်ရင့်ကိုမှ ဆင်မြန်းတတ်တဲ့မိန်းကလေး။

ဒေါက်ဖိနပ်နီနီလေးကိုမှ စီလေ့ရှိတဲ့မိန်းကလေး။

အဲဒီမိန်းကလေးရဲ့ ဖောင်ကိုယူပြီး ဖတ်ကြည့်မိတယ်။

စာရွက်စာတမ်းတွေက အကုန်လုံး အစစ်တွေလား၊ အတုတွေလားဆိုတာ ခွဲခြားရခက်လှတယ်ဆိုတာ သူမ သတိထားမိတယ်။

သူမနာမည်က "ပန်းနှင်းဆီ"တဲ့။

ဒေါ်ပန်းနှင်းဆီ။

နာမည်လေးနဲ့ လူလေးနဲ့ လိုက်ဖက်လှတယ်လို့ စိတ်ထဲ ကောက်ချက်ချမိတယ်။

ဒါပေမဲ့ သေချာတာက ပန်းနှင်းဆီဆိုတဲ့ မိန်းကလေးဟာ လူလိမ်တစ်ယောက်။

လူလိမ်တစ်ယောက်ကို ကိုယ်ပိုင်တဲ့ ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ဆိုတာ ဘယ်အလုပ်ရှင်ကမှ လုပ်မှာမဟုတ်။

ဒေါ်မင်းထက်သာလွန်ကလည်း ဒီကုမ္ပဏီရဲ့ပိုင်ရှင်ပါပဲ။

ပန်းနှင်းဆီရဲ့ အလုပ်လျှောက်ဖောင်ကို အမှိုက်ပုံးထဲ လုံးခြေပြီး ထည့်ပြစ်လိုက်သင့်တာကို သိသိရက်နဲ့ တခြားအလုပ်လျှောက်ထားတဲ့ လူတွေကိုတောင် ဂရုမစိုက်နိုင်တော့ပဲ သူမရဲ့ အလုပ်လျှောက်ဖိုင်ကို သေချာရွေးပြီး သူမရဲ့ အရေးကြီးတဲ့အလုပ်ဖိုင်တွေ သိမ်းလေ့ရှိတဲ့ အံဆွဲထဲသလို ထည့်သွင်း သိမ်းဆည်းမိသွားတယ်။

ပန်းနှင်းဆီဟာ ဒေါ်မင်းထက်သာလွန်အတွက် စွန့်စားစရာ သတ်ကွင်းတစ်ခုလား... ဒါမှမဟုတ်...

--------------------------------------------------
ဆက်ရန်......

--------------------------------------------------

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now