(Zawgyi code)
လိမ်လည်တာကို မုန်းတီးတာ၊ လိမ်လည်တတ်တဲ့လူကိုဆို ခွင့်မလွှတ်နိုင်ဘူးဆိုတာ တော်ရုံစိတ်ဒဏ်ရာကြောင့်မဟုတ်ဘူး။
မင်းထက်သာလွန်ရဲ့ဘ၀ဟာ မွေးတည်းက သိပ်ကိုပြည့်စုံခဲ့ရတာ။
ဒယ်ဒီရယ်၊ မာမီရယ်... နောက်ပြီးတောင့်တင်းလှတဲ့အသိုင်းဝိုင်းရယ်။
လိုတရနေတဲ့ဘ၀မှာ ဘာကိုမှ မမက်မော။
နာကျဉ်မုန်းတီးတယ်ဆိုတာကိုလည်း မသိ။
လိမ်တာ၊ ညာတာကိုလည်း နားမလည်။
တောင့်တတတ်တဲ့စိတ်၊ လိုချင်မက်မောမှုဆိုတာလည်း မခံစားဖူး။
ဒီလိုယှဉ်သန်ကြီးပြင်းခဲ့ရတာဆိုတော့ ဘ၀ဖြစ်တည်မှုက သိပ်ကို ရိုးရှင်းတယ်။
အချိန်တန်အရွယ်ရောက်တော့ နိုင်ငံခြားမှာဘွဲ့ရပြီးအပြန် ဒယ်ဒီက သူ့အလုပ်တွေကို ဦးစီးပေးပါလို့ တောင်းဆိုလာတယ်။
ငယ်ငယ်တည်းက စီးပွားရေးကို အထူးတလည်စိတ်ပါဝင်စားခဲ့တာဆိုတော့ ဘွဲ့ရပြီးတာနဲ့ ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်ပေးရတာဟာ မင်းထက်သာလွန်အတွက် ထမင်းစားရေသောက်သလောက်တောင် မခဲယဉ်းခဲ့။
အလုပ်တွေအကုန်လုံး သူမပခုံးပေါ် တာဝန်လွှဲပြောင်းပြီးတာနဲ့ ဒယ်ဒီက နိုင်ငံခြားမှာအပြီးသွားနေမယ်ဆိုပြီး အသံထွက်လာတယ်။
ဒီတော့ မာမီကလည်း လျှောင်နောက်ဆံထုံးပါဆိုတဲ့စကားပုံအတိုင်း ဒယ်ဒီ့အနောက်လိုက်ဖို့ပြင်ဆင်တယ်။
အဲဒီမှာပဲ မင်းထက်သာလွန်ဘ၀မှာ ပထမဦးဆုံးအနေနဲ့ဒယ်ဒီနဲ့မာမီတို့ ရန်ဖြစ်စကားများကိုမြင်ဖူးခဲ့တာ။
ဒယ်ဒီက မာမီ့ကို သူမနဲ့ပဲနေခဲ့ဖို့ပြောတယ်။
ဒါပေမဲ့ မာမီက ဒယ်ဒီ့နောက်ကိုလိုက်ချင်တယ်။
မိန်းမတစ်ယောက်ဟာ သူ့ကာမပိုင်ယောက်ျားအနောက်လိုက်နေတာဟာ ဓမ္မတာပဲလေ။
နောက်ဆုံးတော့ မာမီ့ကိုခေါ်မသွားချင်တဲ့ ဒယ်ဒီလည်း ခိုင်မာတဲ့အကြောင်းပြချက်တစ်စုံတစ်ရာမပေးနိုင်တဲ့အတွက် မာမီ့ကို သူနဲ့အတူ နိုင်ငံခြားကိုခေါ်သွားခဲ့ရတယ်။
ဟိုကိုပြောင်းသွားပြီး သိပ်မကြာဘူး။
မာမီဟာ အိပ်ဆေးတွေအလွန်ကျွံသောက်သုံးလို့ ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့သတင်းဆိုးက မင်းထက်သာလွန်ဆီရောက်လာတယ်။
သတင်းကြားကြားချင်း ချက်ချင်းထလိုက်သွားပေမယ့် ဟိုရောက်တော့ မာမီ့အသက်ကို မမီခဲ့ဘူး။
မာမီဟာ ကြိုတင်အသိပေးခြင်းအရှင်းမရှိပဲ သူမဘ၀ထဲက ထွက်ခွာသွားခဲ့တာ။
အဲဒီနေ့မှာ မင်းထက်သာလွန်စပြီး သိခဲ့ရတာတဲ့ခံစားမှုက ကိုယ်ချစ်ရတဲ့လူကိုဆုံးရှုံးရတဲ့အခါ ရလာတဲ့ နာကျင်မှု။
ဘာအကြောင်းကြောင့် မာမီဟာ အိပ်ဆေးတွေ သောက်ခဲ့တာလဲ?
အိပ်ဆေးသောက်လေ့ရှိတဲ့ လူလည်းမဟုတ်။
ကျန်းမာရေးကိုလိုက်စားလိုက်တာမှ မင်းထက်သာလွန်တို့ထက်တောင် ဟိုဖက်ကမ်းလွန်နေသေးတယ်။
အပေါင်းသင်းကြောင့်လိုပြောရအောင်လည်း မာမီဟာ သိပ်ကို အနေအေးလှတဲ့အမျိုးသမီးတစ်ယောက်။
မာမီ့သေဆုံးမှုကို မင်းထက်သာလွန်ဘ၀င်မကျ၊ လက်မခံနိုင်သလို ကနေဒါနိုင်ငံမှ ဥပဒေ၀န်ထမ်းတွေကလည်း လက်မခံနိုင်ခဲ့ဘူး။
ဒီတော့ စစ်ဆေးမေးမြန်းခြင်းတွေ စစ်လုပ်ပြီးတဲ့အခါမှာတော့ မာမီဟာ သွသူ ကိုယ်တိုင်ဆန္ဒနဲ့ အသက်သေချင်လို့ကို အိပ်ဆေးတွေ အလွန်ကျွံသုံးဆွဲပြီး သတ်သေခဲ့တယ်ဆိုတာ ပေါ်ထွက်လာတယ်။
ဒါဆို မာမီ့သေဆုံးမှုအတွက် ဘယ်သူ့မှာမှ တာဝန်မရှိဘူးပေါ့။
အဲ့လိုသိချင်စိတ်နဲ့ မင်းထက်သာလွန်ဟာ ထိတ်တန်းရုရှားစုံထောက်ကိုငှားပြီး စုံစမ်းစေခဲ့ရာမှ ဒယ်ဒီဟာ မာမီမသိအောင် မာမီ့နောက်ကွယ်မှာ အိမ်ထောင်ရေးဖောက်ပြန်နေတယ်ဆိုတာ မင်းထက်သာလွန်သိခဲ့ရတယ်။
ဒါ့အပြင် အဲဒီလို နောက်ထပ်မိန်းမနဲ့ဖောက်ပြန်နေတယ်ဆိုတာကိုလည်း မာမီ့အပေါ်နှစ်ရှည်လများလိမ်လည်ထားခဲ့တာ။
ဒါဆို မာမီသေဆုံးရတာဟာ ဒယ်ဒီ့လိမ်ညာမှုတွေကြောင့်ပေါ့။ ဒယ်ဒီ့သစ္စာဖောက်မှုတွေကြောင့်ပေါ့။
အဲဒီတည်းက မင်းထက်သာလွန် သိပ်ကိုမုန်းတီးတဲ့အရာဟာ လိမ်ညာမှုပဲ။
ကျန်တဲ့ဘယ်ပြစ်ချက်ကိုမဆို ခွင့်လွှတ်နိုင်တယ်။
ဒါပေမဲ့ လိမ်ညာလိုက်ပြီဆိုရင်တော့ ထိုလူဟာ သူမအတွက် ဘယ်လောက်ပဲ အသုံးဝင်နေပါစေ၊ သူမက ဘယ်လောက်ပဲ သံယောဇဉ်ရှိနေပါစေ ချက်ချင်းပစ်ချလိုက်ဖို့ ဘယ်တော့မှ နှစ်ခါစဉ်းစားလေ့မရှိခဲ့။
ဒီလိုနည်းနဲ့ပဲ မင်းထက်သာလွန်ဟာ သူ့ဒယ်ဒီနဲ့ အဆက်သွယ်ကို တိခနဲဖြတ်ပစ်ခဲ့တယ်လေ။
ဒယ်ဒီလည်း မင်းထက်သာလွန်ရဲ့ပြတ်သားလှတဲ့ရွေးချယ်မှုကြောင့် စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး လူ့လောကမှာ ကြာကြာ မနေလိုက်ရ။
မင်းထက်သာလွန်ရဲ့စိတ်ဟာ ဘယ်လောက်ပြတ်သားလဲဆိုရင် သူမရဲ့ဒယ်ဒီဆုံးသွားတဲ့ဈာပနာကိုတောင် မသွားခဲ့။
--------------------------------------------------
မိန်းကလေးတစ်ယောက်တည်း ရန်ကုန်မြို့ကြီးမှာ ရပ်တည်နေထိုင်ဖို့ ကြိုးစားရုံမက။
နယ်ကအိမ်ကိုပါ ငွေပုံမှန်ပြန်ပို့နေရတဲ့ သူမအဖို့ ဘယ်လောက်ပဲကြီးတဲ့အချီကြီးတွေမိသွားလည်း အဲဒီငွေက လက်ထဲမှာ ပူအောင်ကို မနေရ။
ချက်ချင်းဆိုသလိုပဲ သူမ လွှဲလေ့ရှိတဲ့နေရပ်လိပ်စာဆီကို ငွေက လွှဲလွှဲလိုက်ရတာချည်းပဲ။
ဟုတ်တယ်။
သူမရဲ့ အဓိက အသက်မွေးဝမ်းကြောင်းအလုပ်က လိမ်လည်ခြင်းပါပဲ။
ခွင်ကြီးရင် ကြီးသလို၊ ရလာတဲ့ အမြတ်က ကြီးတယ်။
ခွင်သေးရင်တော့ သေးသလိုပေါ့။
လူလိမ်အလုပ်ကိုလုပ်စားနေရသူဆိုတော့ နေရာတစ်ခုမှာ ကြာကြာဖင်ပူအောင် မနေနိုင်။
ဒါ့ကြောင့် သူမနေထိုင်ရာနေရာများဟာ တစ်လအတွင်းမှာတောင် လိပ်စာ ၃ မျိုးလောက်ပြောင်းနေရတာ။
အဲ့ဒီလို ကိုယ်ယောင်ဖျောက်တာမြန်တဲ့အတွက်ကြောင့်လည်း သူမကို တော်ရုံလူက ခြေရာမခံနိုင်ကြ။
တကယ်တော့ လိမ်လည်ခြင်းဟာ သူမမွေးတည်းက အလိုလိုတတ်ကျွမ်းခဲ့တဲ့ ပညာရပ်ဆို မမှားဘူး။
လိမ်စားတယ်ဆိုတာကလည်း သူမဟာ ခွင့်မဆင်ခင် အရင်ဆုံး ကိုယ်လိမ်လည်မယ့်သားကောင်းကို သေသေချာချာ ရှာဖွေတယ်။ လေ့လာတယ်။ အဲဒီသားကောင်းဟာ လောဘကြီးတဲ့လူဖြစ်မှ သူမ လိမ်လည်ရလွယ်ကူမှာလေ။
နောက်ပြီး သူမအလိမ်ကိုခံလိုက်ရတဲ့လူနဲ့ သူမဟာ နောက်နောင် ပြန်ဆုံခဲ့ပါမူ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ သူမရဲ့ လိမ်လည်မှုအတွက် သက်ဆိုင်ရာကို တိုင်းတန်းတာမျိုးလုပ်လို့မရပြန်ဘူး။
အလိမ်ခံရတဲ့လူတိုင်းလိုလိုက သူမအတွက် စိတ်လိုလက်ရ ငွေတွေကို လွယ်လင့်တကူထုတ်ပေးခြင်းဖြင့်သာ အလိမ်ခံခဲ့ရတာဆိုတော့ သူမဟာ အခုချိန်ထိ အဖမ်းအဆီးလွတ်နေတာလို့လည်း ပြောလို့ရတယ်။
--------------------------------------------------
လောကဓံတရားရဲ့ ခက်ခဲရင့်သီးမှုဟာ တချို့လူတွေအတွက် ဆယ်ကျော်သက်အရွယ်မှသာ ရင်ဆိုင်ရလေ့ရှိပေမယ့် သူမအဖို့ကတော့ မွေးတည်းက ရင်ဆိုင်ခဲ့ရတာလေ။
ဒီတော့ သူမအဖို့ လောကဓံဆိုတာ ချိုနဲ့လားလို့ ဟားတိုက်နိုင်တဲ့အထိ ကြံကြံခိုင်ရင်ဆိုင်နိုင်တာပေါ့။
ဘယ်လောက်ကြီးပဲ ရင့်ကျက်တယ်ပြောပြော ဘယ်လောက်ကြီးပဲ အသည်းမာတယ်ပြောပြော။ ဒီလို့နေမျိုးရောက်ရင်တော့ ကျောက်တုံးက ရေထွက်သကဲ့သို့ သူမ ၀မ်းနည်းစွာ ငိုယိုမိတာပဲ။
ဒီလိုဖုန်းဆက်တိုင်း ကျလာတဲ့မျက်ရည်ဟာ သူမရဲ့ ကျခဲလှတဲ့မျက်ရည်အစစ်ပေါ့။
"သက်သာလား?..."
တစ်ဖက်မှ သတင်းကောင်းမကြားရတဲ့အခါ လူက အရူးလို လှိမ့်နေအောင် ခံစားရတယ်။
ဖြစ်ချင်တော့ ငွေလွှဲပြီးကာစဆိုတော့ လက်ထဲမှာ ငွေက သိပ်မရှိ။
ဒါ့ကြောင့် အခုဖုန်းဘေကိုတောင် ၀ယ်ပြီး ပိုက်ဆံမချေရသေးဘူး။
ဘေကဒ်ကိုခဲခြစ်ပြီး ဘေဖြည့်ကာ ဖုန်းပြောပြီးတဲ့အထိ ခဏစောင့်ပါလို့ လမ်းဘေးက ကွမ်းယာဆိုင်ဆိုင်ရှင်ကို မနည်းတောင်းပန်ထားရသေးတာလေ။
"ဂရုစိုက်ပေးပါနော်။ လိုအပ်တဲ့ငွေကို အချိန်မှီပို့လိုက်ပါ့မယ်..."
"......................"
"ကျေးဇူးအများကြီးတင်ပါတယ်။ ဟို...ဆေးကို အချိန်မှန်မှန်လေးတိုက်ပေးပါနော်။ သမီးစိတ်ချပါရစေနော်..."
"......................"
"ဟုတ်ကဲ့။နှစ်သိမ့်ထားပေးပါဦး။ သမီးအားတာနဲ့ လာခဲ့ပါ့မယ်နော်။ သေသေချာချာဂရုစိုက်ပေးပါနော်... သမီးစိတ်ချချင်လို့ပါ။ နောက်ပြီး အချိန်မှန်ဆေးတိုက်ပေးပါနော်... နော်..."
သူမအလုပ်က လူလိမ်အလုပ်ဆိုတော့ ဆက်တိုက်ကြီးလည်း မလုပ်ရဲဘူး။
တစ်ခါလိမ်ပြီးတာနဲ့ ကိုယ်ယောင်ဖျောက်ဖို့ အချိန်က ယူရသေးတယ်။
အဲဒီလို အချိန်ယူတဲ့အခါဆို ငွေကြေးက တကယ်ခက်ခဲတာ။
ညစာမစားရတဲ့ ညပေါင်းဆိုတာ မနည်းတော့။
ဖုန်းချပြီးတဲ့အထိ သူမအခုဖုန်းဘေဖိုးပေးဖို့ အကြံက ထွက်မလာသေး။
ဖြစ်ချင်တော့ ဆိုင်ရှင်လူကြီးက သူမရဲ့ ငိုယိုနေတာကိုကြည့်ပြီး သနားနေလေပြီ။
ဘာပဲဖြစ်ဖြစ်လေ... ဒီလိုလူကြီးကိုတော့ သူမ မလိမ်ရက်။
ဖုန်းဘေကလည်း ဘယ်လောက်မှ မရှိပါဘူး။ သုံးထောင်တည်းရယ်။
ပိုက်ဆံပါမလာဘူးလို့ပြောဖို့ကလည်း သူမ၀တ်စားထားတာက တကယ့်ဈေးကြီး Brand တွေဆိုတော့ ပြောရခက်ပြန်ပြီ။
"ဦးလေး ဘေဖိုးက သုံးထောင်နော်..."
"ဟုတ်တယ် ကလေးမ..."
"အော် ဟုတ်..."
စဉ်းစားကြပ်၊ ဖြေရှင်းရခက်နေတဲ့ သူမကို ဆိုင်ရှင်လူကြီးက ခဏတော့ အကဲခတ်တယ်။
ပြီးတော့ သဘောပေါက်သွားသလို စပ်ဖြီးဖြီးဖြစ်လာတယ်လေ။
"ဖြစ်တတ်ပါတယ် ကလေးမရယ်။ အဲဒီလို ငွေက ပြတ်လေ့ရှိပါတယ်။ နောက်နေ့လမ်းကြုံမှပဲ ၀င်ပေးပါကွယ်... ရပါတယ်"
"ကျမ လိမ်သွားရင်ရော ဦးလေးရဲ့..."
"အော် ငွေလေး သုံးထောင်လောက်ကို လိမ်သွားမယ်ဆိုလည်း ရပါတယ်ကွယ်။ အဲဒီလောက်ငွေနဲ့ ငါ့တူမကြီးလည်း ချမ်းသာမသွားသလို၊ ဦးလေးလည်း ဆင်းရဲမသွားပါဘူး။ ယုံပါတယ်။ ယုံလို့ လမ်းကြုံမှဝင်ပေးလို့ပြောတာပေါ့"
ရောင်းတော့ လမ်းဘေးမှာ လှည်းပုံးလေးနဲ့ထိုင်ရောင်းတဲ့ ကွမ်းနဲ့ မုန့်ထုတ်တွေအရောင်းဆိုင်။
ဒါပေမယ့် ထိုလူကြီးရဲ့စိတ်ထားမြင့်မြတ်ပုံလေးကို သူမ ရေလည် အထင်ကြီးမိတယ်။
ဒါဟာ လိမ်လည်တာမဟုတ်တဲ့အတွက် သူမလည်း စိတ်သန့်သန့်နဲ့နောက်နေ့ဝင်ပေးဖြစ်အောင်ပေးပါ့မယ်ဆိုတဲ့ ကတိကိုပေးပြီး ထိုဆိုင်မှထွက်ခဲ့လိုက်မိတယ်။
တစ်နေ့တော့ သူမ ၀င်ပေးဖြစ်အောင် ၀င်ပေးမှာပါ။
--------------------------------------------------
သားကောင်ရှာရင်း စိတ်ညစ်ညစ်နဲ့ သူမ ခြေလှမ်းမှန်မှန်ဖြင့် ပလိပ်ဖောင်းပေါ်တွင် လမ်းလျှောက်နေရင်း မထင်မှတ်ပဲ မြင်လိုက်ရတဲ့ သိပ်ကို တန်ဖိုးကြီးလှတဲ့ ကားအကောင်းစားကြီး။
ဒီကားပေါ်မှာလိုက်စီးလိုက်ရရင်သိပ်ကောင်းမှာပဲလို့တွေးမိရင်း ငေးကြည့်မိနေစဉ် ကားက သူမနဲ့ ခပ်လှမ်းလှမ်းမှာ ထိုးရပ်သွားတယ်။
ကားပေါ်က လူတစ်ယောက် ပြာတိပြာယာနဲ့ ဆင်းလာပြီး နောက်ခန်းတံခါးကိုဖွင့်ပေးတယ်။
အရင်ဆုံး ကားထဲက ထွက်လာတဲ့ ခြေထောက်တစ်ဖက်။
ဖြူဖွေးနုပြီး အင်မတန်မှ ဆွဲဆောင်မှုရှိလှတဲ့ ခြေထောက်။
သူမ ယောင်ယမ်းပြီး ကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်မိတယ်။
ပင်ကိုယ်အသားဖြူလို့သာ ဖြူသန့်တယ်လို့ဆိုရပေမယ့် စီးထားမိတဲ့ လေဒီရှူးအနီရောင်လေးက ထိပ်တွေတောင် ဖွာလန်ကျဲနေပြီ။
ဒေါက်နားကလည်း လမ်းလျှောက်ရပါများလို့ ဖွာလဲကျဲနေပြီ။
ကားထဲကထွက်လာတဲ့ ခြေထောက်မှာစီးထားတဲ့ ဖိနပ်ကတော့ အခုမှ စက်ရုံကထုတ်လိုက်တဲ့ တန်ဖိုးကြီး ဒေါက်ဖိနပ်လို့ သန့်ပြန့်နေလျက်။
ကွာခြားလှတဲ့ဘ၀တွေအတွက် ဟူးခနဲ သက်ပြင်းတစ်ချက်နဲ့ နှစ်သိမ့်မိသွားတယ်။
ဆက်ကြည့်နေတုန်းမှာပဲ ကားထဲက ထွက်လာတဲ့ အမျိုးသမီးကို သူမ မြင်လိုက်ရပါပြီ။
သန့်ပျံ့ပြီး ကျက်သရေရှိလှတဲ့ အမျိုးသမီး။
ခက်ခဲတယ်ဆိုတာကို ဘယ်တုန်းကမှ သိမယ့်ပုံမပေါ်တဲ့ အမျိုးသမီး။
သိပ်ကိုချမ်းသာတယ်ဆိုတာ သူလိုက်ပြောနေစရာမလိုပဲ သူမကိုကြည့်တာနဲ့ သိနိုင်တဲ့ အမျိုးသမီး။
ထိုအမျိုးသမီးဟာ တင်းနေတဲ့ မေးကြောတွေဖြင့် အရှေ့တည့်တည့်က မားကတ်ထဲဝင်သွားတယ်လေ။
မားကတ်ထဲ မ၀င်မချင်း အခုန ကားတံခါးလာဖွင့်ပေးတဲ့ လူက ထီးလိုက်ဆောင်းပေးရသေးတာ သူမ မြင်လိုက်ရသေးတာ။
အင်းပေါ့။ နေမခတဲ့ဘ၀တွေမို့ ဒီလောက်တောင် ကြည့်ရ လတ်ဆတ်နေတာ။
ထိုအမျိုးသမီးကိုငေးကြည့်ရင်း အားကျတာလား၊ ၀မ်းနည်းတာလား၊ အားငယ်တာလား မခွဲခြားနိုင်တဲ့ ခံစားချက်တွေ သူမရင်ဘတ်ထဲ ပြေးဝင်လာတယ်။
အို အားကျနေလို့လည်းမဖြစ်ဘူး။
အားလုံးက ကိုယ့်ဘ၀တွေနဲ့ ကိုယ်ပါပဲ။
"ဟာ... ဟဲ့ ဘယ်လိုဖြစ်တာလဲ... ဒီမှာ... နင်လူကိုတောင်မမြင်ဘူးလား?"
ဝမ်းနည်းစိတ်လေးနဲ့ ချာခနဲလှည့်ထွက်ရင်းတိုက်မိတဲ့ မိန်းမတစ်ယောက်ဆီက ထွက်လာတဲ့ ခါးသီးလှတဲ့အသံ။
အမှားမပါပေမဲ့ တောင်းပန်ဖို့ပြင်ရုံရှိသေး တဖက်မိန်းမဆီက ကြားလိုက်ရသော ရန်တွေ့သံခပ်စွာစွာကြောင့် လူက နားထင်သွေးရောက်သွားတယ်။
"ဒီမှာ...အမက ၀င်တိုက်တာလေ..."
"ငါက ၀င်တိုက်တယ်ဆိုပေမယ့် နင်ကရှောင်ရမှာပေါ့..."
နှုတ်သီးကောင်းလျှာပါးနှင့် စွာနေသော ထိုမိန်းမကို သူမအမြင်ကပ်မိ သွားပေပြီ။
"ဟင်? အမလည်းဝင်တိုက်သေးတယ်။ အမကလည်းစွာလို့ပါလား? ဘယ်လိုလူမျိုးလဲ?"
"စွာရုံတင်မကဘူး။ နင့်ကိုပါတစ်ခုခုလုပ်လိုက်ချင်တာ။ ဒီမှာငါက Super Market မှာလုပ်တာ။ နင့်လို လမ်းဘေးမှာရပ်ပြီး လူတကာကို ထိုင်ငေးနေလောက်ရအောင် ငါက အချိန်ကိုအလကား ဖြုန်းနေတဲ့ လူမဟုတ်ဘူးမှတ်ထား..."
မဆီမဆိုင်စကားများကိုပြောကာထွက်သွားသော ထိုမိန်းမကို သူမနားမလည်စွာငေးကြည့်နေရင်းကျန်ရစ်ခဲ့ရတယ်။
ဒါပေမဲ့ သိပ်ကိုသွက်လှတဲ့ မျက်ဝန်းတွေက ထိုမိန်းမရင်ဘတ်မှ တံဆိပ်ကိုကြည့်ခြင်းဖြင့် ထိုမိန်းမသည် ဘယ် Super Market မှာ အလုပ်လုပ်တယ်ဆိုတာ သူမ သိလိုက်ရတယ်လေ။
"နင်က အာချောင်ပြီး စွာသွားတဲ့အတွက် ငါ့ရဲ့ Next Target က နင်ဖြစ်သွားရတာတော့ ၀မ်းနည်းစရာပါကွယ်..."
ထိုမိန်းမ၏ကျောဖက်သို့ငေးကြည့်နေရင်း ကြိမ်းဝါးကာ ပြုံးလိုက်စဉ် ကမ္ဘာတစ်ခုလုံးက သူမခြေထောက်အောက်သို့ ပြားပြားဝတ် ၀င်ရောက်လာတယ်လို့တောင် ထင်လိုက်ရပြီလေ။
--------------------------------------------------
Super Market ထဲသို့ ခြေချလိုက်တာနဲ့ မနေ့က ၀င်တိုက်သွားသည့်မိန်းမကို အရင်ဆုံး ကျီးကန်းတောင်းမှောက်ရှာဖွေမိတယ်။
သူမ ဒီနေ့တော့ Gentle ဆန်ဆန် ၀တ်ဆင်လာခဲ့တယ်။
သူမစီးခဲ့သော Lady Shoe အနီရောင်လေးထံမှ ထွက်ပေါ်နေသော တစ်ဒေါက်ဒေါက် မြည်သံက Super Market တစ်ခုလုံးတွင် ပြန့်လွင့်နေတယ်။
အဲ့ဒီဒေါက်ဖိနပ်သံကိုပဲ သတိထားမိသွားတာက ဒေါ်မင်းထက်သာလွန်။
သိပ်ကိုမြန်ဆန်ပြီး တိကျပြတ်သားလှတဲ့ ခြေလှမ်းသံ။
ထိုဒေါက်ဖိနပ်သံလာရာသို့ လှည့်ကြည့်သော် ကြေးနီရောင် အသားရေနှင့် အရပ်မြင့်မြင့်၊ နှာတံပေါ်ပေါ် မိန်းကလေးတစ်ယောက်။
တစ်စုံတစ်ခုကို ရှာဖွေနေတဲ့ သူမကတော့ ဒေါ်မင်းထက်သာလွန်ရှိနေတယ်ဆိုတာကိုတောင် သိပုံမပေါ်။
သူမလည်း မနေ့က ၀င်တိုက်သွားတဲ့ မိန်းမကို မုဆိုးတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ ရှာဖွေနေရင်း အလုပ်ရှုတ်နေတဲ့အတွက် ဘေးဘီဝန်းကျင်မှာ ဘယ်သူက သူမကို ငေးစိုက်ကြည့်နေတယ်ဆိုတာ သတိမထားမိလိုက်။
"ကလင်... ကလင်...ကလင်... ကလင်..."
ကြေးနီရောင်အမျိုးသမီးလေးကို ငေးကြည့်နေရင်း ထွက်ပေါ်လာတဲ့ ဖုန်းသံ။
မိကျောင်းတံဆိပ်ဘေးလွယ်အိတ်ထဲမှ ဖုန်းကိုထုတ်ပြီး ဖုန်းဖြေနေစဉ်မှာပဲ ကြေးနီရောင်အမျိုးသမီးလေးက ဒေါ်မင်းထက်သာလွန်ရဲ့ဘေးမှ ဖြတ်ကျော်ရင်း ဈေးဝယ်နေကြတဲ့ လူတွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားပေပြီ။
တကယ်တော့ သူမက ပျောက်ကွယ်သွားတာမဟုတ်။
သူမ ရှာဖွေနေတဲ့ မနေ့က ၀င်တိုက်ခဲ့တဲ့မိန်းမကို ရှာတွေ့သွားလို့ပါ။
ထိုမိန်းမက ဒီနေ့ အလှကုန်ကောင်တာတစ်ခုမှာ တာဝန်ကျနေတယ်လေ။
ဒါကိုမြင်လိုက်တည်းက သူမ ကျေနပ်မှုဖြင့် သူမ အောင် နိုင်သူပီပီပြုံးလိုက်ရင်း အဲဒီကောင်တာနား ချဉ်းကပ်ကာ တစ်စက်မှ စိတ်မ၀င်စားတဲ့ အလှကုန်အချို့ကို စိတ်ဝင်စားသလို ခဏတော့ ငေးကြည့်နေလိုက်သေးတယ်လေ။
"ဘာလိုလဲ အမ... ကြည့်နော်။ ညီမတို့မှာ... Brand မျိုးစုံရှိတယ်"
အရောင်းဝန်ထမ်းမိန်းကလေးရဲ့ လောကွတ်လာပြုတာကို သူမ စိတ်ပျက်ပျက်နဲ့ မော့ကြည့်လိုက်ရင်း...
"လိုတာရှိရင်ပြောမယ်နော်။ အခုတော့ ခဏကြည့်ပါရစေဦး"
လို့ပြန်တုန့်ပြန်ရင်း အလှကုန်အချို့ကို စိတ်ပါ ၀င်စားသလိုကြည့်နေလိုက်သေးတယ်။
အဲဒီမှာပဲ သူမရဲ့သားကောင်မိန်းမက သူမကို သတိပြုမိသွားပြီ။
အလှကုန်ပစ္စည်းတွေကို စိတ်ပါဝင်စားခြင်းမရှိပဲ တစ်ခုပြီးတစ်ခု ကောက်ကိုင်ကြည့်ရင်း ပတ်ဝန်းကျင်ကိုလည်း ကျီးကန်းတောင်းမှောက် သတိထားကြည့်နေတဲ့ သူမကို ထိုမိန်းမက ဘယ်မှာမြင်ဖူးပါလိမ့်ဆိုတဲ့အတွေးနဲ့ ငေးကြည့်နေတဲ့ မျက်လုံးတွေကို တစ်ချက်လှမ်းကြည့်မိတဲ့တခဏ သူမ ပြုံးလည်း ပြုံးလိုက်သလို၊ လက်ကလည်း အနီးဆုံးမှာရှိနေတဲ့ နှုတ်ခမ်းနီဗူးတစ်ခုကို ကောက်ယူကာ အသင့်လွယ်လာတဲ့ အိတ်ထဲသို့ထည့်ပြီး ထိုကောင်တာမှ ချာခနဲ လှည့်ထွက်ခဲ့လိုက်တယ်။
သေချာပါတယ်။ သူမအနောက်မှာ မနေ့ကမိန်းမ ခြေလှမ်းသွက်သွက်နဲ့ လိုက်ပါလာမယ်ဆိုတာ။
"ညီမ... ခဏ... ခဏ..."
အနောက်က မိန်းမရဲ့ လှမ်းခေါ်သံ။
ကြားရဲ့သားနဲ့ မကြားချင်ဟန်ဆောင်ပြီး ခြေလှမ်းအရှိန်တင်ကာ ခပ်သွက်သွက်လျှောက်လိုက်တော့ သူမ ဒေါက်ဖိနပ် နီနီလေးရဲ့ တဒေါက်ဒေါက်မြည်သံက ပိုပြီး စည်းချက်မြန်လာတယ်။
သွက်သွက်လျှောက်လာရင်း ဒီနှုတ်ခမ်းနီဗူးကို ဘယ်သူ့လက်ထဲထိုးထည့်ခဲ့ရမလဲဆိုတဲ့အတွေးနဲ့ သားကောင်တစ်ကောင်ကို ရှာဖွေလိုက်တော့... သူမလျှောက်နေရာ လမ်းကြောင်းတည့်တည့်မှာပဲ ရှိနေတဲ့ မျက်ဝန်းတစ်စုံကို သတိထားလိုက်မိတယ်။
အဲ့ဒီမျက်ဝန်းက သူမကို မက်မောစွာငေးကြည့်နေတာ။
အမျိုးသမီးတစ်ယောက်ပဲ။ အမျိုးသမီးဆိုတာထက် အထက်တန်းလွှာ ဂုဏ်သရေရှိအမျိုးသမီး။
ကောင်းပြီ။ ဒါဆို သူမကို ငေးစိုက်ကြည့်နေတဲ့ ထိုအထက်တန်းလွှာ မျက်ဝန်းရှင် အမျိုးသမီးရဲ့ မက်မောမှုကို သူမ ခဏတော့ အသုံးချရတော့မယ်လေ။
အဲဒါ့ကြောင့် ဘာမှ မစဉ်းစားတော့ပဲ အဲ့ဒီမျက်ဝန်းရှင်အနားသို့ ဦးတည်လျှောက်သွားလိုက်ပြီး လူလူချင်းတိုက်မိသလို ဟန်ပြုမူကာ အခုန သူမ ယူလာတဲ့ နှုတ်ခမ်းနီဗူးကို ထိုအမျိုးသမီးလက်ကြားထဲ့သို့ ထိုးထည့်လိုက်ရင်း သူမ ဟန်ပါပါမျက်လုံးတစ်ချက်လည်း မှိတ်ပြ လိုက်တယ်။
ထိုအမျိုးသမီးက သူမကို ငေးကြည့်နေရင်း နှုတ်ခမ်းနီဗူး လက်ထဲရောက်လာတာတောင် သိတဲ့ပုံမပေါ်။
သူမရဲ့ ညှို့အားပါတဲ့ မျက်လုံးတစ်ချက်မှိတ်ပြလိုက်မှုပေါ်တွင် မိန်းမောနေတာ အရမ်းသိသာလွန်းတယ်။
ဘာပဲဖြစ်ဖြစ်။ အခု နှုတ်ခမ်းနီဗူးကတော့ သူမတွင် ရှိမနေတော့။ ဒါက သူမ အဖြစ်ချင်ဆုံးအနေအထားပဲလေ။
အဲဒါ့ကြောင့် သူမ ထိုအမျိုးသမီးကို ဖြတ်ကျော်ကာ ခပ်လှမ်းလှမ်းသို့ ဆက်လျှောက်သွားလိုက်ပြီး အနောက်မှာ တောက်လျှောက်လိုက်ပါနဲ့နေတဲ့ မိန်းမနဲ့ ရင်ဆိုင်ဖို့ရန်အတွက် သူမ ခြေလှမ်းတွေ ရပ်တံ့ပြစ်လိုက်တယ်။
"ဘာကိစ္စရှိလို့လဲအမ?"
ထိုမိန်းမနဲ့ မျက်နှာချင်းဆိုင်လိုက်ရင်း သူမ ရဲတင်းစွာမှင်သေသေနဲ့ မေးတော့တယ်။
"ညီမစိတ်တော့မရှိပါနဲ့နော်။ ညီမ နှုတ်ခမ်းနီးဘူးကိုယူသွားတာ အမမြင်လိုက်တယ်။ တကယ်လို့ငွေရှင်းချင်တယ်ဆိုရင် ကောင်တာဖက်ကို ကြွပါရှင်။ နောက်ပြီး ငွေမရှင်းခင် အဲ့ဒီ့လိုမျိုးအိတ်ထဲကို အရောင်းပစ္စည်းတွေကိုထည့်ခွင့်မရှိပါဘူးရှင်..."
Super Market၀န်ထမ်းမိန်းမသည် မနေ့က အပေါက်အလမ်းဆိုးသလောက် အခုတော့ယဉ်ကျေးလွန်းနေပါလား။
အဲ့ဒါကြောင့် သူမ မဲ့ပြုံးပြုံးလိုက်ရင်း အခုန နှုတ်ခမ်းနီဗူးထိုးထည့်ပေးခဲ့တဲ့ သားကောင်ကို တစ်ချက်လှမ်းကြည့်လိုက်မိသေးတယ်။
အဲ့ဒီသားကောင်အမျိုးသမီးက သူမနဲ့ ဒီမိန်းမဖြစ်နေတဲ့ အဖြစ်အပျက်ကို ငေးကြည့်နေဆဲ။
ဒီအချိန်မှာ အဲ့ဒီအမျိုးသမီးဟာ အလိုက်ကမ်းဆုံးမသိပဲ သူမကိုထံသို့ နှုတ်ခမ်းနီဗူး လာပြန်ပေးရင် ခက်ပြီ။
ဒါပေမဲ့ ထိုကဲ့သို့သော အထက်တန်းလွှာအမျိုးသမီးဟာ ဒီလိုအရှက်တကွဲကိစ္စရပ်ထဲဝင်ပါမှာမဟုတ်ဘူးဆိုတာ သူမ သေချာသိနေပြီးသားပဲလေ။
စိတ်ချရတယ်ဆိုတာသိလို့ သူမ ချက်ချင်းအကြည့်လွှဲကာ အခုဝန်ထမ်းမိန်းမနဲ့ ရင်ဆိုင်ပစ်လိုက်တယ်။
"ဒီမှာ... ရှင် ဘယ်လိုဝန်ထမ်းလဲ? ... မိုက်ရိုင်းလှချည်လား? Customer ကိုဘယ်လို Service မျိုးတွေပေးနေတာလဲ? ဟင်။ ငါမှန်တယ်ထင်တိုင်း စွပ်ပြောရမယ်လို့ ရှင့်ကို အလုပ်ရှင်တွေက သင်ကြားပေးထားတာလား... ဟုတ်လား?"
ဝန်ထမ်းမိန်းမက အသံတိုးတိုးနှင့်ပြောနေပေမယ့် သူမကတော့ သူမရဲ့အသံအက်ကွဲကွဲအသံနဲ့ အနည်းငယ်ကျယ်ကျယ်လေးအော်ပြစ်လိုက်တော့... ၀န်ထမ်းမိန်းမလည်း တော်တော်လေး ဒေါသထွက်သွားတယ်။
သူမ ဗြောင်ကြီးလိမ်နေတယ်ဆိုတာ ထိုမိန်းမသိနေတာပဲလေ။
သူ့ရှေ့တင် နှုတ်ခမ်းနီကို ကောက်ထည့်သွားတာ မြင်တာကို အခု ခပ်တည်တည်နဲ့ ပြန်ငြင်းရုံမကဘူး၊ လူသိရှင်ကြားဖြစ်အောင် အော်နေတဲ့ သူမကို ထိုမိန်းမတော်တော်လေး စိတ်ပျက်မိပေမယ့် အလုပ်ခွင်ထဲမှာဆိုတော့ စိတ်ကိုထိန်းရင်း အသက်မပါစွာ ပြုံးလိုက်မိတယ်။
"ဒီမှာညီမ၊ အခုဖြစ်နေတဲ့ ကိစ္စက သေးသေးလေးမဟုတ်ဘူးနော်။ အမက ညီမ ယူသွားတာကို မျက်လုံးနဲ့ တပ်အပ်တွေ့လို့ အခုလို လိုက်တောင်းရဲတာပေါ့ ညီမရယ်။ နောက်ပြီး ယူသွားတဲ့ပစ္စည်းကလည်း ဘယ်လောက်မှတန်တာလဲမဟုတ်ပါဘူး။ အမလည်း Customer ကို အေးအေးချမ်းချမ်းပဲဖြစ်စေချင်ပါတယ်...ဒီတော့ ညီမ၀န်ခံလိုက်ပါ။ ၀န်ခံလိုက်မယ်ဆို အားလုံးအဆင်ပြေသွားမယ့်ကိစ္စပဲလေ။ ငါ့ညီမလည်း ရုပ်လေးသနားကမားလေးနဲ့ လူရှေ့သူရှေ့ အရှက်ကွဲခံချင်ပုံအပေါ်ပါဘူး"
သူမမှာမှ အဲ့ဒီနှုတ်ခမ်းနီဗူးမရှိတော့တာ။ သူမ ပေါ်တင်ငြင်းပြီး ပွဲကြမ်းရဲပြီပေါ့။
"ပြောလေဆိုးလေပါလား... ရှင်ဘယ်လိုလူလဲ... လူကို ဒဲ့ကြီး သူခိုးလို့ လာစွပ်စွဲရဲတာ တော်ရုံစကေးတော့မဟုတ်ဘူး... ကဲ... ကဲ... တော်ပြီ... ကျမ သီးခံနိုင်တဲ့အတိုင်းတာ ကျော်သွားပြီ။ ရှင်နဲ့စကားမပြောတော့ဘူး။ ရှင်တို့ Manager ဘယ်သူလဲ...ခေါ်ပေး။ သူနဲ့ပဲ စကားပြော တော့မယ်... Customerကို သူခိုးစွတ်စွဲလား... ဘာလားနဲ့..."
"အမ Manager ခေါ်လိုက်ရင် တကယ်အရှက်ကွဲမှာက ဒီက ငါ့ညီမနော်..."
"ဟုတ်တယ်လေ။ ကျမသာ ရှင်ပြောသလို ခိုးထားတယ်ဆိုရင် ကျွန်မကတကယ်ပဲ ရှင်ပြောတဲ့ အဲဒီဥစ္စာ... ဘာလဲ... နှုတ်ခမ်းနီ ဟုတ်လား... အေး အဲဒါကို ယူထားရင် ရှင့်Manager ကိုခေါ်ခိုင်းရဲပါ့မလား? ဦးနှောက်ရှိတယ်မို့လား... သေချာ စဉ်းစားလေ..."
ခပ်တည်တည်နဲ့ ပိုင်ပိုင်နိုင်နိုင်ပြောလိုက်တဲ့ သူမစကားကြောင့် ၀န်ထမ်းမိန်းမ စပြီးတွေဝေရပြီ။
"ကဲပါ အခုမှ တွေဝေမနေနဲ့တော့... ရှင့်... Manager ကျွန်မကိုရှာပါစေ။ ကျမ အိတ်ကိုရော တကိုယ်လုံးကို ရှာခိုင်းလိုက်။ အေး... တကယ်လို့ကျွန်မကိုယ်ပေါ်မှာ ရှင်ပြောတဲ့ နှုတ်ခမ်းနီဘူးရှိရင်ရှိ။ မရှိရင်တော့ ရှင်အလုပ်ပြုတ်ဖို့သာ ပြင်ထားလိုက်တော့။ ကျွန်မကို ဘာကောင်မ ဘာမှတ်နေလဲ?"
"ဒါဆို ညီမဖက်က သေချာတယ်ဆိုတယ်ဆိုရင် အမကို အရင်ဆုံး ရှာခွင့်ပေးမလား?"
"ကောင်းပြီလေ။ ရှာပြီးရင်တော့ ဖြစ်လာတဲ့အကျိုးဆက်ကို ဆက်ဖြေရှင်းဖို့ ရှင်စဉ်းစားထားပေတော့"
သူမ ပြတ်ပြတ်ပင်ပြောပြီး လွယ်အိတ်ကို ၀န်ထမ်းမိန်းမထံသို့ ဆတ်ဆတ်လေးပစ်ပေးလိုက်တယ်။
ဝန်ထမ်းမိန်းမကလည်း မျက်မြင်ကိုယ်တွေ့ တွေ့ထားတော့ ခပ်တည်တည်နဲ့ပဲ သူမ အိတ်အတွင်းကို ရှာဖွေတယ်လေ။
ဒါပေမဲ့ ထိုမိန်းမက ကံဆိုးတာက နှုတ်ခမ်းနီဗူးက သူမအိတ်ထဲမှာ မရှိတော့တာပဲလေ။
"ကဲ... ဘယ်လိုလဲ? ရှင်... ရှာတွေ့ရဲ့လား?"
အိတ်အတွင်း နှုတ်ခမ်းနီဗူးကိုမတွေ့သောကြောင့် ၀န်ထမ်းမိန်းမ ခေါင်းကြီးသွားပြီး သူမကို ကြောက်လန့်တကြား လှမ်းကြည့်နေပြီ။
အဖြစ်က အနိုင်က အရှုံးဖြစ်သွားတဲ့ကိန်း။ သူမကတော့ ပိုင်နိုင်စွာ မဲ့ပြုံးပြုံးလိုက်မိသေးတာ။
ပတ်ဝန်းကျင်မှလူများလည်း သူမတို့နှစ်ယောက်ကို စိတ်ဝင်စားစွာငေးကြည့်နေလေပြီလေ။
ထိုပတ်ဝန်းကျင်က လူတွေအထဲမှာ အခုန အထက်တန်းလွှာအမျိုးသမီးလည်း တစ်ယောက်အပါအ၀င်ပေါ့။
"ကဲ ရှာတွေ့ရဲ့လား?"
လွယ်အိတ်တစ်ခုလုံးလှန်လှော ရှာပြီးတာတောင် ဘာနှုတ်ခမ်းနီမှ မရှိတဲ့အတွက် ထိုမိန်းမျက်နှာက ဇီးရွက်လောက်သာရှိတော့တယ်။
"ကဲ ရှာမတွေဘူးမို့လား... ပြောပါတယ်။ အစတည်းက သေချာမှ လုပ်ပါဆိုတာ... အခုတော့ ရှင် ဘယ်လိုဆက်ရှင်းမယ်လို့ စိတ်ကူးထားလဲ? ကျမတော့ လူကြားသူကြားထဲ အရှက်တကွဲအကျိုးနည်းဖြစ်သွားရပြီနော်..."
"ဟို... ညီမရယ် အမတောင်းပန်ပါတယ်"
"အိုး... တောင်းပန်တာနဲ့ ပြီးသွားမှာတဲ့လား... အခုနတည်းက ကျမအိတ်ကို မရှာခင်တည်းက အဲဒါ ရှင်စဉ်းစားသင့်တာမဟုတ်ဘူးလား... အခုတော့လေ... ဟင့်အင်း... မလိုချင်ဘူး။ ရှင့် Managerကိုသာခေါ်လိုက်ပါတော့။ အဲ့ဒီ့တော့မှရှင်းကြတာပေါ့..."
"အမတောင်းပန်ပါတယ်ညီမရယ်။ နော်။ ဒီကိစ္စကိုဒီတင်ပဲထားလိုက်ပါတော့... ဟုတ်ပြီလား? မန်နေဂျာကိုခေါ်လိုက်ရင် အမ အလုပ်ပြုတ်မှာ ငါ့ညီမရဲ့... အမ တကယ်တောင်းပန်ပါတယ် ညီမရယ်"
"ဘယ်ရမလဲ? အသရေအဖျက်ခံရပြီး ဒီလိုတောင်းပန်တိုင်းကျေအေးစရာလား? Managerကိုသာခေါ်လိုက်ပါ။ ရှင်နဲ့စကား ဆက်မပြော ချင်တော့ဘူး..."
"မလုပ်ပါနဲ့ညီမရယ်။ အမအလုပ်မပြုတ်ချင်ပါဘူး... အမဘယ်လိုတောင်းပန်မှ ညီမကျေနပ်နိုင်မလဲ?"
"ဒီမှာ... ကျွန်မအပိုတွေမပြောချင်တော့ဘူး။ Managerကိုသာခေါ်လိုက်ပါ..."
"တောင်းပန်ပါတယ်နော်။ Managerကိုတော့မခေါ်ပါနဲ့ညီမရယ်နော်။ ဒီလိုလုပ်... ညီမကိုလျော်ကြေးအနေနဲ့ အမ ဒီနေ့ လစာထုတ်ထားတဲ့ငွေတွေကိုပေးလိုက်မယ်လေ။ အဲ့ဒါကို ညီမယူသွားပါနော်။ တောင်းပန်ပါတယ်ညီမရယ်..."
"ရှင်ငွေပေးတိုင်း ကျေနပ်စရာလား? ဘုန်းကြီးခေါင်းခေါက်ပြီးတောင်းပန်တိုင်း ကျေအေးစရာလား?"
သူမ၏ခွင်ထဲသို့ အလွယ်တကူဝင်လာသော ထိုမိန်းမကို သနားမိသော်လည်း မနေ့က သူမကိုဆက်ဆံသွားသော ပုံစံအတွက် သနားမိနေတဲ့ စိတ်ကို မျိုသိပ်ပြစ်လိုက်တယ်။
Super Marketအတွင်း အဲယားကွန်းများ လွှတ်ထားသော်လည်း ၀န်ထမ်းမိန်းမမှာ ကြောက်လွန်း၍ ချွေးများပင် ထွက်နေလေပြီ။
"ညီမရယ်... လုပ်ပါ။ ယူသွားပါနော်။ လစာငွေ လေးသိန်းတိတိပါပါတယ်။ ယူသွားလိုက်ပါနော်..."
"ဒါဆိုလည်း ဘယ်မလဲ ရှင့်လစာငွေ..."
"ညီမကသာကျေနပ်ရင် အမအလုပ်နားခန်းထဲက သွားယူခဲ့မယ်။ ညီမဒီမှာ ခဏစောင့်နေပေးနော်... ခဏလေးပါညီမရယ်..."
ထိုမိန်းက သူမဆီက အဖြေကိုပင် မစောင့်တော့။
ချက်ချင်းပဲ ထိုနားမှ ဆတ်ခနဲ လှည့်ပြန်သွားလေပြီ။
အဖြစ်ပျက်ကို သူမက သေချာလေ့လာသုံးသပ်ပြီးမှ လုပ်ခဲ့တာ။
နှုတ်ခမ်းနီကို အိတ်ထဲကောက်ထည့်တဲ့အချိန် CCTV မှာမပေါ်ရလေအောင် ဘေးနားက မိန်းမတစ်ယောက် ဖြတ်သွားတဲ့ အခါနဲ့တိုက်ပြီး သေချာထည့်ခဲ့တာ။
ဒီလိုပဲ အခုန အထက်တန်းလွှာမိန်းမလက်ထဲ နှုတ်ခမ်းနီကို လက်ဆင့်ကမ်းခဲ့တုန်းကလည်း CCTV မြင်ကွင်းမှာ မပေါ်ရလေအောင် ဟန်မပျက် မှင်သေသေလုပ်ခဲ့တာ။
ဒီဝန်းထမ်းမိန်းမက ဒီတိုင်းတော့ သူမကို သူ့လစာထိုးပေးမှာမဟုတ်။
အရင်ဆုံး CCTV မှာ သွားစစ်ဆေးဦးမှာလေ။
ဒါကို သိနေပေမယ့် ကိုယ့်ဖက်က အသေချာပိပိရိရိလုပ်ခဲ့ပြီးသားမို့ သူမ သွေးအေးအေးနဲ့ အအေးဗူးတွေထည့်ထားတဲ့ ရေခဲသေတ္တာနားသို့သွားကာ သူမ သောက်ချင်နေတဲ့ အအေးဗူးတစ်ခုကို ရွေးယူရင်း ထိုမိန်းမကို စောင့်နေလိုက်တယ်။
စိတ်ဝင်တစားငေးကြည့်နေကြတဲ့ လူတွေလည်း ရှဲကုန်ကြပြီ။
သိပ်မကြာပါဘူး။
ဝန်ထမ်းမိန်းမက လစာအိတ်လေးနဲ့ သူမနား ပြာတိပြာယာနဲ့ ရောက်လာတယ်။
"ညီမ... ဒီမှာ..."
"ဒီအအေးလေး ကြိုက်လို့ ယူသွားပြီနော်။ အမပဲ ရှင်းလိုက်... နောက်တစ်ခါဆိုရင်တော့ ဒီလိုမဖြစ်ရအောင် သတိထားပေါ့။ ကျမလို သဘောကောင်းတဲ့လူမို့ ဒီလောက်နဲ့ပြီးသွားတာ။ အမ တကယ်သတိထားရမှာကလေ အမရဲ့ ပြောပေါက်ဆိုပေါက် သိလား... အမရယ် လူဆိုတာ စကားပြောကောင်းရင် လေယဉ်တောင် အလကားစီးလို့ရတယ်... သိလား... ကဲ သွားပြီ"
"ဟုတ်ကဲ့ပါညီမရယ်... ညီမကိုကျေးဇူးတင်ပါတယ်... နော်..."
အောင်နိုင်သူပီပီ ငွေရတာနဲ့ သူမ ထိုနားမှ လှည့်ထွက်ခဲ့လိုက်တယ်။
ထိုပွဲကိုအစဆုံးမြင်နေတဲ့ ဒေါ်မင်းထက်သာလွန်။
လက်ထဲမှာကျန်ရစ်ခဲ့တာ သူမ ပေးခဲ့တဲ့ နှုတ်ခမ်းနီလေး။
CCTV တွေ ခြေချင်းလိမ်အောင် တပ်ထားတဲ့ မားကတ်ထဲဝင်မွှေရဲတာ နည်းတဲ့စကေးတော့ မဟုတ်။
တကယ်ယူခဲ့ရဲ့သားနဲ့ လူကြားသူကြား ပြန်အော်ရဲတဲ့ သူမဟာ ဒီလိုလိမ်လည်မှုတွေနဲ့ ယဉ်ပါးနေတာပဲဖြစ်ရမယ်ဆိုတာ သေချာလှတယ်။
ဒါ့အပြင် သားကောင်ရှာတဲ့နေရာမှာလည်း သိပ်ကို ဆရာကျတယ်ဆိုတာ သိသာပြန်တယ်။
ကိုယ့်လက်ထဲရောက်နေတဲ့ နှုတ်ခမ်းနီနဲ့ သူမအရှက်ကွဲနိုင်မှန်းသိသိရက်နဲ့ သူမရဲ့အကွက်ထဲဝင်ခဲ့ရတဲ့ မင်းထက်သာလွန်လည်း ကိုယ့်ကိုယ်ကို နားမလည်နိုင်။
လူလိမ်တွေဆို အရိုးအသွေးထဲက မုန်းတီနေမိပေမယ့် အခုလိုငြိမ်နေလိုက်တာဟာ လူလိမ်အားပေးလုပ်လိုက်မိတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိပါတယ်။
လက်ထဲသို့ရောက်နေတဲ့ သူမထည့်ပေးခဲ့သော နှုတ်ခမ်းနီဗူးကို ငုံ့ကြည့်ရင်း ကိုယ့်ကိုယ်ကို လိပ်ပြာမလုံတော့။ ၀န်ထမ်းမိန်းမကို သက်သက်မဲ့ လိမ်လည်သွားတယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ အဲ့ဒီမိန်းကလေးကို ကာကွယ်ပေးလိုက်မိတာလဲ။
ထူးခြားတဲ့ အဖြစ်ပျက်လေးတစ်ခု၊ သေချာပြောမယ်ဆိုရင် ခံစားချက်လေးတစ်ခုတော့ မင်းထက်သာလွန်ရင်ထဲမှာ ဖြစ်သွားရတယ်။
မကြားဖူးတဲ့ ဒေါက်ဖိနပ်သံလေးနဲ့အတူ သူ့ရင်ခုန်သံတွေလည်း စည်းချက်ညီညီလှုတ်ရှားသွားခဲ့တယ်ဆိုတာ ကိုယ့်ကိုယ်သာ အသိဆုံး။
အဲ့လို တစ်ခါဖူးမှ လှိုက်ဖိုမခုန်ဖူးတဲ့ ရင်ခုန်သံတွေကြောင့် လိမ်လည်မှုကိုရွံမုန်းတဲ့သူက သူမရဲ့လိမ်လည်မှုကို ဒီအတိုင်း မျက်ကွယ်ပြုပေးလိုက်နိုင်တာပဲ ဖြစ်လိမ့်မယ်။
နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေရင်းနဲ့ပဲ အဲ့ဒီနှုတ်ခမ်းနီဗူးလေးကို ငွေရှင်းပြီး ၀ယ်ယူခဲ့မိပြန်တယ်။
ဒါ့အပြင် Company ပြန်ရောက်တာနဲ့ အခုန ၀န်ထမ်းမိန်းမကို ဘောနပ်ဆိုတဲ့ခေါင်းစဉ်နဲ့ လစာပမာဏအတိုင်း ပေးဖို့လည်း စီစဉ်ခိုင်းရဦးမယ်။
"မင်း...ဘယ်လိုမိန်းကလေးမျိုးလဲ?"
သူမအကြောင်းကို စဉ်းစားရင်းက သူမနဲ့ သိချင်လာတယ်။ ရင်းနှီးချင်လာတယ်။
အနည်းဆုံးတော့ နောက်တစ်ခါ ဆုံချင်လာတယ်။
ဒါပေမဲ့ လူလိမ်တွေကိုတော့ အသေမုန်းနေတုန်းပါပဲ။
အရမ်းမုန်းတီးတဲ့ လူလိမ်အလုပ်ကို ပိုင်နိုင်စွာလုပ်နေတဲ့ သူမကိုတော့ ဘာလို့ မမုန်းတီးနိုင်တာလဲဆိုတာ မင်းထက်သာလွန်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို မဝေခွဲနိုင်တော့။
--------------------------------------------------
ဆက်ရန်......
--------------------------------------------------
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။