(Zawgyi code)
လက်ပမ်းကျသင့်မှန်း သိရဲ့သားနဲ့ သူမ လက်ပမ်းမကျချင်သေးတာ။
ဒီတော့ ဦးခန့်အောင် သတိပေးနေတဲ့ကြားထဲက နှင်းဆီ သွားတတ်တဲ့ လက်ဖက်ရည်ဆိုင်...
နှင်းဆီ ရှိနေတတ်တဲ့ ပန်းခြံထဲက ခုံတန်းရှည်...
နှင်းဆီ ထိုင်တတ်တဲ့ ကော်ဖီဆိုင်...
အဲ့ဒီနေရာတွေကို သူမ မမောနိုင်၊ မပမ်းနိုင်လိုက် ရှာမိသေးတာ။
ဒါပေမဲ့ နှင်းဆီကိုတောင်မဟုတ်၊ နှင်းဆီအရိပ်ကိုတောင် သူမ ရှာမရခဲ့။
ဒီတစ်ခါတော့ နှင်းဆီ တကယ့်ကိုပဲ အစ,ဖျောက်သွားပေပြီ။
သူမမျက်ရည်၊ သူမတောင်းဆိုချက်၊ သူမယုံကြည်မှုတွေကို နှင်းဆီ ကျောခိုင်းပြီး တကယ်ပဲ အစဖျောက်သွားပြီ။
"သူမ ဒီအဆောင်ကိုမလာခင် ဘယ်မှာနေခဲ့ဆိုတာကိုရော?"
သူမကလည်း ရှုံးနိမ့်နေမှန်းသိရဲ့သားနဲ့ အရှက်မရှိစွာနဲ့ပဲ နှင်းဆီကို လိုက်ပို့ခဲ့ဖူးတဲ့ အဆောင်တွေတိုင်းကို လိုက်ရှာစုံစမ်းဖြစ်သေးတာ။
ဒါပေမဲ့ နှင်းဆီ နောက်ဆုံးနေသွားတဲ့ အဆောင်ပိုင်ရှင် ဒေါ်ကြီးရဲ့စကားအရ နှင်းဆီ တကယ်ပဲ အစဖျောက်သွားပြီဆိုတာ သူမ သိလိုက်ရပါတယ်။
ဒါပေမဲ့ သူမအဖြစ်က ဆင်ကန်းတောတိုးဖြစ်နေပြီမှန်း သူမ သိရဲ့သားနဲ့ နားမလည်ချင်သေးပါ။
"နှင်းဆီ အဆောင်က ပြောင်းမသွားခင် ကျွန်မကို စကားတွေ အများကြီး ပြောသွားပါတယ်။ အဆောင်လာငှားပြီး နေကတည်းက စကားလုံးဝ မပြောတဲ့ နှင်းဆီက စကားတွေလာပြောနေလို့ ကျွန်မတောင် အံ့သြရသေးတယ်"
"သူ ဘာတွေပြောသွားတာလဲ ရှင်? ဖြစ်နိုင်ရင် ကျမကို ပြန်ပြောပြပါနော်။ ကျမလေ တစ်ခုခုကိုတော့ အနည်းဆုံး သိချင်လို့ပါ။ ကူညီပါရှင်...နော်"
နောက်ဆုံး နှင်းဆီရဲ့ သတင်းအစအန တစ်ခုလေးအတွက် သူမ အားနာသင့်မှန်း၊ ရှက်သင့်မှန်း နားမလည်ချင်တော့။
သူမကိုယ်သူမ လူကြီးလူကောင်း တစ်ယောက်ဖြစ်ကြောင်းကိုလည်း မေ့တေ့တေ့ဖြစ်နေပြီလေ။
"နှင်းဆီ နောက်ဆုံးပြောသွားတာက သူမအရမ်းစိတ်ညစ်နေတယ်တဲ့။ မလုပ်သင့်တဲ့အလုပ်ကို ထပ်ကာထပ်ကာလုပ်နေမိတယ်တဲ့။ ခွင့်လွှတ်တဲ့လူက ခွင့်လွှတ်ပေမဲ့လည်း သူမက အခွင့်လွှတ်ခံဖို့ ရှက်နေမိပြီတဲ့။ နှင်းဆီဖြစ်မနေရွာကိုပြန်သွားရတော့မယ်တဲ့။ ဒါပါပဲ။ သြော် နှင်းဆီက အဲ့ဒီစကားတွေပြောရင်း ငိုသေးတယ်..."
ငိုသေးတယ်တဲ့လား ပန်းနှင်းဆီ။
အဲ့ဒီ မင်းမျက်ရည်တွေကရော အမှန်တွေဖြစ်ပါ့မလားကွယ်။
ဒါပေမဲ့ အမှန်တွေပဲလို့ သူမ လက်ခံယုံကြည်နေဦးမှာပါ။
"သူမ ပြန်မယ်လို့ပြောတဲ့ ရွာက ဘယ်ရွာလဲ ဟင်? သူမ အဲ့ဒီရွာနာမည်ကိုပြောသွားသေးလားရှင်"
"ဟင့်အင်း ရွာနာမည်ကိုတော့ မပြောဘူး"
"စဉ်းစားကြည့်ပါဦးနော်။ နှင်းဆီပြောတဲ့ရွာက တွံတေးလား... ဒါမှမဟုတ် မင်းဘူးလို့ပြောလား?"
မသိဘူးလို့ပြောနေတဲ့ကြားထဲက ထပ်ကာထပ်ကာမေးတဲ့ သူမကို အဆောင်ပိုင်ရှင်မိန်းမကြီးပင် စိတ်မရှည်တော့။
"မသိလို့ မသိဘူးလို့ပြောပြီးပြီလေ။ ညီမက ဘာများထပ်ပြီး သိချင်သေးတာလဲ?"
စိတ်ပျက်နေတဲ့ အဆောင်ပိုင်ရှင်မိန်းမကြီးက သူမခံစားချက်ကို ဘယ်နားလည်နိုင်မှာတဲ့လဲ။
သူမလည်း နှင်းဆီနဲ့ ပတ်သတ်ပြီး ဘာမှ မသိပါဘူး။
နှင်းဆီပြောခဲ့သမျှက လိမ်စဉ်တွေချည်းပဲလေ။
ဒါပေမဲ့ အဲ့ဒီလိမ်စဉ်တွေထဲကပဲ နှင်းဆီကို ပြန်ရှာလို့ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ရန်ကုန်မြို့ အနှံ့မှာ သူမ ရှာပြီးပြီလေ။
ထပ်ပြီး ရှာဦးမှာပါ။ မတွေ့ တွေ့အောင်ကို ရှာမှာပါ။
နှင်းဆီကို မမုန်းနိုင်တာ။ သူမမှ မခွဲနိုင်တာ။
ချစ်မိနေတုန်းလေ။
အသည်းနာနာနဲ့ကို ချစ်မိနေတုန်းဆိုတော့ မကုန်ခန်းနိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ သူမ ဆက်ပြီးတော့ကို ရှာဖွေနေဦးမှာပါ။
စိတ်ချပါ ပန်းနှင်းဆီ။
မင်းထပ်ပြီးထွက်သွားမယ်မှန်း သိရဲ့သားနဲ့လည်း တို့ ဆက်ပြီးတော့ကို ရှာနေဦးမှာပါ။
သူမ လက်သီး ၂ဖက်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။
ဒါပေမဲ့ သူမရင်ဘတ်ကတော့ ကျေမွနေပါပြီ။
--------------------------------------------------
ရုံးရောက်တိုင်း နှင်းဆီရှိနေတတ်တဲ့ ရုံးခန်းလေးကို မျှော်ကြည့်နေတတ်ဆဲ။
ညနေရောက်တိုင်း "ပြန်တော့မလား MD" လို့မေးတဲ့ နှင်းဆီ အသံကို မျှော်လင့်နေမိဆဲ။
ရုံးဆင်းတိုင်း နှင်းဆီ ဘောလုံးလောင်းတဲ့ ဘီယာဆိုင်ကို သွားကြည့်မိနေဆဲ။
စားပွဲခုံတစ်ခုခုမှာများ နှင်းဆီ ရှိလေမလားဆိုတဲ့ မျှော်လင့်ချက် မှိန်မှိန်လေးနဲ့ပေါ့။
ဘယ်ကိုပဲရောက်ရောက် ဒေါက်ဖိနပ်သံကြားတိုင်း ကိုယ့်ဂုဏ်သိက္ခာကိုပင် မငဲ့ညှာနိုင်ပဲ သမင်လည်ပြန် လှည့်ကြည့်မိဆဲ။
နှင်းဆီနောက်ဆုံးနေသွားတဲ့ အဆောင်ရှေ့ကိုတော့ သူမ ည ၁၀ နာရီဆိုရင် ပုံမှန်ရောက်သွားတတ်ပြီး ကားထဲကနေ အဲ့ဒီအဆောင်အိမ်ကြီးကို ငေးကြည့်မိနေတာလေ။
ပြတင်းပေါက်တစ်ခုခုကနေ နှင်းဆီကို ဘွားခနဲ တွေ့လိုက်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
အခုဆို သူမ၀ယ်ထားတဲ့ နှုတ်ခမ်းနီဗူးလေးတွေတောင် တော်တော်များနေပြီ။
လေဒီရှူးအနီရောင်လေးကတော့ ၁၀ ရံကျော်ကျော်ပဲ ရှိပါသေးတယ်။
သူမ နေပူထဲသွားတိုင်း ထီးမဆောင်းတော့ဘူး။
ပန်းခြံက ခုံတန်းရှည်မှ ထိုင်မိတိုင်း နှင်းဆီငေးကြည့်ခဲ့တဲ့ ရေကန်ကိုပဲ တစိုက်မတ်မတ်ငေးကြည့်နေမိပြီ။
ဦးခန့်အောင်ကို လူပျောက်ကြော်ငြာထည့်ခိုင်းတုန်းက ဦးခန့်အောင် သူမကို တော်တော်စိတ်ပျက်ခဲ့သေးတာ။
"ပန်းနှင်းဆီက သတင်းစာဆို အမြဲဖတ်တာ ဦးခန့်အောင်ရဲ့။ ဒီတော့ သူ့ကို ကျမခွင့်လွှတ်ပါတယ်ဆိုတဲ့အကြောင်းနဲ့ ကျမဆီပြန်လာပါဆိုတဲ့ အကြောင်း ကြော်ငြာလေး ထည့်ပေးပါနော်"
"ကောင်းပြီ။ ထည့်ဆို ထည့်ပေးပါ့မယ်။ ဒါပေမဲ့ MDက နှင်းဆီကို ဘာနာမည်နဲ့ ကြော်ငြာထည့်မှာလဲ။ ပန်းနှင်းဆီ အမြန်ပြန်လာပါလို့ ထည့်မှာလား? ဖူးငယ်အမြန်ပြန်လာပါလို့ ထည့်မှာလား... ဒါမှာမဟုတ်..."
ဦးခန့်အောင် စကားကို ရပ်တံ့ပြီး သူမ့ကို အကဲခတ်တယ်။
နာမည်အရင်းကိုတောင် မသိပဲ နှင်းဆီကို ချစ်ခဲ့မိတဲ့ သူမအဖြစ်။
ဦးခန့်အောင်က အခုလောက်ဆို အမြင်မှန်ရသင့်နေပြီဆိုတဲ့ အကြည့်တွေနဲ့လည်း စိုက်ကြည့်သေးတာ။
သူမ အမြင်မှန်ရချင်နေပေမဲ့ ချစ်မိနေတာကို ဘယ်လိုလုပ်ရမလဲ။
"ဒီလိုလုပ်ပါလား... နှုတ်ခမ်းနီအနီဆိုးပြီး Lady Shoe အနီရောင်ဝတ်တတ်တဲ့ ကောင်မလေးကိုတွေ့ရင် ကျမကိုအကြောင်းကြားဖို့နဲ့ ကျမအဲ့ကောင်မလေးကို ခွင့်လွှတ်တယ်ဆိုတဲ့အကြောင်းထည့်ပေးနော်... ဖြစ်နိုင်ရင် အခုချက်ချင်းသွားပေးပါလား ဦးခန့်အောင်..."
ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်ဖြစ်ပါလျက် ချစ်သူကောင်မလေးကြောင့် မျက်ရည်ဝေ့နေတဲ့ သူမကိုကြည့်ပြီး ဦးခန့်အောင် စိတ်ပျက်စွာ ခေါင်းခါလိုက်တယ်။
"နောက်ပြီး နှင်းဆီက တစ်ခါတစ်လေ စိတ်ညစ်ရင် လေချွန်တတ်တယ်ဆိုတာကိုပါထည့် ကြော်ငြာထဲ ထည့်ရေးပေးပါနော်"
နောက်နေ့တွေမှာတော့ ဦးခန့်အောင် သူမကို ဘာမှဝင်ပြီး မစွပ်ဖတ်တော့။
သူမ လက်လွှတ်ထားတဲ့ Company က ကိစ္စတွေကိုသာ ၀ိုင်းကူလုပ်ပေးရင်း သူမ့ကို လျစ်လျှူရှုထားလိုက်တယ်လေ။
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။