Episode 8 (Z+U)

2.8K 165 7
                                    

(Zawgyi code)

အဲ့ဒီမိန်းမရဲ့ နှုတ်ဆက်သံကိုကြားရဲ့သားနဲ့ နှင်းဆီ ဘယ်လိုတုန့်ပြန်ရမှန်း မသိ။

စိတ်ကျဉ်းကျပ်လာမှုကြောင့် နှင်းဆီ မျက်နှာကလည်း ခက်ထန်လာရပေပြီ။

"ဟုတ်တယ်။ ဈေးလာဝယ်တာ"

တုန့်ပြန်လိုက်တဲ့ နှင်းဆီရဲ့အသံက သိသိသာသာ မာထန်သွားမိတယ်။

သူမလည်း ၀န်းထမ်းမိန်းမကိုတွေ့တာနဲ့ မှတ်မိမှာပါ။

မမှတ်မိပဲ ဘယ်နေပါ့မလဲ?

နှင်းဆီနဲ့ သူမ ပထမဦးဆုံးစ,တွေ့ တဲ့နေ့က နှင်းဆီနဲ့ အခြေအတင်ဖြစ်ခဲ့တဲ့မိန်းမကို ဘယ်လိုမေ့မှာတဲ့လဲ။

"သြော်။ ညီမနဲ့အရင်တစ်ခေါက်လိုမဖြစ်အောင် အမသတိထားလိုက်တော့မယ်။ သိလား? အရင်တစ်ခေါက်က ညီမ ယူမသွားပဲ အမ သက်သက်ကြီး စွတ်စွဲမိတာလေ။ ဒီတစ်ခါတော့ အဲ့လို မဖြစ်စေရဘူးလို့ လာပြောတာပါ"

ထိုမိန်းမရဲ့ ထေ့သလိုလို၊ ငေါ့သလိုလို စကားကြောင့် နှင်းဆီ စိတ်ထဲ ထောင်းခနဲဖြစ်သွားရပေမယ့် မျက်နှာဒီ့ထက် ထပ်ပျက်လို့က မဖြစ်တော့။ ဒါ့ကြောင့် အတတ်နိုင်ဆုံးပြုံးလိုက်ရတယ်လေ။

"ဒါပေါ့။ သေချာသတိထားတော့ ကောင်းတာပေါ့။ တော်ကြာ မလုပ်တတ်လူကို လုပ်ပါတယ်ဆိုပြီး အတင်းတွေ စွတ်စွဲနေလို့... ဒီတစ်လလည်း
လစာလေးမသုံးရပဲ ကုန်သွားပါဦးမယ်။ ကဲ.... ခွင့်ပြုပါဦး။ ဟိုဖက်မှာ ရှာစရာလေးတွေရှိလို့"

နှင်းဆီ ထွက်ပေါက်အဖြစ် ထိုနားက ထွက်ခဲ့ပေမယ့် သူမကတော့ ကျန်နေခဲ့တယ်။

အဲဒီဝန်ထမ်းမိန်းမ သူမကို တစ်ခုခုများ အတို့ထောင်လုပ်လိုက်လေမလားဆိုပြီး စိုးရိမ်ရသေးတယ်။

ထွက်သာသွားတယ်။ လှည့်တကြည့်ကြည့်လုပ်နေတဲ့ နှင်းဆီရဲ့မျက်ဝန်းတွေကို သူမလည်း သိနှင့်နေတာလေ။

မေးလိုက်တာနဲ့ နှင်းဆီဟာ ဘယ်လိုလူစားလဲဆိုတာ သိရမယ်ဆိုတာ သိသိရက်နဲ့ သူမကိုယ်တိုင်က မမေးဝံ့တာ။

သူများကိုမေးမှ သိရတာမျိုးထက် ကိုယ့်ကိုအလေးနက်ထားပြီး အမှန်တိုင်းဝန်ခံလာတာမျိုးကို သူမ မျှော်လင့်မိနေတာ။

"နှင်းဆီစဉ်းစားလို့ရပြီ MD။ လက်ဆောင်ပေးရမယ့်လူက အမျိုးသားဆိုတော့ Beverage Basket တစ်ခုပဲလက်ဆောင်ပေးတာ အဆင်အပြေဆုံးပါပဲ..."

"ကောင်းသားပဲ... အဲဒါဆို နှင်းဆီပဲ ရွေးလိုက်နော်"

"ဟုတ်ကဲ့ MD"

ဝယ်စရာရှိတာကိုဝယ်ပြီး ကားပေါ်ပြန်ရောက်သည်အထိ နှင်းဆီ ငြိမ်သွားပြီ။

သူမလည်း ၀န်ခံလေမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ ငြိမ်နေမိတယ်။

တစ်ချို့ဆက်ဆံရေးတွေမှာက ဆက်ဆံရေးသက်တမ်းကြာလို့ အက်ကြောင်းလေးတွေ ဖြစ်လာခဲ့ရတာ။

အခု သူမတို့ဆက်ဆံရေးမှာတော့ ပတ်သတ်မှုတွေက အက်ကြောင်းတွေနဲ့ စတင်နေရတယ်လေ။

အဖြစ်ဆိုးလိုက်တာ။

ဒီလိုနဲ့ သူမတို့ လေဆိပ်သို့ရောက်လာခဲ့ပြီ။

"MD တစ်ယောက်တည်းဖြစ်ရဲ့လား"

ကားပေါ်ကဆင်းခါနီး သူမကို စိုးရိမ်စိတ်လေးနဲ့မေးမိတော့ သူမက ခေါင်းညိတ်ပြတယ်။

ဒါပေမဲ့ နှင်းဆီ မနေနိုင်။ ခပ်သွက်သွက် ကားပေါ်က အရင်ဆင်းပြီး သူမအတွက် ကားတံခါးကို ဖွင့်ပေးမိတယ်။

သူမ နှင်းဆီကို ခေါင်းတချက်ဆတ် အသိမှတ်ပြုပြီး လေဆိပ်ထဲဝင်သွားတယ်။

နှင်းဆီလည်း သူမ နောက်ခပ်လှမ်းလှမ်းကနေ လိုက်ဝင်ခဲ့မိတယ်။

နောက်မှ လျှောက်လိုက်မိနေရင်း သူမရဲ့ပါးပြင်ပေါ်က အမွှေးညှင်းရေးရေးလေးတွေကို ငေးကြည့်မိသေးတယ်။

ရွှေအိုရောင်သမ်းနေတဲ့အဲဒီအမွှေးမျှင်လေးတွေအောက်က ပါးပြင်းလေးကိုနမ်းရင်း ကျမက လူလိမ်မတစ်ယောက်ပါ၊ ကျမကို မုန်းလိုက်ပါတော့လို့ ပြောရဲတဲ့သတ္တိတွေရချင်လာခဲ့တယ်။

ဒါပေမယ့်လည်း... လွယ်ကူမှာမှ မဟုတ်တာ။

လက်လေးနှစ်ဖက်ကိုရှေ့သိုယှက်ကာကိုင်ထားရင်း ခါးမတ်မတ်လေးရပ်နေတဲ့ သူမကိုငေးကြည့်ရင်း နှင်းဆီ အပိုင်လိုချင်မိတယ်။

အပိုင်လိုချင်တယ်ဆိုတာက သူမရဲ့ပတ်သတ်တဲ့ စည်းစိမ်တွေမပါဘူးနော်။

ဘာဖြစ်လဲ... လိမ်ကျွေးရမယ်ဆိုလည်း လိမ်ကျွေးရဲတယ်။

သူမဆိုတဲ့ သူမကိုပဲ အပိုင်လေးလိုချင်လာမိတာ။

နောက်ကနေ သိုင်းဖက်ရင်း နှင်းဆီရဲ့ဘဝအမောတွေ ခဏတာလေးငြိမ်းချမ်းချင်တယ်။

ထိုစဉ် သူမက နှစ်လိုဖွယ်လေးပြုံးရင်း လက်လေးတစ်ဖက်မြှောက်ပြတာကို မြင်လိုက်ရတယ်။

ဧည့်သည်ရောက်ပြီနဲ့တူပါတယ်။

ဘယ်သူပါလိမ့်ဆိုတဲ့အတွေးနဲ့ နှင်းဆီလှမ်းကြည့်လိုက်တော့ စောက်ကျိုးနည်းပြီ။

နှင်းဆီ လှမ်းမြင်လိုက်တဲ့လူက ဦးမောင်သိန်း။

ဒီလူကြီးကို နှင်းဆီကောင်းကောင်းမှတ်မိတာပေါ့...။

မနှစ်ကနဲ့တူပါတယ်။ အဲဒီလူနဲ့ နှင်းဆီ Shan gri-la ဟိုတယ်ရှေ့မှာ ဆုံခဲ့ဖူးတာ။

---------------------------------------------------

အဲ့ဒီနေ့က နှင်းဆီနာမည်က ဖူးငယ်။

ခါတိုင်းဝတ်သလို မိန်းမဆန်ဆန်ဝတ်လာတာမျိုးမဟုတ်ပဲ အောက်က ဂျင်းဘောင်ဘီ တူးကွာတားအကျပ်နဲ့ အပေါ်က Gucci အင်္ကျီလက်ပြတ် ၀တ်ထားပြီး အပေါ်မှာ ကိုယ်ခန္ဓာနဲ့ ကွက်တိကျနေတဲ့ ရှပ်အင်္ကျီအဖြူလေးကို ၀တ်ဆင်ထားတာ။

လေဒီရှူးအနိမ့် အနီရောင်လေးကို စီးထားတယ်။

တကယ်တော့ အဲဒီနေ့က သူမ တစ်ယောက်ယောက်ကို လိမ်လည်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူး။

ဒီတိုင်းလေး ရွှေထူးမိုးပျံခေါက်ဆွဲကြော်သွားစားပြီး ပြန်လာခဲ့တာ။

ဖြစ်ချင်တော့ သူမက အင်္ဂလိပ်ဘာသာစကားကို အရမ်းကြီး လေ့လာနေတဲ့အချိန်။

ပြီးတော့ ဟိုတယ်ရှေ့မှာရပ်နေတဲ့ ဖော်ရိန်လာ ၃ ယောက်က သူမကို လှမ်းကြည့်ကာ နှစ်လိုဖွယ်ပြုံးပြနေလေတော့ သူတို့ ကားငှားဖို့လား၊ ဟိုတယ်ငှားဖို့လားဆိုတာ သိချင်သွားတယ်။

အဓိကကတော့ သူမရဲ့ အင်္ဂလိပ်စာ အပြောဆိုဘယ်လောက်တိုးတက်လာလဲဆိုတာ စစ်ဆေးချင်ရုံပါ။

ဒါ့ကြောင့် သူမ ထို ဖော်ရိန်နာ ၃ ယောက်နဲ့ ၀င်ပြီး စကားပြောဖြစ်တယ်ဆိုပါတော့။

"Hi...Welcome form Myanmar." (မြန်မာနိုင်ငံမှ ကြိုဆိုပါတယ်ရှင်)

ပြုံးပြုံးရွှင်ရွှင်နဲ့ သူမရဲ့နှုတ်ဆက်မှုကို ဖော်ရိန်နာ ၃ ယောက်အပြင် ဟိုဖက်မှာရပ်နေတဲ့ ဗိုက်ရွှဲရွှဲ၊ အသားမဲမဲ လူကြီးကလည်း ကြားသွားတယ်နဲ့တူပါတယ်။ ဆတ်ခနဲ လှည့်ကြည့်လာတယ်။

ထိုလူက သူမကိုမြင်လိုက်တာနဲ့ သာမန်မျက်လုံးတွေနဲ့မဟုတ်ပဲ၊ ရမ္မက်မျက်လုံးတွေနဲ့ သူမကို ခေါင်းမှခြေဆုံးမျက်လုံးတွေ ကျွတ်ကျမတတ် ကြည့်လာတာ။

နှမသားချင်း ကိုယ်ချင်းစာရမယ်ဆိုတာ ထိုလူသိပုံမပေါ်။

ဒါကပဲ သူမရဲ့ ဒေါသကို ဆွလာတာပေါ့။

"How weather like today?"
(ဒီနေ့ရာသီဥထုအခြေအနေဘယ်လိုရှိလဲ ရှင့်...)

ငေးကြည့်နေတဲ့ တဏှာရူးကြီးကို သူမ အကဲခတ်ရင်း Foreigner များနဲ့ သင့်သလို စကားဆက်ပြောမိတယ်။

"Nice."
(ကောင်းပါတယ်)

"Would you like Myanmar Season?"
(မြန်မာနိုင်ငံရဲ့ ရာသီဥထုကို သဘောကျရဲ့လားရှင်?)

"Yeah of couse. By the way, you are nice speaking in English. I very proud that"
(ကြိုက်တာပေါ့၊ စကားမဆပ် မင်းကအင်္ဂလိပ်စကားပြောကောင်းတယ် နော်။ အဲ့ဒီအတွက် ငါတို့သိပ်ကျေနပ်တယ်)

"Thanks. My Grandfather is American. " (ကျေးဇူးတင်ပါတယ်။ ကျွန်မအဖိုးက အမေရိကန်လူမျိုးလေ)

တကယ်တော့ သူမ သူမနှုတ်ထဲတွင်ရှိသမျှတို့ကို ပြောနေမိတာပါ။

အဓိကကတော့ သူမကို နှမသားချင်းမစာနာ ငမ်းဘူးထနေတဲ့ ထိုလူ့ကို သူမ ပစ်မှတ်ထားမိသွားပြီလေ။

"Ho! Really. So, are you live or visit here?"
(အိုး...တကယ်? ဒါဆို မင်းကဒီကိုလာလည်တာလား? ဒီမှာနေတာလား?)

"I live here with my Grandmother. My Grandfather went back his country when I was child."
(ကျွန်မက ဒီမှာကျွန်မအဖွားနဲ့နေတာလေ။ ကျွန်မငယ်ငယ်ကတည်းက ကျွန်မအဖိုးက သူ့တိုင်းပြည်ကို သူပြန်သွားခဲ့တာပါ)

"Ho! Sorry for hear that."
(ဟို... ကြားရတဲ့သတင်းအတွက် စိတ်မကောင်းပါဘူးဗျာ...)

"Is OK. I think you are waiting for something or...."
(ရပါတယ်။ ဒါနဲ့ ကျွန်မအထင်က ခင်ဗျားတို့ တစ်ခုခုကို စောင့်နေတာလား? ဒါမှမဟုတ်...)

"Yeah. We are waiting for our bus."
(ဟုတ်ပါတယ်။ ငါတို့က Bus ကားကိုစောင့်နေတာပါ)

"Wow. Really. Where to?"
(တကယ်? ဘယ်ကိုသွားမလို့လဲ?)

"To Bagan. The Ancient city. I love to visit there. You know."
(ပုဂံကိုလေ။ ရှေးဟောင်းသမိုင်းဝင်မြို့ကိုပေါ့။ ငါက အဲ့ဒီ့ကိုသွားလည်ရတာကို အရမ်းနှစ်သက်တာ။ မင်းလည်းအသိပဲ)

"Yeah, I know. I very glad to hear that."
(သိတာပေါ့။ ကျွန်မအဲ့လိုကြားရတဲ့အတွက် ဂုဏ်ယူပါတယ်)

"Have you ever been there before?"
(မင်းရော အဲ့ဒီ့ကိုရောက်ဖူးလား)

"Yeah. Maybe three or four times."
(ဒါပေါ့။ သုံးကြိမ် လေးကြိမ်းလောက်တော့ ရောက်ဖူးတယ်)

သူမလည်း ပုဂံနဲ့ ပတ်သတ်ပြီး သိဖူး၊ ဖတ်ဖူးသမျှတွေကို ပြောရင်းမေးရင်း ထိုလူ့ဆီအကြည့်က ခဏခဏရောက်မိနေပြီ။

ဒါကိုပဲ သူက သူ့ကိုအထာပေးတယ်လို့ပဲ ထင်နေလား မသိ။

အတင့်ရဲတဲ့အကြည့်တွေက ပိုမိုစူးရှလာခဲ့တယ်။

သူမ အလိုက်သင့်လေး ဆယ်မိနစ်လောက် အပြန်အလှန်ပြောနေရင်းကနေ ဖော်ရိန်နာတွေစောင့်နေတဲ့ကားက မကြာခင်ရောက်လာတော့မယ်ဆိုတာ ဖုန်းဝင်လာတယ်။

ဒါနဲ့ပဲ သူမလည်း အပြုံးလေးနဲ့ သူတို့တွေနဲ့နှုတ်ဆက်ပြီး ဟိုတဏှာရူးကြီးနားကို လှမ်းသွားမိတယ်။

"ဒုက္ခပါပဲ အန်ကယ်ရယ်... ဒီနေ့တော့ တကယ့်ပြဿနာပဲ သိလား။ ဖူးငယ်တော့ အလုပ်ပြုတ်တော့မယ်နဲ့တူပါတယ်"

အနားကိုလည်းရောက်၊ အပူတပြင်းနဲ့ စကားစလာတဲ့ သူမလုပ်ရပ်က သူ့ကို ရေလာမြောင်းပေးလုပ်တယ်ဆိုတာ အသိသာကြီး။

ဒါကိုပဲ သူက တော်တော်လေး ၀မ်းသာအားရသွားသေးတာ။

"ဘာဖြစ်လို့လဲ မိန်းကလေးရဲ့...ဘာအခက်ခဲတွေများ တွေ့နေလို့လဲ?"

"ဒီလိုပါ... ဖူးငယ်က Guide လေ။ ဧည့်သည်တွေကခရီးသွားခါနီးသူတို့ပိုက်ဆံအိတ်က Hotel room ထဲမှာ ကျန်ခဲ့တယ်တဲ့။ သော့လည်း အခန်းထဲမှာပဲတဲ့။ သော့ကိုင်တဲ့ Manager ကလည်း Emergency Case ရှိလို့ Meeting ၀င်နေတယ်လေ။ ဖူးငယ်မှာလည်း နှစ်သိန်းလောက်ပဲ ပါတယ်။ သွားမှာက ပဲခူးအထိလေ။ အနည်းဆုံး ဆယ်သိန်း လောက်ပါမှ ဖြစ်မှာပေါ့။ ဖြစ်ချင်တော့ ဖုန်းထဲမှာကလည်း ပိုက်ဆံထည့်မလာမိဘူးရယ်... "

"ဖူးငယ်ကဘယ်မှာနေတာလဲ?"

"ဖူးငယ်လည်း ဒီမှာပဲတည်းတာလေ... အန်ကယ်ရဲ့..."

"ဒါဆိုဒီလိုလုပ်ပါလား? ဖူးငယ်လိုတဲ့ငွေကို ဦးဆီက ခဏယူသွားပေါ့။ ခရီးကပြန်လာရင်တော့ ပြန်ပေးပေါ့။ အလုပ်မှာ အဲ့လို အခက်အခဲရှိရင် ဦးလည်း အရမ်းစိတ်ညစ်တာ။ ကိုယ်ချင်းစာလို့ ခုလို ကူညီပေးတာပါ။ တစ်မျိုးတော့ မထင်နဲ့နော်။ နောက်ပြီး ဦးလည်း ဒီ Hotel မှာပဲ တည်းတာလေ"

မထင်မှတ်လှစွာ သူမရဲ့ခွင်ထဲ လွယ်လွယ်ကူကူဝင်လာတဲ့ ထိုလူကြီးကို သူမအံ့သြစွာကြည့်ပစ်လိုက်သေးတယ်။

"မဟုတ်တာဦးရယ်။ ခရီးကတော့ ညနေဆိုပြန်ရောက်ပြီလေ။ သူတို့ကလည်းချက်ချင်းကိုသွားချင်နေတော့တာပဲ။ ခဏလေးတောင် မစောင့်နိုင်တော့ဘူး။ ဟိုမှာလေ့လာဖို့အချိန်မရမှာစိုးလို့တဲ့။ Hotel Manager၀င်နေတဲ့ Meetingကလည်းနောက်ထပ် တစ်နာရီလောက် ကြာဦးမယ်တဲ့။ အဲ့ဒါကြောင့် ဖူးငယ်အခက်တွေ့နေတာ... နောက်ပြီး သိတဲ့အတိုင်းပဲ။ တစ်ခုခုဆို ဖူးငယ်က အလုပ်ပြုတ်ချင် ပြုတ်နေဦးမှာ..."

"ဒါဆိုလည်း အန်ကယ်ပြောသလိုပဲ အန်ကယ့်ငွေကိုယူသွားလိုက်ပါ။ ညနေရောက်တာနဲ့ပြန်ပေးပေါ့။ ဟုတ်လား?"

"ဖူးငယ်က သူများဆီကအဲ့လိုမျိုးအကူအညီမတောင်းဖူးတော့ အားနာတယ်ဦးရဲ့..."

"အားမနာပါနဲ့ကွယ်။ သမီးကအကူအညီတောင်းတာမှ မဟုတ်တာပဲ။ ဦးကပေးတာလေ။ ယူသွားလိုက်ပါ...ခဏနော် ဦး ဟိုတယ်ခန်းထဲကနေ သွားယူပေးမယ်..."

"အော် ဟုတ်... အာ့ဆို သမီး ဧည့်ခန်းထဲ ထိုင်စောင့်နေလိုက်မယ်နော်"

"အော်... အေးအေး..."

ထိုလူကြီး ဟိုတယ်ဓါတ်လှေကားနဲ့ အပေါ်ထပ်ကိုတက်သွားတယ်။

သူမကတော့ ဟိုတယ်ဧည့်ခန်းထဲဝင်ထိုင်နေလိုက်မိတယ်။

သိပ်မကြာဘူး။ ထိုလူကြီးဆင်းလာတယ်။

သူမဆီကို ၁ သောင်းတန် ဘဏ်အုပ် တစ်အုပ်ပေးတယ်။

"လိုလိုမယ်မယ် ဆယ်သိန်းယူသွားလိုက်။ ညနေကျ ပြန်ပေးပေါ့... အေးဆေးလုပ်နော်။ ဒါပေမဲ့ ညနေ အရမ်းနောက်ကျရင်တော့ ဒင်နာလိုက်ကျွေးရမယ်"

"အမယ်လေး ဖူးငယ်တို့က လစာနဲ့လုပ်ရတာပါနော်။ ဦးလေးတို့လို သူဌေးတွေကို ဒင်နာတစ်ညတာလိုက်ကျွေးရင် ဖူးငယ်တို့ တစ်လစာက ရိပ်ကခနဲ ကုန်သွားမှာ"

"အော် ဒါဆိုလည်း ရှင်းပါတယ်။ ကိုယ်က ဒင်နာလိုက်ကျွေးမယ်။ မင်းက လိုက်စားပေါ့။ နောက်မှ ဘားတို့ ကလပ်တို့ သွားချင်လည်းပြောပေါ့... ဒါက နောက်ပိုင်း ပလန်ပါ... ဟုတ်ပြီလား?"

"အော်... ဟုတ် ဟုတ်။ ခုလို ကူညီပေးတာ ကျေးဇူးနော်... အာ့ဆို တာ့တာနော်။ သမီး ဖုန်းနံပါတ် ယူထားဦးမလား?"

"အင်း ယူထားလိုက်မယ်လေ... သတိရရင် ဖုန်းဆက်မယ်"

"အော... ဟုတ်ပါပြီတဲ့ရှင်း... ကျမနံပါတ်က..."

ပါးစပ်ထဲရှိတဲ့နံပါတ်တစ်ချို့ ရွတ်ပေးလိုက်မိတယ်။

ပြီးတာနဲ့ သူမ ကားငှားရတော့မယ်ဆိုတာ ဟိုတယ်ရှေ့ ခပ်သွက်သွက်လေး ထွက်ခဲ့လိုက်မိတယ်။

ဟိုတယ်ရှေ့မှာ ဟိုဖော်ရိန်နာ ၃ ယောက်တောင် ရှိမနေတော့ဘူး။

သူမလည်း ခပ်သွက်သွက်လေး Taxi တစ်စီးငှားပြီး ထိုနားကနေ ထွက်ခဲ့လိုက်ရတယ်လေ။

ဧည့်ခန်းထဲကျန်ခဲ့တဲ့ ထိုလူက သူမရဲ့ ဖုန်းနံပါတ်ကိုခေါ်ကြည့်တယ်နဲ့တူပါတယ်။

ဖုန်းက တလွဲကြီး။

ချက်ချင်းပဲ အလိမ်ခံရပြီဆိုတာသိပြီး ဟိုတယ်ရှေ့ ပြေးထွက်လာတဲ့အချိန် သူမငှားခဲ့တဲ့ Taxi လေးက အောင်ဆန်းကွင်းနားပင် ကျော်လုလုဖြစ်နေပြီလေ။

---------------------------------------------------

ခရီးဆောင်အိတ်ကိုတွန်းရင်း အနားကိုရောက်လာတဲ့ ဦးမောင်သိန်းဟာ သူမကို အပြုံးနဲ့နှုတ်ဆက်နေရင်းက နှင်းဆီကိုလည်းမြင်ရော မျက်နှာက သိသိသာသာပျက်သွားပြီ။

အေးပေါ့လေ... ဦးမောင်သိန်းဟာ ဘူးထ,ရမလားဆိုပြီး ငွေဆယ်သိန်း အမ်းခဲ့မိတာ။

ဆယ်သိန်းလည်းဆုံး၊ ဘူးလည်းမဘူးခဲ့ရတာကိုတော့ ဘယ်မေ့မှာလဲ။

"ဖလိုက် အဆင်ပြေခဲ့ရဲ့လား ဦးမောင်သိန်း..."

"ဟုတ်ကဲ့... အဆင်ပြေပါတယ်"

"အော်... ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်... ဒါက ကျမတို့ Company ရဲ့ ၀န်ထမ်းသစ် ပန်းနှင်းဆီတဲ့"

"ပန်းနှင်းဆီ... ဟုတ်လား... သေချာတာတော့ ကိုယ် မင်းကို မြင်ဖူးဆုံဖူးနေတယ်။ ဟုတ်ရဲ့လား မိန်းကလေး..."

ပိုင်နိုင်ပြတ်သားလှတဲ့ ဦးမောင်သိန်းရဲ့ စကားကို နှင်းဆီတုန့်ပြန်ဖို့ စကားလုံးက ရွေးချယ်ထားပြီးသားပါ။

"ဟုတ်လား... ကျမတော့ အန်ကယ့်ကို မဆုံဖူးဘူးဆိုတာ သေချာပါတယ်..."

"အင်း... ဟုတ်လား... ဒါပေမဲ့ ကိုယ်လည်း သေချာတယ်ကွ။ မင်းကို ဆုံဖူးနေခဲ့တယ်ဆိုတာ။ အော် နောက်ပြီး မြန်မာနိုင်ငံရဲ့ 5 star အဆင့်ရှိတဲ့ဟိုတယ်တွေရဲ့ ဧည့်ခန်းတွေထဲမှာ CCTV တွေရှိတယ်ဆိုတာကိုရော မင်းသိရဲ့လား"

"အဲဒါနဲ့ ကျမကို ဆုံဖူးတာ ဘာများ ဆက်စပ်မှုရှိနေလို့လဲ အန်ကယ်..."

ဦးမောင်သိန်းရဲ့စကားထဲ ဟိုတယ်ဆိုတဲ့ အသုံးနှုန်းပါလာတဲ့အခါ သူမမျက်နှာလေး သိသိသာသာ ငြိုးငယ်သွားတာ နှင်းဆီမြင်လိုက်ရတယ်။

ထိုမြင်ကွင်းကပဲ နှင်းဆီကို ထူပူစေတာ။

ဦးမောင်သိန်းလို လူလောက်ကတော့ သူမသာရှိမနေကြည့်... နှင်းဆီ အသာလေး လှည့်စားနိုင်တယ်။
ဒါပေမဲ့ အခု သူမက ရှိနေလေတော့...

--------------------------------------------------
ဆက်ရန်......

--------------------------------------------------

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now