Episode 30 (Z+U)

2.1K 166 31
                                    

(Zawgyi code)

ရင်ခွင်ထဲမှာ သည်းသည်းထန်ထန် ငိုကြွေးပြီးမှ မိုးရဲ့ ရင်ဘတ်အင်္ကျီကို တင်းကြပ်စွာဆုတ်ကိုင်ရင်း သူမ ခေါင်းမော့လာခဲ့တယ်။

သူမရဲ့ မျက်ရည်တွေရွှဲနေတဲ့ပါးပြင်၊ ငိုထားလို့ နီရဲနေတဲ့ နှာခေါင်းထိပ်၊ ဖူးယောင်သလိုဖြစ်နေတဲ့ နှုတ်ခမ်းတွေဟာ မိုးကို ဆွဲဆောင်လွန်းနေတယ်။

"တို့... တို့ မင်းအတွက် ဘာကူညီပေးရမလဲဟင်? တို့ကိုပြောပါ..."

"မေးတာအားလုံး ဖြေမယ် MD။ ဒါပေမဲ့ လောလောဆယ် ကျမကို လွှတ်လိုက်ပါ။ အခြေအနေတွေ မကောင်းတော့ဘူး။ ကျမတို့ ကားအောက်ဆင်းပြီးပြောရအောင်နော်"

"ဘာဖြစ်လို့လဲဟင်?"

"ဒီတိုင်းသာဆက်နေရင် သေချာတယ်... ကျမ MD ကို နမ်းမိတော့မယ်။ နမ်းချင်လာတဲ့စိတ်ဟာ စော်ကားတဲ့စိတ်ကြောင့်၊ အထင်သေးတဲ့စိတ်ကြောင့်ဖြစ်လာတာမဟုတ်ဘူးနော်... မြတ်နိုးတဲ့စိတ်ကြောင့် ဖြစ်လာတာ..."

"ဒါပေမဲ့ ဘယ်လိုပဲဖြစ်လာ ဖြစ်လာ..."

"သိတယ်... သိတယ်... သိပါတယ် MD ရယ်။ မပြောပါနဲ့။ ပိုင်ရှင်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်လောက်ပဲ ချစ်မိနေပါစေ... စောင့်ထိန်းရမယ့် စည်းတွေဘောင်တွေရှိတယ်ဆိုတာ ကျမ သိနေပါတယ်။ အဲဒီတော့ MD ဘာမှမပြောပါနဲ့နော်... ကဲ MD ကားပေါ်မှာ နေခဲ့လိုက်ပါ။ ကျမ ကားအောက်ခဏဆင်းမယ်"

ပြောပြီးတာနဲ့ မိုး ခပ်သွက်သွက်ပဲ ကားပေါ်က ဆင်းခဲ့လိုက်တယ်။

ဒါပေမဲ့ ချက်ချင်းပါပဲ သူမပါ ကားပေါ်က ဆင်းလိုက်လာတယ်။

"ဘာလုပ်တာလဲ? နားနေပါဆို..."

"တို့ကိစ္စကို ခဏထား... မင်းအခုဘာလုပ်မှာလဲ... မင်းရောဂါကို ဒီတိုင်းထားလိုက်တော့မလို့လား? ဒီမှာမရရင် တခြားနိုင်ငံမှာသွားကုကြမယ်လေ... တို့အားလုံးကူညီမယ်လေ"

"ကူညီမယ်? ဟုတ်လား... ဘယ်လိုကူညီမှာလဲ... ငွေအားနဲ့လား? ငွေအားနဲ့ဆို MD သိထားရမှာက ကျမအတွက် ငွေမရှားဘူးနော်။ ရှာရတာလည်း အရမ်းလွယ်တယ်"

"ဒါဆို တို့က ဘယ်လိုကူညီပေးရမလဲပြော... မင်းအသက်ဆက်ဖို့ပဲ အရေးကြီးတယ်။ အစားထိုးလို့ရလား? တို့လှူမယ်လေ"

"အဲဒီလောက်ထိလည်း မလိုပါဘူး MD ရယ်။ ဘာမှလုပ်လို့မရတော့ဘူးဆိုလို့ ငြိမ်နေလိုက်တော့တာ... ထားလိုက်ပါတော့"

"ဟာ... နှင်းဆီ... မင်းစကားပြောတာ စည်းတွေဘောင်တွေမဲ့လိုက်တာ..."

"ရှင်?"

"မင်း တို့ဘ၀ထဲကို စပြီးဝင်လာတော့လည်း တို့ကို အသိမပေးခဲ့ဘူး၊ တို့ကို သတိမပေးခဲ့ဘူး။ မင်းဝင်ချင်သလို ၀င်ခဲ့တယ်။ အေး မင်းကို သံယောဇဉ်တွယ်ပြီး ချစ်မိသွားပြီဆိုတော့ မင်းတို့ဘ၀ထဲက အကြိမ်ကြိမ် အသိမပေးပဲ ပြန်ပြန် ထွက်သွားခဲ့တယ်။ ပြန်ထွက်သွားမှာစိုးလို့ တို့အကြိမ်ကြိမ်တောင်းပန်ပြီး မင်းကို အနားရအောင်ခေါ်ထားဖို့ ကြိုးစားခဲ့လည်း မင်းထွက်သွားတာပဲ။ တို့ကို အသိပေးခဲ့လား..."

သူမ မကျေနပ်မှုတွေကို မျက်ရည်စက်တွေနဲ့အတူ ထုတ်ဖော်ရင်းမေးလာတော့ မိုး အားနာစွာဖြင့် ခေါင်းငုံ့မိနေရင်းမှ ခေါင်းခါပြမိတယ်။

"မပေးခဲ့ဘူး......"

"အနည်းဆုံး နှင်းဆီ... မင်းနာမည်အရင်းကိုတောင် တို့မသိခဲ့ရတဲ့အဖြစ်။ တို့တွေ ချစ်ကြိုက်ခဲ့ကြတယ်ဆိုတာ အများအမြင်မှာ။ တကယ်က တို့တွေ ဘယ်လောက်အဆင့်ထိပတ်သတ်ခဲ့ကြလဲဆိုတာ တို့တွေပဲ သိတယ်။ ဒဲ့ပဲပြောမယ်။ တို့ မင်းနဲ့ ညားခဲ့တာ နှင်းဆီ။ အတူတူအိပ်ခဲ့ပြီးတာတောင် တို့ မင်းနာမည်အမှန်ကို မသိခဲ့ရဘူး၊ သိခွင့်မရှိခဲ့ဘူး။ တို့ ဘယ်လောက်နာကျင်ရမလဲဆိုတာ မင်းတွေးမိလား?"

မကျေနပ်မှုတွေနဲ့ ပြောရင်း သူမ ချွေးတွေထပ်စို့လာပြီး မျက်ရည်တွေ ဝေ့လာပြန်တယ်။

"MD တော်ပြီ။ ဘာမှထပ်မပြောနဲ့တော့။ ကျမ အကုန်သိနေတာဆိုတော့ ဘာမှထပ်မပြောနဲ့။ လာ... ရိုက်လိုက်။ ဒီပါးကို အားရပါးရ ရိုက်ပစ်လိုက်... လာ... အာ့ဆို MD ဒေါသစိတ်တွေ လျော့ကုန်မယ်"

မိုးပြောရင်း ပါးလေးမော့ပေးကာ သူမဆီ တိုးပေးမိတယ်။

" MD ရိုက်လိုက်ပါဆို။ ဘာလို့ ကြည့်နေတာလဲ?"

"မခေါ်နဲ့ မင်းတို့ကို MD လို့"

"ကဲ... ရိုက်လိုက်ပါဆို MD ရယ်။ လာ ရိုက်... ရိုက်..."

မိုးပြောရင်း သူမရဲ့လက်တစ်ဖက်ကိုယူကာ ပါးကို ရိုက်နိုင်အောင်လုပ်မိတယ်။

အဲဒီအခါမှာတော့ သူမက လက်ကို အတင်းပြန်ရုန်းတာလေ။

"နှင်းဆီ... တော်တော့... မင်း တို့လက်ကိုလွှတ်"

"မလွှတ်ဘူး... ရိုက်လိုက်... ရိုက်လိုက်မှ ခင်ဗျားအေးမယ်... ခင်ဗျားပါးစပ်ပိတ်မယ်... ရိုက်လိုက်..."

"မရိုက်ဘူး... ဖယ်စမ်း..."

သူမ ဒေါသဖြင့် လက်ကို အတင်းရုန်းတယ်။

မိုးလည်း သူမနာကျင်ရမှာစိုးလို့ လက်ကို လွှတ်ပေးလိုက်မိတယ်လေ။

သူမ လက်ဖမိုးလေးတောင် နီရဲလို့။

"တော်ပြီ... ပြီးခဲ့တာတွေ ထားတော့... မင်းကိုလည်း မရိုက်ချင်ဘူး။ အခု ရှေ့ဆက်ဖို့ကိစ္စပဲ ဆက်ပြောမယ်။ မင်းတို့ကို မင်းအနားမှာ ၆ လခေါ်ထားချင်တာ တကယ်လား?"

"တကယ်ပေါ့... တကယ်မဟုတ်ပဲ ဘယ်သူက ခင်ဗျားချစ်သူရှေ့ မျက်နှာပြောင်တိုက်ပြီး ပြောမှာလဲ?"

မိုး ပေစောင်းစောင်းမျက်နှာပေးလေးနဲ့ သူမကို ခွန်းတုန့်ပြန်နေမိသေးတာ။

"အေး အဲဒါဆို တို့ လာနေပေးမယ်..."

အဲဒီစကားက မိုးရင်ထဲ ခေါင်းလောင်းတစ်ခု တီးလိုက်ရင် ခေါင်းလောင်းနံရံတွေ လှုတ်ခါသွားသလို၊ မြေငလျှင်လှုတ်ရင် တောင်တန်းတွေ လှုတ်ခါသလိုကို လှုတ်ခါသွားရတာ။

"တကယ်လား... တကယ်ကြီးလား... အာ့ဆို ကျမတို့ လက်ထပ်ကြမှာလား?"

မျှော်လင့်ချက်အပြည့်၊ မျက်ရည်တွေဝေ့ရင်း သူမလက်လေးနှစ်ဖက်လုံးကို ဆွဲယူကိုင်၊ ရင်ဘတ်နားတွင်ကပ်ရင်း မေးမိတော့ သူမ ဆွံ့အနေတယ်။

ဘာပြန်ဖြေရမှန်းမသိပဲ မိုးကို မျက်လုံး အ၀ိုင်းသားနဲ့ ငေးကြည့်နေတယ်။

" MD မေးတာကို ဖြေပါဦး။ လက်ထပ်ကြမှာလားလို့?"

"ဘာကို လက်ထပ်မှာလဲ မိုးနှင်းဝေ..."

မကျေနပ်တဲ့ အသံတစ်ခု လက်တစ်ကမ်းလောက်အကွာက ထွက်ပေါ်လာခဲ့တယ်။

လှည့်ကြည့်လိုက်တော့ အယ်လီယာနာ။

မကျေနပ်တဲ့ မျက်ထောင့်နီနဲ့ မိုးကို စိုက်ကြည့်ရင်း အနားတိုးလာတယ်။

ပြီးတော့ မိုးလက်ထဲက သူမရဲ့လက်ကို ပြန်ဆွဲယူသွားတယ်။

"ရောက်နေကြတာ သင်္ချိုင်းကုန်းဆိုတာလည်း သတိထားဦးနော်..."

အယ်လီယာနာက မကျေနပ်စွာဖြင့် ပိုင်ရှင်ပီပီ သူမကို အနားသို့ ဆွဲခေါ်လိုက်တယ်။

"ဘာတွေဖြစ်နေကြတာလဲဆိုတာ ပြောပါဦး မမ"

အယ်လီယာနာက မိုးရှိနေတာကိုတောင် စိတ်မ၀င်စားသလိုနဲ့ သူမရဲ့ပါးပြင်နှစ်ဖက်ကို တယုတယကိုင်ပြီးမေးတယ်။
"လီလီ... မင်းတို့ကို စိတ်ဆိုးပြီးထွက်သွားခဲ့တာမဟုတ်လား... မနက်က?"

"စိတ်ဆိုးတာတော့ ဆိုးတာပေါ့။ ဒါမဲ့ လီလီက ဘယ်တုန်းကများ မမကို အကြာကြီး စိတ်ကောက်နေနိုင်လို့လဲ? ထွက်သွားပြီး ကားပါကင်ရောက်နဲ့ မမကို စပြီး လွမ်းနေပြီ။ အာ့နဲ့ ခဏတော့ စိတ်ပြေအောင် ကားပေါ်ထိုင်နေပြီး မမဆီပြန်လာခဲ့တာပဲ... ဒါမဲ့ မမက မရှိတော့ဘူး။ မေးကြည့်တော့ သူတို့လည်း မသိဘူးတဲ့။ အာ့နဲ့ လီလီလည်း မမပြန်အလာကို ရုံးကနေပဲ ထိုင်စောင့်နေမိတာ။ နောက်စိတ်ထဲ ထင့်နေလို့ သူ့Company ကို ဖုန်းဆက်မေးကြည့်တော့ မမ ရောက်လာတယ်တဲ့၊ နောက် ရေဝေးကိစ္စကို သိရတာပဲ။ အဲဒါနဲ့ အခုလိုက်လာခဲ့တာ"

လီလီက သူမလက်ကို တယုတယကိုင်ရင်း သေချာရှင်းပြနေတာကို မိုးကြည့်ရတာ စိတ်ထဲ စူးလာတယ်။

ချက်ချင်းပဲ အကြည့်ကို အဝေးဆီ လွှဲပစ်မိတော့ မီးခိုးခေါင်းတိုင်က ထွက်သွားတဲ့ မီးခိုးငွေ့တွေကို လှမ်းမြင်လိုက်ရတယ်လေ။

"ကဲ အခု ဘာတွေဖြစ်နေကြတာလဲ... လီလီ့ကိုလည်း ပေးသိပါဦး။ မိုးနှင်းဝေ... ငြိမ်လှချည်လား။ မမကို ဒီထိ ရောက်လာအောင် ဘယ်လိုစကားတွေနဲ့ ဇာတ်လမ်းဆင်ခဲ့တာလဲ?"

"မိုးက မင်းရဲ့မမကို လာပါ လာပါလို့ ခေါ်ထားတာ မဟုတ်ဘူးနော် လီလီ..."

မိုး ခပ်တည်တည်နဲ့ ဖြေလိုက်တော့ လီလီ ခဏတော့ငြိမ်ကျသွားတယ်။

"လီလီ... မမ မင်းကိုပြောစရာရှိနေတယ်..."

"ဟုတ်ကဲ့။ လီလီနားထောင့်ပါ့မယ်။ ဒါမဲ့ လီလီတစ်ခုတော့သေချာပြောပါရစေ... လီလီ ဘာအကြောင်းကြောင့်နဲ့မှ မမကို လက်လွှတ်မှာမဟုတ်ဘူးနော်။ နောက်ပြီး မမက သူ့ကို မုန်းနေပါပြီပြောလို့ လီလီက မမရဲ့ အသည်းကွဲတဲ့ဝေဒနာကို ကုစားချင်လို့ မမနဲ့ နီးစပ်အောင်ကြိုးစားယူခဲ့ရတာပါ။ သူ့လက်ထဲကနေ လုယူခဲ့တာမဟုတ်လို့ လီလီလိပ်ပြာရှင်းတယ်။ ဒီတော့ မိုးကိုလည်း တစ်ဆက်တည်းပြောချင်ပါတယ်။ လီလီ... မမကို ဘာကြောင့်နဲ့မှ အဆုံးရှုံးမခံပါဘူး။ ခဏတာအတွက်လည်း လက်မလွှတ်ပါဘူး၊ မိုးနှင်းဝေ မမဘ၀ထဲက ထွက်သွားပြီးတဲ့နောက်ပိုင်း လီလီတို့ တွေ့ခဲ့ကြတယ်၊ လီလီနဲ့ မမ စပြီး ချစ်သူဖြစ်ချိန်ကနေစပြီး နောက်တစ်သက်လုံး လီလီတစ်ယောက်တည်းကပဲ မမရဲ့ ချစ်သူဖြစ်ရမယ်။ အဲဒါက သိပ်ကို သေချာလှပါတယ်"

လီလီ့စကားက ရိုးရှင်းလွန်းလှတယ်။ ဒါမဲ့ လီလီသာလျှင် မမရဲ့ ပိုင်ရှင်ဆိုတာ ဒဲ့မပြောရုံတမယ်၊ ပေါ်လွင်နေပြီလေ။
သူမက မိုးကိုလှည့်ကြည့်လာတယ်။

"တို့တွေ တစ်နေရာရာမှာ စကားသွားပြောသင့်ပြီနဲ့တူတယ်... အဲဒါ မင်းတို့ အဆင်ပြေပါ့မလား"

သူမ မျက်နှာပူစွာဖြင့် ခေါင်းငုံ့ရင်းပြောလိုက်တော့ လီလီနဲ့ မိုးတို့ အကြည့်ချင်းဆုံသွားတယ်။

ဒီဇာတ်ကို ခပ်အေးအေးလေးပဲ ကမယ်လို့ တွေးထားတဲ့ မိုးကတော့ "MD သဘောလေ"လို့ပြောလိုက်တဲ့အချိန် လီလီက သူမလက်ကို ဆတ်ခနဲ ဆွဲကိုင်ကာ လီလီ့ကားပေါ်ဆီသို့ ခေါ်ဆောင်သွားလိုက်တယ်လေ။

"မမကားကို လူလွှတ်ပြီး ယူခိုင်းလိုက်မယ်..."

သူမက ဘာမှပြန်မပြော။ လီလီ ဖွင့်ပေးတဲ့ ကားတံခါးထဲဝင်ပြီး ကားပေါ်တက်သွားတယ်။

ထိုမြင်ကွင်းကို ကြည့်နေမိတဲ့ မိုးရဲ ရင်ဘတ်ထဲမှာ ဆွဲကိုင်ချေခံလိုက်ရသလို နာကျင်သွားရတာ။

အရင်က မပြည့်စုံခဲ့ရတဲ့ဘ၀မို့ လိမ်လည်ခြင်းကို လုပ်ခဲ့ရတယ်။

မပြည့်စုံခြင်းဟာ ချစ်သူကိုပါ ဆွဲခေါ်တာကို ခံခဲ့ရတယ်။

အခု ပြည့်စုံတော့ သိပ်ကိုချစ်ခဲ့ရတဲ့ သူမအနားမှာ ကိုယ်မဟုတ်တဲ့လူက ရှိနေပြီ။

အား... အတွေးတွေက နာကျင်စရာကောင်းလိုက်တာ။

ငေးစိုက်ကြည့်နေမိရင်းက မိုးမြင်ကွင်းက ၀ါးတားတားဖြစ်လာတယ်။

လီလီက အောင်နိုင်သူအပြုံးနဲ့ ကားတံခါးကို အုန်းခနဲ ပြန်ပိတ်ပေးရင်း မိုးကို ခေါင်းမော့ရင်ကော့ရင်း လှမ်းကြည့်တယ်။

မိုး ခပ်အေးအေးလေး လီလီ့ကိုကြည့်ရင်း ရပ်ထားတဲ့ သူမကားဆီသို့ ပြန်လျှောက်ဖို့ ကြိုးစားရင်း သူမ နောက်ဆုံးမြင်လိုက်ရတာက အငွေ့တလူလူထွက်နေတဲ့ ခေါင်းတိုင်ကြီးဟာ ဝေ့လည်ရင်း လည်ရင်းနဲ့ အထက်အောက်တွေ ပြောင်းပြန်လန်ကုန်တယ်။

နောက်ပြီး လူတွေရဲ့ ခြေလှမ်းတွေကို မိုးမြေပြင်နားကပ်လျက် အတိုင်းသားမြင်လိုက်ရသေးတယ်။

ပြီးတော့ အားလုံး အမှောင်ကျသွားတာပါပဲ။

------------------------------------------------

"တီ...တီ...တီ...တီ..."

နှလုံးခုန်တိုင်းတာစက်က ထွက်ပေါ်နေတဲ့အသံဟာ မိုးအာရုံထဲ ဆိုးရွားစွာ ထိုးစိုက်ဝင်လာတယ်။

အာရုံက လေးလံနေသေးလို့ မျက်လုံးက ချက်ချင်းမဖွင့်နိုင်သေး။

"ရတယ်ခင်ဗျ... အခုလို မိုးနှင်းဝေ မူးလဲတိုင်း ကျတော့်ကို ဖုန်းဆက်ပေးတဲ့အတွက် ကျတော်ကပဲ ပိုပြီး ကျေးဇူးတင်နေမိတာပါ"

"ဒေါက်တာက သူ့ကို ကုပေးနေတာဆိုတော့လေ... ဒေါက်တာ့ကိုပဲ ဖုန်းဆက်လိုက်တာပါ"

"ဟုတ်ကဲ့... သူ့ရောဂါက ရင့်လာလေ အခုလို မူးလဲတာတွေက ပိုပိုပြီးဖြစ်လာမှာ။ အဲဒါကြောင့် ဖြစ်နိုင်ရင် သူ့ဘေးမှာ အဖော်တစ်ယောက်တော့ အမြဲရှိနေပေးစေ့ချင်တယ်။ ပိုဆိုးတာ မိုးနှင်းဝေက ဘယ်သူ့စကားမှ နားမထောင်ဘူးဗျ။ သူလုပ်ချင်တာ လုပ်နေရရင် ကျေနပ်နေတာ။ သူ့ရောဂါကိုလည်း မငဲ့ဘူးဗျာ"

ဒေါက်တာကျော်ဇောနဲ့ သူမရဲ့အသံ။

မျက်လုံးတွေ မဖွင့်ခင်တည်းက မိုးသိနေနှင့်ပြီ။

ဘာပဲဖြစ်ဖြစ် မိုးအနားမှာ သူမရှိနေတယ်ဆိုတဲ့အသိနဲ့မျက်လုံးတွေ ဖွင့်လိုက်နိုင်ဖို့ အားအင်က ပြည့်သွားရတယ်လေ။

"ဟော... မိုးနှင်းဝေ သတိရလာပြီ"

ဒေါက်တာနဲ့အတူ သူမက မိုးအနားရောက်လာတယ်။

"ဘယ်လိုနေသေးလဲ မိုးနှင်းဝေ..."

"ဘာမှမဖြစ်ပါဘူးဒေါက်တာ... အေးအေးဆေးဆေးပါပဲ..."

"အဲ့လိုပဲ ဖြေမယ်ဆိုတာ သိနေပြီးသားပါ မိုးနှင်းဝေ။ ကဲ သက်သာပြီဆိုရင် ဘာဆက်လုပ်မှာလဲ?"

"ကျမက ဆေးရုံမှာလား..."

"မဟုတ်ဘူး။ ကျတော့်အိမ်မှာပါ။ မိုးနှင်းဝေ မူးလဲတဲ့အကြောင်း ဖုန်းဆက်တုန်းက ကျတော်က Duty မရှိဘူးလေ။ အာ့နဲ့ အိမ်ကိုပဲ လှမ်းခေါ်လိုက်တာ"

"ကျေးဇူးပဲ ဒေါက်တာရယ်... ဒေါက်တာ့နားချိန်ကြီး... အားနာလိုက်တာ..."

မိုးပြောရင်း ကုန်းကျုံးထတယ်။ ဒါကို သူမ အလိုက်သင့်လေး လှမ်းကာ ဖေးမပေးတယ်။

"ကြိုက်တာလုပ်ပါ။ မပြောလည်းလုပ်မှာသိလို့ ခွင့်ပြုပေးလိုက်တာပါ။ ဒါမဲ့ တစ်ခုပဲ။ ဘေးမှာ လူတစ်ယောက်ယောက်ကိုတော့ အဖော်အဖြစ်ထားထားပေးပါ မိုးနှင်းဝေရယ်။ မဟုတ်ရင် ပိုင်ရှင်ပျောက် အလောင်းကောင်တွေထဲ ကျတော်လိုက်ရှာနေရပါဦးမယ်"

ဒေါက်တာကျော်ဇောနဲ့ မိုးတို့ကြားက ဆက်ဆံရေးကိုကြည့်ခြင်းအားဖြင့် မိုးရဲ့ကျန်းမာရေးကြောင့် ဘယ်လောက်ထိ ခင်မင်ရင်းနှီးနေကြပြီလဲဆိုတာ သိသာလှပါတယ်။

ဒါကို သူမ နှုတ်ဆိတ်နေလိုက်တယ်။ ဘာမှ မမေးတော့။

ဒါမဲ့ သူမ သိတာက ဒီအချိန်ကစပြီး မိုးကို တစ်ယောက်တည်း ထားလို့မရတော့ဘူးဆိုတာပါပဲ။

"ကဲ မင်းအိမ်ပြန်မယ်မို့လား။ တို့လိုက်ပို့မယ်။ လိုက်ပို့မယ်ဆိုတာ တို့ပဲမဟုတ်ဘူး။ လီလီလည်းပါတယ်။ လီလီ့ကားနဲ့ပဲ သွားကြမှာ..."

"အော်... ဟုတ်..."

"တို့တွေ ပြောစရာရှိတယ်ဆိုတာ မင်းအိမ်ရောက်မှပဲပြောကြတာပေါ့..."

"ဟုတ် MD။ အိမ်ရောက်မှပဲပြောကြမယ်လေ... ဒါနဲ့လီလီရော?"

"သူအပြင်မှာ။ ကားထဲမှာ..."

"အော်... ဟုတ်..."

ဒီလိုနဲ့ လီလီမောင်းတဲ့ကားဖြင့် မိုးနဲ့သူမတို့ မိုးအိမ်သို့ ပြန်ဖြစ်ခဲ့ကြတယ်။

ကားပေါ်တက်ခါနီး ဒေါက်တာက မိုးကို "တစ်ယောက်တည်း နောက်ခန်းမှာထိုင်မယ်ဆိုလည်း လှဲနေနော်"လို့ လှမ်းသတိပေးတယ်။

ဒီတော့ သူမကပဲ အလိုက်သိစွာဖြင့် "လီလီ... တို့ သူနဲ့အတူတူ အနောက်ခန်းမှာ ထိုင်လိုက်ခဲ့မယ်နော်"ဆိုပြီး ခွင့်တောင်းတယ်။

လီလီက ဘ၀င်တော့ ဘယ်ကျမလဲ။

ဒါပေမဲ့ ခုက ကျန်းမာရေးကိစ္စဖြစ်နေလေတော့ အောင့်သက်သက်နဲ့ပဲ ခွင့်ပြုပေးရတော့တာပေါ့။

သူမက မိုးအတွက် ကားတံခါးဖွင့်ပေးတယ်။

"MDလည်း ဒီဖက်ကပဲ တက်ပါလား။ အရင်တက်လိုက်နော်။ မိုးနောက်မှပဲ တက်တော့မယ်"

မိုးပြောတဲ့အတိုင်း သူမ ခေါင်းလေးညိတ်ရင်း ကားပေါ်အရင်တက်သွားတယ်။ ပြီးမှ မိုးကားပေါ်တက်လိုက်တယ်။
လီလီက ကားနောက်ခန်းကို ဘတ်ကြည့်မှန်ကနေလှမ်းကြည့်သေးတယ်။ ပြီးတော့မှ ကားမောင်းထွက်တယ်လေ။

ကားမောင်းနေတဲ့ အချိန်တစ်လျှောက်လုံးလည်း လီလီက နောက်ခန်းကို တစ်ချက်ချက် လှမ်းလှမ်းကြည့်သေးတာ။

လီလီ့အကြည့်တွေထဲ သူမက မိုးကို လက်ကိုင်ထားမှာ၊ ဖေးမစွာ ပခုံပေးမှီထားမှာတွေ စိုးရီမ်နေတဲ့ပုံ။

ဒီလိုနဲ့ လီလီကားမောင်းလာရင်း မီပွိုင့်တစ်ခုကို ရောက်တယ်။

မိုးက ဘာလို့ရပ်လိုက်တာလဲဆိုတဲ့ပုံစံဖြင့် ခေါင်းထောင်ကြည့်မိတော့ ရောက်နေတဲ့ မီးပွိုင့်က AD မီးပွိုင့်။
"အော် အေဒီမီးပွိုင့်ကိုတောင်ရောက်ပြီပဲ"

မိုးအထာပါပါပြောရင်း သူမကို ဒိန်းခနဲ လှည့်ကြည့်လိုက်တော့ သူမမျက်နှာက ရဲခနဲ၊ ခေါင်းပါ ငုံ့ချသွားတာ။
လီလီက ဘတ်ကြည့်မှန်ကနေ သူမနဲ့ မိုးကို လှမ်းကြည့်သေးတယ်။

"ဘာဖြစ်လို့လဲ မိုး... အေဒီမီးပွိုင့်ကိုရောက်တာ ဘာများထူးဆန်းလို့လဲ?"

"ဟင့်အင်း မထူးဆန်းပါဘူး။ ဒါမဲ့ လီလီသိလား ဒီမီးပွိုင့်က သိပ်ကြာတယ်ဆိုတာ..."

"အင်း သိတယ်လေ။ ကားစမောင်းတည်းက သတိထားမိပါတယ်..."

"အေးဟာ... မိုးလည်း ဒီပွိုင့်ကိုရောက်ရင် မီးပြန်စိမ်းဖို့ သိပ်ကြာလို့လေ... နော် MD... အဲဒီတုန်းက မိုး ကားမောင်းသင်ပြီးကာစနော်..."

မိုးအထာပါပါလေး သူမကို လှမ်းမေးတော့ သူမ ခေါင်းငုံ့ထားဆဲ။

အရမ်းရှက်တဲ့အခါတိုင်း လက်လေးနှစ်ဖက်ကိုခပ်အုပ်အုပ်လေး ကိုင်ထားရင်း လက်ချောင်းလေးတွေကို ချိုးတတ်တဲ့အကျင့်တိုင်း သူမက လက်ချောင်းလေးတွေကို ချိုးနေပြီလေ။

"မိုးပြောပါဦး... မီးပွိုင့်ပြန်စိမ်းဖို့ ကြာလို့ဆိုတော့... အဲဒီတုန်းက မမလည်း မင်းကားပေါ်မှာပါလာတာလား?"

အချိတ်အဆက်မိနေတဲ့ မိုးရဲ့အကြည့်၊ သူမရဲ့ ရှက်စနိုးနဲ့တုန့်ပြန်မှုတွေကြောင့် လီလီက စိတ်ဝင်စားစွာဖြင့် ထမေးလေပြီ။
------------------------------------------------

ဆက်ရန်.........

------------------------------------------------


(Uni code)

လေဒီရှူးအနီနဲ့... ကောင်မလေးWhere stories live. Discover now