(Zawgyi code)
သူမကို နှင်းဆီ အရာရာ ၀န်ခံလိုက်ချင်ပြီသိလား?
ဒါပေမဲ့လေ ဒေါ်မိုးသက်ကိစ္စကြီးက လူတစ်ယောက်လုံးအသက်ကို စိုးရိမ်စရာကိစ္စကြီးဆိုတော့ နှင်းဆီဝန်ခံဖို့ မရဲဘူး။
ချက်ချင်းကြီး မောင်းထုတ်လိုက်ရင် ဘယ်နှယ့်လုပ်မလဲဟင်?
မောင်းထုတ်ခံရမှာထက် အရမ်းကို ရွံပြီး မုန်းတီးသွားရင် ခက်ပြီလေ။
အဲဒီမှာ လိမ်လည်ရမယ့်ငွေကြေးတွေဆုံးရှုံးရမှာထက် သူမရဲ့ မုန်းတီးရွံရှာသွားမှုကို နှင်းဆီ ပိုကြောက်နေမိတာ။
စိတ်က လွန်ဆွဲနေပေမယ့် သေချာတာတော့ နှင်းဆီ သူမကို ၀န်မခံရဲပါ။
အခုဆို နှင်းဆီ အဆောင်ကိုပြန်ရောက်ပြီး အဆောင်ခန်းတံခါးပိတ်ပြီး တစ်ယောက်တည်းထိုင်နေရင်း သူမကို သတိရတာထက်ပိုအောင်ကို လွမ်းနေမိတာ။
နောက်တစ်နေ့ကို မြန်မြန်လေး ရောက်ချင်နေမိတာ။
ဆိုးတယ်နော်... မဖြစ်သင့်တာကြီးရယ်။
နှင်းဆီရဲ့ ခံစားချက်ကို သူမ သိသွားသည့်တိုင်အောင် တုန့်ပြန်မှုဆိုတာ မရနိုင်ဘူး။
ဒါဟာ သေချာလွန်းလှပါတယ်။
ဟူးးးးး
ဆိုးလိုက်တဲ့ဘ၀...
အဆင့်တန်းကလည်း ကွာခြားလွန်းသေးတယ်။
သူမစိတ်ကူးထဲ နှင်းဆီ နေရာရနိုင်မယ် မထင်ရဲပါဘူးကွယ်။
---------------------------------------------------
သံသယမ၀င်ရက်ဘူး။
ဒဲ့မေးဖို့လည်း မ၀ံ့ဘူး။
အလုပ်ချိန်ဆို ပန်းနှင်းဆီကို သူမကြည့်မိလိုက်သည့်အချိန်တိုင်း စာရင်းတစ်ခုခုကို သဲကြီးမဲကြီးလုပ်ရင်း အလုပ်ရှုတ်နေတတ်တယ်။
နေ့လည် Tea-Time ချိန်ဆိုလည်း သူများတွေလို ကော်ရစ်တာတွင်ထွက်ထိုင်တာမျိုး၊ ဟိုဖက်ဒီဖက် ကူးကမ်းပြီး စကားပြောတာမျိုး၊ သီချင်းနားထောင်တာမျိုး ဘာဆိုဘာမှ မရှိ။
တခြားဝန်ထမ်းများနဲ့ စကားစမြည်ပြောခြင်းလည်းမရှိ။
နားချိန်ဆို အဲဒီ စာရင်းကိုင်အခန်းထဲမှာပဲ လေတချွန်ချွန်နဲ့ တစ်ယောက်တည်းနေတတ်တယ်။
သူမ ဘာတွေအလုပ်ရှုတ်နေတာလဲ?
နောက်ပြီး နှင်းဆီဟာ သူမရဲ့ အကြည့်တွေကို သတိထားမိလောက်မှာပါ။
အလုပ်ရှင်က မျက်နှာသာပေးတယ်ဆိုပြီး နှင်းဆီဖက်က တစ်စက်လေးမျှ အခွင့်ရေးမယူခဲ့။
အလုပ်ကို အချိန်မှန် လာတတ်ပြီး သူမနဲ့ အကြည့်ချင်းမဆုံအောင် သတိထားနေတတ်တဲ့ ပန်းနှင်းဆီရဲ့ ကိုယ်ကျင့်တရားကို သူမ လေးစားနေမိပြန်တယ်။
ဒါဆို မင်းက ဘာလဲ ပန်းနှင်းဆီ? မင်းက ဘာလဲ?
သူမရဲ့ ရုံးခန်းနဲ့ ပန်းနှင်းဆီရှိနေတဲ့ ရုံးခန်းက ဓါးလွယ်ခုတ်ပုံစံ။
သူမအခန်းထဲကထွက်ပြီး ကော်ရစ်တာတစ်ကွေ့လျှောက်လိုက်ရင် ပန်းနှင်းဆီရှိနေတဲ့အခန်းဆီရောက်ပြီ။
အရင်ကဆို သူမ ရုံးကိုရောက်ရင် တော်ရုံအပြင်ပြန်ထွက်လေ့မရှိဘူး။
အလုပ်ကိစ္စကလည်း ရုံးခန်းထဲမှာပဲ အစဆုံးလုပ်လို့ရနေတာဆိုတော့။
Meeting လုပ်မှသာ Meeting ခန်းထဲသွားဖို့ ရုံးခန်းထဲက ထွက်တတ်တာ။
အဲဒီတော့ အခု သူမ ပန်းနှင်းဆီရဲ့အခန်းဆီသွားချင်နေရင်လည်း အောင့်အင်းနေရတယ်။
ဝန်ထမ်းတွေ တစ်မျိုးမြင်ရင် မကောင်းဘူးလေ။
ဒါပေမဲ့ မနက်တည်းက ပန်းနှင်းဆီရဲ့မျက်နှာကို မမြင်ရသေး။ လေချွန်သံကိုတော့ ကြားနေခဲ့ရတယ်။
နေလည်ပိုင်းလောက်ရောက်တော့ ဘယ်လိုမှ မမျိုသိပ်နိုင်တဲ့အဆုံး ပန်းနှင်းဆီရှိနေတဲ့ စာရင်းကိုင်အခန်းဝဆီ ရောက်ခဲ့ရတယ်လေ။
"ဒေါက်... ဒေါက်...ဒေါက်..."
ထိုင်ခုံပေါ် ခေါင်းမှီရင်း ခြေထောက်နှစ်ဖက်ကို ရှေ့က စားပွဲခုံပေါ် ဒေါက်ဖိနပ်စီးလျက် ပစ်တင်ထားတဲ့ ပန်းနှင်းဆီက လှည့်ကြည့်လာပြီး သူမကိုလည်းမြင်ရော ချက်ချင်းလေး ထ,လာကာ အခန်းတံခါးကို ဖွင့်ပေးတယ်။
"ဘာကိစ္စရှိလို့လဲ MD..."
"ဘာကိစ္စမှမရှိပါဘူး..."
ကိုယ့်အကြောင်းနဲ့ကိုယ် ဘာကို စိုးရိမ်ပူပင်နေမှန်း သူမ မသိ။
"အလုပ်လုပ်နေချိန်ကြီးရောက်လာလို့ နှင်းဆီ တို့ကြောင့်အနှောင့်အယှက်ဖြစ်သွားလား?"
"နဲနဲတော့ဖြစ်သွားတယ် MD"
ပွင့်လင်းစွာပြောလိုက်တဲ့ နှင်းဆီစကားကြောင့် သူမ ပြုံးဖြစ်ရင်း ဒေါ်မိုးသက်ထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံတွင် ၀င်ထိုင်လိုက်မိတယ်။
"နှင်းဆီက မလိမ်တတ်ဘူးနဲ့တူတယ်။ ပွင့်ပွင့်လင်းလင်းပြောတတ်တယ်နော်"
"Sorry MD။ နှင်းဆီစိတ်ထဲရှိတာတွေကို ပြောလိုက်မိတယ်"
မပွင့်လင်းပါဘူး မင်းထက်သာလွန်။ အရမ်းကိုရှုတ်ထွေးလိမ်ကောက်တာပါ။
ပွင့်လင်းခွင့်ရတဲ့ ကိစ္စတချို့မှာတော့ နှင်းဆီ ပွင့်လင်းချင်လို့ပါ။
"နှင်းဆီက ဘောလုံးပွဲဝါသနာပါလို့လား?"
နှင်းဆီ စားပွဲပေါ်တွင်ရှိနေတဲ့ စာရွက်ဖိတဲ့ အလေးက သူများတွေလို ဖန်တုံးတွေ၊ အလှအရုပ်လေးတွေမဟုတ်ပဲ ဘေလုံးပုံလေးဖြစ်နေလို့ သူမမေးလိုက်တော့ နှင်းဆီက ခေါင်းညိတ်ရင်း ဖြေတယ်။
"ဟုတ်ကဲ့... အားကစားတွေထဲမှာဆို နှင်းဆီက ဘောလုံးကို ၀ါသနာပါတယ်လေ"
ဘာလို့မှန်းတော့ မသိ။ နှင်းဆီရော... သူမပါ အချင်းချင်းစကားတွေပြောနေရတဲ့အတွက် ကျေနပ်နေမိကြတယ်။
"တယ်ဟုတ်ပါလား?"
သူမက ချီးကျူးသလိုပြောတော့ နှင်းဆီ ဟန်ပါပါ ပခုံးတွန့်လိုက်တယ်။
နှင်းဆီရဲ့ အမူရာတိုင်းက ဘာလို့ သူမ့မျက်လုံးထဲ ကြည့်လို့ကောင်းနေမှန်း မသိ။
"ဒါနဲ့...MD အခုဆွတ်လာတဲ့ရေမွှေးက Charlie မဟုတ်လား?"
"မဟုတ်ပါဘူး။ ဘာလဲ ဒီအနံ့ကို နှင်းဆီက မကြိုက်လို့လား?"
"နှင်းဆီက ဘယ်အနံ့ကိုမဆို ကြိုက်ပါတယ်MD။ ဟိုအနံ့မုန်းတာတို့ ဒီအနံ့မုန်းတာတို့ဆိုရင် ကိုယ့်မှာအားနည်းချက် ဖြစ်သွားမှာပေါ့။ အဲ့ဒါကြောင့် ကိုယ်မကြိုက်တဲ့ အနံ့ကိုလည်း ခံနိုင်အောင်လေ့ကျင့်ထားတယ်..."
လွှတ်ခနဲ ပြောလိုက်တဲ့ နှင်းဆီစကားကြောင့် သူမ့ရင်ထဲရှိနေတဲ့ စိုးရီမ်မှုက ပိုလိုကြီးမားလာခဲ့ပြီ။
အဲဒီ စိုးရိမ်မှုက ရင်ထဲမှတဆင့် တကိုယ်လုံးရှိသွေးကြောများဆီသို့ ပြန့်နှံ့သွားတဲ့တခဏ သူမ့ မျက်ဝန်းတွေ ငေးငိုင်ကုန်တယ်။
ဒါပေမဲ့လည်း ဒေါ်မိုးရိပ်မူးလဲတဲ့ ကိစ္စနဲ့ နှင်းဆီနဲ့ လုံးဝ မပတ်သတ်ပါစေနဲ့လို့ စိတ်ထဲ အကြိမ်ကြိမ် ဆုတောင်းနေမိသေးတယ်။
"MDကော်ဖီသောက်မလား? နှင်းဆီဖျော်ပေးမယ်လေ"
"မသောက်တော့ဘူး။ ကော်ဖီချိန်လည်း လည်းကုန်တော့မယ်လေ။ တို့ ရုံးခန်းပြန်တော့မယ်"
ပြန်တော့မယ်ပြောရင်း မတ်တပ်ထ,ရပ်တဲ့ သူမ၊ တံခါးဖွင့်ပေးဖို့ ဆတ်ခနဲ မတ်တပ်ရပ်လိုက်တဲ့ နှင်းဆီ။
နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ရင်းက ထ,ရပ်လိုက်မိကြတာဆိုတော့ မထင်မှတ်ပဲ ခန္ဓာကိုယ်ချင်း နီးကပ်သွားရတယ်။
အဲဒီအချိန်... သူမ ရင်ခုန်သံတွေကို ဘယ်လို ချုပ်ထိန်းမထားနိုင်ခဲ့။
တဒိန်းဒိန်းမြည်နေတဲ့ ရင်ခုံသံတွေဟာ ကျယ်လောင်လွန်းလို့ နှင်းဆီတောင် ကြားနေပြီလား ထင်ရတယ်။
နှင်းဆီလည်း နောက်တွန့်သွားတာမျိုး၊ မျက်နှာလွှဲပစ်လိုက်တာမျိုးမလုပ်ပဲ သူမကို စိုက်ကြည့်နေတယ်။
သူမနဲ့ယှဉ်ရင် နှင်းဆီက အရပ်ပိုရှည်တယ်ဆိုတော့ သူမဟာ နှင်းဆီမျက်ဝန်းတွေကို မော့လို့ကြည့်နေရတယ်လေ။
နှင်းဆီ ဒေါက်ဖိနပ် စီးထားလို့လည်းဖြစ်ချင်ဖြစ်မှာပေါ့။
ငုံ့ကြည့်နေရင်း နှင်းဆီဟာ သိသိသာသာမျက်ဝန်းအိမ်က စိုစွတ်လာတယ်။
နှုတ်ခမ်းဖျားတွေ တုန်ရင်လာတယ်။
နှင်းဆီတစ်ခုခုကို ချုပ်ထိန်းနေတယ်ဆိုတာ ပေါ်လွင်လွန်းလှပေမယ့် သူမ နားမလည်နိုင်ခဲ့။
အဖျားတွေတဆတ်ဆတ်တုန်နေတဲ့ နှင်းဆီရဲ့ လက်ချောင်းလေးတွေဟာ သူမရဲ့ မေးစေ့ဆီသို့ ချဉ်းကပ်လာတယ်။
အိုး... နှင်းဆီရဲ့ လက်ဖျားလေးတွေ အေးစက်လို့နေပါပေါ့လား။
မေးစေ့ကို ဆွဲကိုင်ယူရင်း နှင်းဆီဟာ သူမရဲ့ နဖူးဆီသို့ တိုးကပ်လာပြီး နှင်းဆီရဲ့ နဖူးနဲ့ ထိတိုက်ရင်း ငြိမ်သက်လိုက်တယ်။
တဆက်တည်း မျက်လုံးမှိတ်ချလိုက်တဲ့အခါ နှင်းဆီရဲ့ မျက်ရည်ပူတချို့ သူမ ပါးပြင်ပေါ်သို့ ခုန်ဆင်းလာရတယ်။
"ဘာလို့ ငိုနေတာလဲ နှင်းဆီ..."
"ရှူးးးး... ခဏလေး... ခဏလေးပါပဲ။ ဒီတိုင်းလေး ခဏလေး ရပ်နေကြရအောင်နော်... နော် MD... ပြီးမှ နှင်းဆီကို အလုပ်ဖြုတ်ချင်လည်း ဖြုတ်လိုက်ပေါ့... အခုတော့ ဒီတိုင်းလေးပဲ..."
နှင်းဆီရဲ့ ဆတ်ဆတ်ခါတုန်ရင်နေတဲ့ လက်ချောင်းလေးတွေဟာ သူမရဲ့မေးစေ့မှ ပျောက်ရှသွားပြီးနောက် သိသိသာသာ သူမရဲ့ ကျောလယ်ဆီသို့ သိုင်းဖက်လာတယ်။
သူမ အံ့သြလွန်းတာလား၊ ကျေနပ်တာလားမသိ။
ဒါပေမဲ့ ငြိမ်သက်နေမိတာ အသက်တောင် မရှူဝံ့။
နှင်းဆီဟာ သိသိသာသာပဲ သူမကို တင်းကြပ်စွာ သိုင်းဖက်လာတယ်။
တင်းကြပ်မှုက စက္ကန့်တစ်ခုရွှေ့လျားသွားတိုင်း ပိုပိုခိုင်မာလာတယ်လေ။
သူမ အသက်ရှူတောင် ရပ်မတတ်ဖြစ်လာခဲ့ရတဲ့အထိပေါ့။
"MD..."
"ရှင်?"
"နှင်းဆီမှာ လျှို့ဝှက်ချက်တွေရှိတယ်... အဲဒါတွေကို MD သိချင်လား?"
နှင်းဆီသိုင်းဖက်ထားတုန်းက ယောင်ယမ်းပြီး ပိတ်ထားမိတဲ့ သူမ မျက်ဝန်းတွေ ဆတ်ခနဲ ပွင့်သွားပြီးနောက် သူမ ကြောက်လန့်စွာဖြင့် နှင်းဆီကို တွန်းဖယ်လိုက်မိတယ်။
"ဖယ်ပါ... တို့တွေကို ဒီလိုပုံစံ တခြားဝန်ထမ်းမြင်ရင် မကောင်းဘူး... ဖယ်လိုက်ပါ..."
တကယ်တော့ သူမဟာ နှင်းဆီထံမှ ၀န်ခံမှုတစ်ခုခုကို တောင့်တနေခဲ့တယ်လို့ ကိုယ့်ကိုယ်ကို ထင်နေခဲ့တာ။
ဒါပေမဲ့ နှင်းဆီတကယ်တမ်းဝန်ခံဖို့လုပ်တဲ့အခါမှာတော့ သူမ ဘယ်လိုမှ ရင်မဆိုင်ရဲ။
အမှန်ကိုသိပြီး လက်လွှတ်ဆုံးရှုံးရမှာကိုကြောက်တာလား... ဒါမှမဟုတ် သူမ ဘာကိုကြောက်တာလဲ?
ကိုယ်တိုင်လည်း မဝေခွဲနိုင်။
နှင်းဆီနဲ့ပတ်သတ်လာပြီဆို တွေဝေမှုနဲ့ လုပ်သင့်တာတွေက ခေါင်းထဲမှာ အမြဲလိုလို လွန်ဆွဲနေတယ်။
ဒါဟာ သိပ်ကိုပင်ပန်းလှပါတယ်။
ဒါပေမဲ့ အဲဒီပင်ပန်းမှုကို နှင်းဆီမှ သိပါလေစ။
သူမကရော... ဘာလို့ အဲ့လောက်တောင် ပျော့ညံ့သွားတာလဲ?
သူမတွန်းဖယ်လိုက်တော့ နှင်းဆီဟာ လက်တွေကို ကျယ်ပျံ့စွာဖြင့် ဖွင့်ပေးလိုက်တယ်။
ပြီးတော့ သူမကို ကြည်ပြာရီဝေတဲ့အကြည့်တွေနဲ့ ငေးကြည့်လာတယ်။
"MD သိချင်နေခဲ့တာ မဟုတ်လား?"
"ကော်ဖီနားချိန်ကုန်နေပြီ နှင်းဆီ... တို့ ရုံးခန်းထဲမှာ အလုပ်ရှိတယ်..."
ပြောပြီး လှည့်ထွက်ဖို့လုပ်လိုက်တဲ့ သူမရဲ့ လက်ကောက်ဝတ်ဆီ ရုတ်တရက်ရောက်လာတဲ့ အေးစက်မှု။
ငုံ့ကြည့်လိုက်တော့ လှည့်ထွက်မယ့် သူမကို လှမ်းကာ ဖမ်းဆုတ်ထားတဲ့ နှင်းဆီရဲ့ လက်တစ်ဖက်။
"နှင်းဆီ..."
"MD...နှင်းဆီကို သိက္ခာမဲ့တယ်ပဲပြောပြော... အောက်တန်းကျတယ်ပဲဆိုဆို... ကြိုက်တာပြော၊ ကြိုက်သလိုလုပ်... နှင်းဆီ ခံမယ်သိလား... ဒါပေမဲ့ အခုတော့ MD ကို အနည်းဆုံး တစ်ခါလောက်ဖြစ်ဖြစ် နှင်းဆီ နမ်းမယ်နော်..."
ခွင့်တောင်းမှုလား၊ အသိပေးမှုလား သူမ မဝေခွဲနိုင်ခင်မှာပဲ သူမရဲ့ နှုတ်ခမ်းဆီ အေးစက်၊ ရွှမ်းစိုနေတဲ့ အထိတွေ့တစ်ချို့ ပြေးရောက်လာခဲ့ပြီ။
မျက်လုံးတွေပြူးနေမိလို့ သူမရှေ့ ကော့နေတဲ့မျက်တောင်ကြီးများကို မှီတ်ထားတဲ့ နှင်းဆီမျက်နှာလေးကို အနီးကပ်မြင်လိုက်ရတယ်။
နှင်းဆီဟာ သူမရဲ့ နှုတ်ခမ်းတွေကို မက်မက်မောမော၊ တရှိုက်မက်မက်နဲ့ နမ်းစုပ်နေပြီ။
ပြန်တွန်းထုတ်ရမယ်ဆိုတဲ့ အသိက ဦးနှောက်ထဲရောက်လာပေမယ့် သူမ မျက်လုံးတွေမှေးစင်းသွားရင်း ငြိမ်သက်လိုက်မိတယ်။
သေချာတာတော့ သူမ နှင်းဆီရဲ့ အနမ်းချိုချိုတွေကို မက်မောမိပေမယ့် တုန့်ပြန်ဖို့ ခွန်အား မရှိခဲ့။
နှင်းဆီဟာ တစ်ချက်လေး နက်ရှိုင်းစွာ နမ်းရှိုက်ပြီးတဲ့အခါ သူမနဲ့ နဖူးချင်းထိရင်း ဆတ်ခနဲ ပြုံးချလိုက်တယ်။
အယ်... နှင်းဆီမှာ ပါးချိုင့်လေးတွေလည်းရှိနေပါလား။
အဲဒီအပြုံးဟာ ကျေနပ်မှု၊ နှစ်သက်မှု၊ နောက်ပြီး တင်းတိမ်သွားမှုတွေ နစ်မျောနေတယ်။
"ရပြီ MD... အလုပ်ထုတ်မယ်ဆိုလည်း အဆင်သင့်ဖြစ်ပြီ"
"အဲဒါဆို ဖယ်တော့လေ..."
"ဟုတ်ကဲ့..."
နှင်းဆီဟာ လိုချင်တာရသွားတဲ့ ကလေးသူငယ်မျက်ဝန်းလေးတွေနဲ့ သူမကို ငေးစိုက်ကြည့်ရင်း နောက်သို့ တစ်လှမ်းဆုတ်လိုက်တယ်။
ပြီးမှ အခန်းတံခါးကို သွားဖွင့်ပေးပြီး သူမကို လှည့်ကြည့်တယ်။
သူမလည်း ထူပူရှက်ဖိန်းနေရင်း နှင်းဆီနဲ့အကြည့်ချင်းရှောင်ကာ ထိုအခန်းထဲက ထွက်လာခဲ့လိုက်တယ်။
သေချာပါတယ်။
သေမတတ် စောက်ရမ်းတွေခုန်ပေါက်နေတဲ့ သူမရင်ခုန်သံတွေကို နှင်းဆီ ကြားသွားမှာပါ။
မကြားပဲ နေမလား။
ဒီလောက်တောင် ပူးကပ်အောင် နှင်းဆီက သူမကို ဖက်ပစ်ခဲ့တာကို။
---------------------------------------------------
စင်္ကာပူအခြေစိုက်ကုမ္ပဏီမှ တာဝန်ရှိသူမတစ်ယောက် မြန်မာနိုင်ငံကို ရောက်လာမယ်လို့ ဒီနေ့ နေ့လည်က Fax ၀င်လာတယ်။
လာမယ့်ဧည့်သည်က သူမ့တို့ Company အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်။
ဒီတော့ သူမကိုယ်တိုင် သွားကြိုရန် ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ဧည့်သည်ကို ဒီအတိုင်းကြိုလို့တော့ မသင့်တော်။
ကြိုဆိုလက်ဆောင်တစ်ခုခုပါမှ အဆင်ပြေမယ်ဆိုတာသိလို့ ရာထူးနဲ့ ဘာမှမဆိုင်တဲ့ "နှင်းဆီကို ခေါ်ပေးပါ"လို့ သူမပြောလိုက်လို့ ဦးခန့်အောင်ပင် သူမရဲ့ စေခိုင်းမှုကို နားမလည်ဖြစ်ရင်း လှည့်ကြည့်လာသေးတာ။
တကယ်တော့ ဧည့်သည်ကြိုရမည့်ကိစ္စ၊ လက်ဆောင်ဝယ်ရမည့်ကိစ္စက ခါတိုင်း ဦးခန့်အောင်လုပ်နေကျ။
အခန်းထဲရောက်လာတဲ့နှင်းဆီဟာ ခါတိုင်းနေ့တွေလိုပဲ ပန်းဆီရောင် နှုတ်ခမ်းနီ အနီရဲနဲ့ ဒေါက်ဖိနပ်နီနီလေးနဲ့။
"တို့ နေ့လည် လေဆိပ်သွားဖို့ရှိတယ်။ အဲဒါ နှင်းဆီလိုက်ခဲ့ရမယ်။ လုပ်လက်စအလုပ်တွေ လက်စသတ်ထားလိုက်ပါ"
"ဟုတ်ကဲ့ MD"
နှင်းဆီဟာ အရင်တစ်ရက်က သူမကို ကြပ်နေအောင်သိုင်းဖက်ပြီး နမ်းခဲ့တဲ့ အမျိုးသမီးလေး မဟုတ်တော့သလိုပဲ အရမ်းကို ရိုသေပြနေတယ်။
သူမလည်း ဘေးနားမှာ ဦးခန့်အောင်က ရှိနေတယ်ဆိုတော့ နှင်းဆီကိုတောင် လှည့်မကြည့်ဖြစ်ခဲ့။
ခပ်တည်တည်လေးပဲ တခြားဝန်ထမ်းတွေကို ဆက်ဆံသလို နှင်းဆီကို ဆက်ဆံခဲ့မိတာ။
ဒီလိုနဲ့ နေ့လည်ရောက်တော့ သူမကိုလိုက်ပို့မယ့် ဒရိုင်ဘာအဆင်သင့်ပြင်ထားတဲ့ ကားနောက်ခန်းဆီ သူမ ရောက်တော့ ဒရိုင်ဘာဘေး၊ ကားရှေ့ခန်းမှာ နှင်းဆီက ရောက်နှင့်နေပြီ။
နှင်းဆီနဲ့အတူ နှစ်ယောက်တည်းသီးသန့်အချိန်တစ်ခုကို ဖန်တီးချင်တာနဲ့ပဲ တခြားအရေးကြီးကိစ္စတွေကိုချထားပစ်ခဲ့ပြီး နှင်းဆီနဲ့အတူ ဧည့်ကြိုဖို့ထွက်ခဲ့မိတာ သူမ ကိုယ့်ကိုယ်ကိုတော့ ကောင်းကောင်းရိပ်မိပါတယ်။
နောက်ခန်းမှာ သူမနဲ့အတူ လာထိုင်ဖို့ နှင်းဆီကို ခေါ်ချင်ပေမယ့် ဒရိုင်ဘာက ပါနေတော့ သူမ ဟန်ထိန်းနေရတယ်။
လမ်းတစ်လျှောက်မှာ ဘတ်မှန်မှတဆင့် သူမဆီ နှင်းဆီရဲ့အကြည့်တွေ ရောက်ရောက်လာတတ်သေးတယ်။
"လက်ဆောင်ကောင်းကောင်းဝယ်လို့ရမယ့် မားကတ်တစ်ခုကို အရင်သွားနော်"
"ဟုတ်ကဲ့ MD"
"ပန်းနှင်းဆီ..."
"ဟုတ်ကဲ့ MD"
"ပန်းနှင်းဆီက... လူငယ်မိန်းကလေးဆိုတော့ နိုင်ငံခြားက လာမယ့် အထူးဧည့်သည်အတွက် လက်ဆောင်ကောင်းကောင်းရွေးတတ်မှာပါနော်..."
"အကောင်းဆုံး ရွေးပေးနိုင်အောင် နှင်းဆီ
ကြိုးစားပေးပါ့မယ်..."
ဘာပဲဖြစ်ဖြစ် ဘေးချင်းကပ်မဟုတ်တောင် ကားတစ်စီးတည်းအတူတူရှိနေတယ်ဆိုတဲ့အသိနဲ့ သူမ စိတ်ထဲ ကျေနပ်နေမိတဲ့အချိန် နှင်းဆီကတော့ ဇောချွေးပျံနေပြီ။
သူမနဲ့အတူ မားကတ်ထဲဝင်တဲ့အချိန် အရင်က နှင်းဆီလိမ်ခဲ့ဖူးတဲ့ လူတစ်ဦးဦးနဲ့များတိုးလို့ကတော့ နှင်းဆီဘ၀ သွားပြီ။
သူမရှေ့ အရှက်တွေလုံးလုံးကွဲမှာ။
အရှက်သိက္ခာထက် အမုန်းတရား။
သူမသာ နှင်းဆီဘ၀မှန်ကိုသိပြီး မုန်းတီးသွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့တင် လူက သေလို့ရနေပြီ။
အင်းပေါ့လေ... မသမာတဲ့နည်းလမ်းတဲ့ ငွေရှာခဲ့ရတာဆိုတော့ ဘယ်နေရာသွားသွား နောက်ကျောလုံမှာတဲ့လား။
အရင်က အခုလို ကြောက်လန့်မှုမျိုး မရှိဖူးခဲ့။ နှင်းဆီတစ်ယောက်တည်းဆို ဘယ်နေရာမဆိုသွားရဲခဲ့တာပဲလေ။
အခုက သူမ ရှိနေတာ။
အတွေးနဲ့ ထူပူလာပြီး ကားထဲ အဲကွန်းအေးနေအောင် ဖွင့်ထားတာတောင် နှင်းဆီ ဇောချွေးပျံချင်နေပြီ။
အရင်က လိမ်လည်ခဲ့မိတဲ့ခွင်တွေအကုန်လုံးအတွက်လည်း နောင်တရလာမိပြီဖြစ်ပေမယ့် ဘာများ လုပ်နိုင်တော့မှာလဲ?
ဘယ်လောက်ပဲ စိုးရိမ်နေပါစေ။
နောက်ဆုံးတော့ သူမနဲ့အတူ နှင်းဆီ မားကတ်ထဲရောက်ခဲ့ရပြီ။
ဟန်ကိုမပျက်အောင်ထိန်းရင်း သူမနဲ့အနောက် ခပ်လှမ်းလှမ်းမှာ နေရာယူထားမိတယ်။
"ဈေးလာဝယ်တာလား ညီမ"
လက်ဆောင်ခြင်းတွေ ရွေးချယ်နေတုန်းကြားလိုက်ရတဲ့ အသံတစ်ခု။
နှုတ်ဆက်သံလာရာကို လှည့်ကြည့်လိုက်တော့... ဟာ... တစ်ခါက နှင်းဆီ လိမ်ခဲ့မိတဲ့ မားကတ်က ၀န်ထမ်း မိန်းမ။
နှုတ်ခမ်းနီဗူးကိုဗြောင်ခိုးပြီး မခိုးဘူးလို့ငြင်းရင်းနဲ့ ထိုမိန်းမရဲ့ လစာငွေကို နှင်းဆီ ယူခဲ့မိတာလေ။
လှည့်ကြည့်မိရင်း မှတ်မိနေပေမယ့် နှုတ်ဆက်မှုကို ဘယ်လိုတုန့်ပြန်ရမှန်းမသိဘူး။
ထိုမိန်းမရဲ့ နှုတ်ဆက်သံကို သူမလည်း ကြားသွားပြီလေ။
နှင်းဆီ စိုးရိမ်မှုနဲ့လှည့်ကြည့်လိုက်တော့ သူမက နှင်းဆီနဲ့ အဲဒီဝန်ထမ်းမိန်းမကို ဘာများပတ်သတ်လဲဆိုတဲ့ သိချင်စိတ်လေးနဲ့ ငေးကြည့်နေပြီလေ။
--------------------------------------------------
ဆက်ရန်......
--------------------------------------------------
(Uni code)
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။