(Zawgyi code)
ပထမတစ်ခေါက် သူမရောက်ဖူးထားတဲ့ နှင်းဆီ အဆောင်ဆီသို့ ချက်ချင်းပဲ လိုက်လာမိတော့ အဆောင်ပိုင်ရှင်မိန်းမက နှင်းဆီ ရှိနေသေးတယ်တဲ့။
မပြောင်းသွားသေးဘူးတဲ့။
အဲဒါကြောင့် နှင်းဆီ အခန်းရှိရာ အပေါ်ထပ်အထိသို့ အရှက်မရှိစွာနဲ့ပဲ ခစားဝင်ဖို့ သူမ ဆက်တက်ခဲ့လိုက်မိတယ်။
ဒီအချိန်မှာ သူမကိုယ်သူမ ဘာတွေလုပ်လို့ လုပ်မိနေမှန်းတောင် မသိတော့။
နှင်းဆီ အခန်းတံခါးလေးက စေ့ရုံသာ စေ့ထားတယ်။
သူမ တွန်းလိုက်တော့ "ကျွီ" ခနဲ မြည်သံနဲ့ အတူ ပွင့်သွားတော့ အခန်းအတွင်း ထိုင်ခုံတွင် ကျောမှီကာထိုင်ပြီး စာကြည့်စားပွဲပေါ်သို့ ခြေထောက်နှစ်ဖက်လုံးကိုတင်၊ ကုလားထိုင်ကို ကျောမီကာ ခေါင်းမော့ထားတဲ့ နှင်းဆီကို တွေ့လိုက်ရတယ်။
သူမ အခန်းထဲသို့ဝင်လာကာ နှင်းဆီအနားသို့ တိုးကပ်ကြည့်လိုက်တော့ နှင်းဆီမှာ မျက်ရည်တွေနဲ့။
ဒါပေမဲ့ နှင်းဆီ မျက်လုံးတွေပိတ်ထားပါတယ်။
မျက်လုံးထောင့်နေရာမှ မျက်ရည်စီးကြောင်းတွေ ကျနေတာမျိုးပါ။
"မင်းမှာမျက်ရည်ကျစရာ ဘာအကြောင်းရှိလို့လဲ ပန်းနှင်းဆီရယ်။ တကယ်ငိုသင့်တဲ့လူက တို့မဟုတ်ဘူးလား?"
နှင်းဆီကိုမကျေနပ်စွာ ပြောလိုက်ပေမဲ့ နှင်းဆီ သူမကိုလှည့်မကြည့်။
အသံကြားနေပေမဲ့ နှင်းဆီ ပုံစံမပျက်ဆက်ထိုင်နေသေးတယ်။
မှိတ်ထားတဲ့ နှင်းဆီမျက်လုံးတွေကိုတောင် ဖွင့်မကြည့်။
"နာမည်အရင်းက မိုးနှင်းဝေပါ။ လိမ်တတ်တယ်။ ညာတတ်တယ်။ လှည့်တတ်တယ်။ မွှေ့တတ်တယ်။ နည်းမျိုးစုံသုံးပြီး လူတွေဆီကငွေတွေကို လိမ်ယူတတ်တယ်"
မျက်လုံးမှိတ်ထားရင်း ပြောလိုက်တဲ့ နှင်းဆီဝန်ခံချက်တွေက အခန်းထဲတွင် ခြောက်ကပ်စွာထွက်ပေါ်လာတယ်။
နှင်းဆီဆီမှာ ရှိုက်သံတွေလည်း ရှိနေတယ်။
နှင်းဆီ အခုတစ်ခါ တကယ်ပဲ ၀မ်းနည်းနေတာလား။
သူမ မယုံရဲတော့ပေမဲ့ စိတ်က အလိုလိုယုံမိနေပြန်ပြီ။
"ပန်းနှင်းဆီ... မိုးနှင်းဝေ... လရိပ်မေ... ဖူးငယ်... ဘယ်နာမည်က အမှန်လဲ ပန်းနှင်းဆီ။ တို့ကို မင်းရဲ့ နာမည်အရင်းလေးတစ်ခုတော့ ပေးသိပါဟယ်။ တို့တောင်းပန်ပါတယ်။ မင်းလှည့်စားသမျှကိုခံပြီး မင်းနဲ့ အကြိမ်ကြိမ်အခါခါ အိပ်ဖူးခဲ့တဲ့ မိန်းမတစ်ယောက်အနေနဲ့ မင်းရဲ့ နာမည်အရင်းကို သိရရုံတင်ပါပဲ"
နှင်းဆီ မျက်လုံးတွေဖွင့်လိုက်ပြီး သူမကို မော့ကြည့်ကာ ခပ်ဖျော့ဖျော့လေးပြုံးတယ်။
အဲ့လိုပြုံးရင်း နှင်းဆီ မျက်ဝန်းအိမ်ထဲ မျက်ရည်စတွေပြေးဝင်ကုန် ပြန်တယ်။
"မိုးနှင်းဝေပါ MD။ မိုးနှင်းဝေပါ။ တွေ့သမျှလူတိုင်းကို လိမ်ခဲ့သလို... MDကိုပါ တစ်ခါပြီး တစ်ခါ လိမ်ခဲ့တဲ့ လူက မိုးနှင်းဝေပါ"
နှင်းဆီ မျက်ရည်တွေကိုတွေ့လိုက်ရတဲ့ တခဏ သူမနှလုံးသားတွေ ဗြောင်းဆန်ကုန်ပါပြီ။
မြတ်မြတ်နိုးနိုး၊ မက်မက်မောမောချစ်မိထားတာဆိုတော့... ဟင့်အင်း။
မင်းကို တို့က အဲ့လိုငိုစေချင်တဲ့ လူတစ်ယောက်မှ မဟုတ်တာ ပန်းနှင်းဆီရယ်။ မင်း မငိုပါနဲ့နော်။
"ဒါပေမဲ့ MDသိလား? MDကိုလိမ်လိုက်မိတိုင်း... ကျွန်မရင်ထဲ တစ်ဆစ်ဆစ်နဲ့ကို ခံစားရတာ။ အရမ်းခံရခက်တယ် MD။ တခြားလူတွေ ကိုလိမ်ပြီးရင် ကျွန်မပျော်တယ်။ အောင်ပွဲခံတယ်။ ဒါပေမဲ့ MDကိုလိမ်ပြီးတိုင်း ကျွန်မနောင်တနဲ့ အတူ ငိုငိုနေရတယ်"
"တို့သိတယ်လေ။ သိလည်းသိတယ်။ သိလည်းသိခဲ့တယ်။
မင်းလိမ်တတ်တယ်ဆိုတာ တို့စတွေ့ကတည်းက သိနေတာပဲလေ ပန်းနှင်းဆီ..."
"ရင်ထဲက တစ်ဆစ်ဆစ်နာကျင်နေပေမဲ့ မေမေ့အတွက် ကျွန်မငွေရှာရမယ်လေ။ မေမေ့ကိုမှ ကျွန်မ အဆုံးရှုံးမခံနိုင်တာ။ နောက်ပြီး ကျွန်မမှာ လုံလောက်တဲ့ ပညာအရည်အချင်းလဲ မရှိဘူး။ တခြားနည်းလမ်းလည်း မရှိဘူး။ ကိုယ်ခန္ဓာကိုလည်း အလွဲသုံးစားမလုပ်ချင်ဘူး... "
နှင်းဆီရှိုက်သံများကို မကြားချင်တော့သဖြင့် နှင်းဆီရဲ့ နှုတ်ခမ်းပေါ်သို့ လက်ညိုးလေးတစ်ချောင်းဖြင့် စကားလုံးတွေတံ့သွားအောင် သူမ တားမြစ်မိလိုက်တယ်။
ထို့နောက် သူမ နှင်းဆီရဲ့ဘေး အနီးကပ်ဆုံးတွင်ရပ်လိုက်ပြီး နှင်းဆီ မျက်ဝန်းအိမ်ထဲသို့ သူမ စူးစူးနင့်နင့် စိုက်ကြည့်ပစ်လိုက်မိတယ်။
"တို့နဲ့ ပြန်လိုက်ခဲ့ပါ ပန်းနှင်းဆီ။ မင်းနာမည်တွေ ဘယ်လိုပဲပြောင်းပြောင်း။ တို့အတွက်တော့ မင်းက Chief Accountant Manager ပန်းနှင်းဆီပါပဲ။ ဒီတော့ မင်း တို့နဲ့ ပြန်လိုက်ခဲ့ပါ။ မင်း ဘယ်လိုပဲလုပ်လုပ် တို့... မင်းမရှိပဲမနေတတ်ဘူး။ မင်းကိုတို့ ယုံနေတုန်းပဲ"
နှင်းဆီ သူမရဲ့ လက်ညိုးကို ဖယ်ရင်း တဖက်နံရံဆီသို့ ကျောခိုင်း ထ,ထွက်သွားတယ်။
"မယုံပါနဲ့။ ကျွန်မကို မယုံပါနဲ့။ MDလို ထက်မြက်တဲ့လူတစ်ယောက်က ဘာလို့များ ကျွန်မကိုယုံနေရတာလဲ။MD အရင်အတိုင်းပြန်ပြီး ထက်ထက်မြက်မြက်နေပါ။ ကျွန်မကို မယုံပါနဲ့"
ကျောခိုင်းသွားတဲ့ နှင်းဆီရဲ့ ပေါက်ကွဲမှု မပြီးခင်မှာပဲ သူမ နှင်းဆီအနားတိုးကပ်သွားရင်း အနောက်မှ တင်းကြပ်စွာ သိုင်းဖက်လိုက်မိတယ်။
ပထမတော့ နှင်းဆီဟာ သူမလက်တွေကို လွတ်ထွက်သွားအောင် ဖယ်ရှားပါသေးတယ်။
ဘယ်လိုမှ ဖယ်ရှားလို့မရတဲ့အဆုံး နှင်းဆီ ငြိမ်သက်သွားတယ်။
"မင်း သိလား? မင်း... ပထမတစ်ခေါက် Salary တွေယူပြီးထွက်သွားတုန်းက မင်းအတွက် တို့ Lady Shoe အနီလေး ၀ယ်ထားမိတယ်။ မင်းပြန်လာရင်ပေးဖို့ပေါ့။ အခု မင်းထပ်လိမ်သွားတော့ မင်းအတွက် တို့ရဲ့နှလုံးသားကို ပါကင်လှလှလေးနဲ့ထုပ်ထားတယ်။ မင်းပြန်လာရင် ပေးဖို့... မင်းယူဖို့အတွက် ပြန်လာပါနော်...မငြင်းပါနဲ့ ပန်းနှင်းဆီ"
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။