(Zawgyi code)
တစ်တော့... တစ်တော့... တစ်တော့... တစ်တော့... တစ်တော့... တစ်တော့...
စည်းချက်ချီချီ ရွေ့လျားနေတဲ့ နာရီလက်တံကို သူမ ငေးကြည့်နေမိတယ်။
ပန်းနှင်းဆီက တကယ်တော့ နာရီလက်တံလိုလူစားမျိုးပါ။
ဘယ်သူမတွေ ဘာပဲဖြစ်နေ၊ ဖြစ်နေ။ ဘာကိုမှ ဂရုမစိုက်ပဲ အချိန်တန် ၁ ကနေ ၂ ကိုကူးမယ်။ ၂ ပြီးရင် ၃ ကိုကူးမယ်။
ဒါက ပန်းနှင်းဆီရဲ့ဘ၀။ နှင်းဆီဟာ သူ့ဘ၀ကို တာဝန်ကျေကျေ လုပ်ဆောင်နေတာ။
ဒါ ပန်းနှင်းဆီ မလွန်ပါဘူး။
လွန်တာက သူမ။
ဘာကိုမှမျက်နှာမထောက်ပဲ ဆုံးဖြတ်ထားတဲ့အတိုင်း ဆက်လုပ်လေ့ရှိတဲ့ ပန်းနှင်းဆီကို တွယ်တာမိသွားတဲ့ သူမသာလျှင် လွန်တာ။
လိမ်တာကို မုန်းတီးရွံရှာတတ်ပေမယ့် ပန်းနှင်းဆီဟာ လစာတွေ လိမ်လည်သွားပြီဆိုတာ သိတာတောင်
နှင်းဆီရဲ့ တစ်ဒေါက်ဒေါက်မည်နေတဲ့ လေဒီရှူးဖိနပ်သံ...
နှင်းဆီရဲ့ စည်းချက်မညီညာတဲ့ လေချွန်သံ...
နှင်းဆီရဲ့ အပြုံး...
တစ်ချက်တစ်ချက် ၀င့်ခနဲ မှိတ်ပြတတ်တဲ့ နှင်းဆီရဲ့မျက်ဝန်း...
အဲဒါတွေကို သူမက တမ်းတမိနေတုန်း။
နှင်းဆီအတွက် သူမဟာ အထူးလူတစ်ယောက်ဖြစ်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို မျှော်လင့်မိထားပေမယ့် တကယ်တမ်းကျတော့ သူမဟာလည်း အများနည်းတူ နှင်းဆီရဲ့ သားကောင်တစ်ယောက်သက်သက်ပါပဲလား?
---------------------------------------------------
"ပန်းနှင်းဆီကို ခဏလောက်လွှတ်လိုက်ပါ ဦးခန့်အောင်..."
ရုံးခန်းထဲ သူမ၀င်လာတာနဲ့ နှင်းဆီကို ခေါ်တွေ့ဖို့ ဦးခန့်အောင်ကို အခေါ်လွှတ်ခိုင်းမိတယ်။
နှင်းဆီကို ခေါ်တွေ့ပြီး မနေ့က မင်းလုပ်သွားတာ တို့အကုန်သိတယ်။ ဒါပေမဲ့ အဲဒီအတွက် မင်းကို တို့လုံးဝ အပြစ်မယူဘူး။
ဒီ့အတွက် မင်းကတော့ တို့ Company မှာပဲ အလုပ်ဆက်လုပ်ပေးပါဆိုပြီး အရှက်မရှိ သူမ တောင်းဆိုလိုက်မယ်ပေါ့။
ဒါပေမဲ့ ဦးခန့်အောင်သာ ရုံးခန်းထဲပြန်ဝင်လာခဲ့တာပါ။ ပန်းနှင်းဆီတော့ ဦးခန့်အောင်နဲ့အတူ ပြန်မပါလာ။
"ဦးခန့်အောင်... ပန်းနှင်းဆီရော။ ကျမ ခေါ်တာ ပန်းနှင်းဆီကိုလေ။ ဦးခန့်အောင်ကို မဟုတ်ဘူး။ ပန်းနှင်းဆီကို လွှတ်လိုက်ရမယ့်အစား.... ဘာလို့ ဦးခန့်အောင်က ဒီအခန်းထဲပြန်ဝင်လာရတာလဲ?"
"MD၊ ပန်းနှင်းဆီ ရုံးမရောက်သေးပါဘူး"
ရုံးမရောက်သေးဘူးတဲ့။ မရောက်သေးတာလား၊ ရောက်မလာတော့မှာလား။
စက္ကန့်တွေကနေ မိနစ်၊ မိနစ်တွေကနေ နာရီတွေ တဖြည်းဖြည်းရွေ့ရှားရင်း အချိန်တွေကုန်သွားတယ်။
ပန်းနှင်းဆီဟာ Company သို့ ပေါ်မလာတော့။
အင်းပေါ့လေ... လိုချင်တာရသွားပြီးတဲ့နောက် နှင်းဆီက ရောက်လာဦးမယ်တဲ့လား?
နောက်ဆုံး သူမ မျှော်နေမယ်ဆိုတာကိုတောင် နှင်းဆီတွေးမိမယ်တဲ့လား?
လစာပေးဖို့ငွေတွေလည်း ထုတ်ပေးပြီးပြီ၊ လစာတွေလည်း ပြင်ဆင်နေပြီ၊ ဒီလိုအချိန်မှာ နှင်းဆီ ရုံးမလာတော့ဘူးဆိုတော့ ရုံးတွင်းမှာ တခြားဝန်ထမ်းတွေရဲ့ ပြောစရာဖြစ်လာခဲ့ပြီ။
နောက်ဆုံး ဦးခန့်အောင်ကပါ စိုးရိမ်တကြီးလေးနဲ့ သူမကို လာမေးတဲ့အထိပဲဆိုပါတော့။
"ပန်းနှင်းဆီရဲ့ ဟန်းဖုန်းကိုဆက်တော့လည်း မကိုင်ဘူး MD... အဲဒါ ကျတော် ဘာဆက်လုပ်ပေးရမလဲ?"
"
အော် ဆောရီး ဆောရီး ဦးခန့်အောင်... ကျမ မေ့နေလို့... ဟုတ်တယ်။ ကျမ နှင်းဆီကို ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကို ခိုင်းလိုက်တာ။ သူခွင့် နှစ်ရက်လောက် ယူရလိမ့်မယ် သိလား?"
တကယ်လို့ စိတ်လေးပြောင်းပြီး နှင်းဆီပြန်ရောက်လာခဲ့ရင် နှင်းဆီကို လူအများအထင်မသေးအောင် သူမ တတ်နိုင် သလောက်လေးကြိုးစားဖာထေးမိနေခြင်းသက်သက်သာ။
နောက်ပြီး သူမအတွေးက အခုရက်ပိုင်း ပန်းနှင်းဆီကို မြေလှန်ပြီးရှာမယ်ပေါ့။
ရှာလို့တွေ့ရင် ပုံစံမပျက် ရုံးပြန်တက်ခိုင်းမယ်ပေါ့။ ဘာပဲဖြစ်ဖြစ် နှင်းဆီဟာ သူမရဲ့အနီးမှာရှီနေမှာပဲလေ။
"မဟုတ်သေးဘူး ဦးခန့်အောင်... ကျမခိုင်းလိုက်တဲ့ကိစ္စက အရေးကြီးတယ်... သူက ခရီးတိုတစ်ခုထွက်သွားရတာ... အဲဒီတော့ ခွင့်က ၂ ရက်ထပ် ပိုချင်လည်းပိုလိမ့်မယ်... အနည်းဆုံးတော့ ခွင့်ကို လေးရက်၊ တစ်ပတ်လောက် ယူချင် ယူလိမ့်မယ် သိလား?"
ရက်တိုနဲ့ နှင်းဆီကို ရှာမတွေ့မှာစိုးရိမ်ပြီး သူမစကားတွေက ရှေ့နောက် မမှန်တော့။
"ဒါဆို ၀န်ထမ်းတွေကိုပေးမယ် လစာကိစ္စကရော MD"
"အဲ့ဒီလစာကိစ္စ နီလာ့ကိုပဲခိုင်းလိုက်တော့ ဦးခန့်အောင်"
"ဒါပေမဲ့ မီပါတော့မလား MD။ မနက်ဖန်ဆိုရင်ပဲ...လစာထုတ်ပေးရမယ့်ရက်ဖြစ်နေပြီလေ"
"နီလာတစ်ယောက်တည်း မရဘူးဆိုရင် ရှင်လည်း ကူချင် ကူပေးလိုက်ပေါ့။ ဒါမှမဟုတ် တခြားဝန်ထမ်းတွေလည်း ရှိနေသေးတာပဲ။ ဒီလစာလေးပေးဖို့ စီစဉ်ပေးရမှာက ဘယ်လောက်များ ကြီးကျယ်ပြီး အလုပ်ရှုတ်စရာဖြစ်နေလို့လဲ... ဒီလိုပဲ ၀ိုင်းဝန်းကူညီပြီး လုပ်လိုက်ကြပေါ့ရှင်... ဘာ...မှမဟုတ်တဲ့ လစာကိစ္စလေး အရမ်းကို ခက်ခဲနေကြလို့လား..."
သူမ မဆီမဆိုင် ဦးခန့်အောင်အပေါ်ကို ဒေါသတွေ ဇွတ်ပုံနေမိပြန်တယ်။
"ဒါပေမဲ့ မနေ့က ကျွန်တော်ကြားတာကတော့ MDပဲ ပန်းနှင်းဆီကို လစာကိစ္စ လုပ်ခိုင်းလိုက်ပြီ မဟုတ်လား?"
"ဟုတ်တယ်။ လုပ်ခိုင်းလိုက်ပြီးမှ သူ့ကိုအခုခိုင်းလိုက်တဲ့ ကျမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စက အရေးပေါ် ပေါ်လာတာ။ နောက်ပြီး ပန်းနှင်းဆီကို ထုတ်ပေးလိုက်တဲ့ လစာငွေပမာဏအတွက်လည်း စိတ်မပူနဲ့။ အဲဒီငွေတွေအကုန်လုံးကို Company ရဲ့ ငွေစာရင်းထဲကနေ ကျမရဲ့ ကိုယ်ရေးကိုယ်တာ ဘဏ်စာရင်းထဲကနေ နှုတ်ယူလိုက်ပါ"
နှင်းဆီ ယူသွားသမျှ ငွေကြေးတွေကို သူမ စိုးရွံ့မှုတစ်ချက်မပါပဲ စိုက်ထုတ်ပေးဖို့ လူက အလိုလိုဆုံးဖြတ်ပြီးနေပြီ။
"နီလာ အခု ထပ်လုပ်ပေးရမယ့် လစာ စာရင်းအသစ်အတွက် ဘဏ်ကနေ ငွေထပ်ထုတ်ပေးလိုက်ပါ ဦးခန့်အောင်"
"
ဟို... လစာအတွက် ငွေတွေက နှင်းဆီထုတ်ပြီးပြီဆိုတော့ အဲ့ဒီလုပ်လက်စကိုပဲ နီလာ့ကိုဆက်လုပ်ခိုင်းလိုက်ရင်ရော... MD"
"
ကျမ ပြောသလိုသာလုပ်လိုက်ပါ ဦးခန့်အောင်။ လစာငွေအားလုံးအတွက် ကျသင့်ငွေ အကုန်လုံးကို ကျမရဲ့ ဘဏ်အကောင့်ထဲကနေ သွားထုတ်လိုက်ပါ။ ကျမ ချက်လက်မှတ်ကို တစ်ခါတည်းရေးပေးလိုက်ပါ့မယ်... နှင်းဆီကိုပေးထားတဲ့ ပိုက်ဆံကိစ္စက ကျမနဲ့ သူနဲ့ပဲ ဆက်ရှင်းလိုက်ပါ့မယ်... ဟုတ်ပြီလား?"
"ဟုတ်ကဲ့... MD အဆင်ပြေတယ်ဆိုရင် အဲဒီလိုပဲ လုပ်လိုက်ပါ့မယ်..."
"အင်း ဟုတ်ပြီ။ အဲဒီလိုပဲလုပ်ရတော့မှာပေါ့... ကဲ ကျမ ချက်ရေးပေးလိုက်မယ်။ ဦးခန့်အောင် ချက်ချင်းသာ သွားထုတ်လိုက်ပါ"
"ဟုတ်ကဲ့..."
ဝန်ထမ်းတွေအားလုံးအတွက် လိုအပ်နေတဲ့ လစာငွေကို သူမရဲ့ ကိုယ်ပိုင်အကောင့်ထဲမှ ထုတ်ယူရန် သူမ ချက်လက်မှတ်ရေးပေးလိုက်ပြီးနောက် ဦးခန့်အောင် ငွေထုတ်ဖို့ ထွက်သွားပေပြီ။
နှင်းဆီ လစာငွေတွေအကုန်လုံးကို လိမ်လည်သွားပြီဆိုတာသိတယ်။ ဒါပေမဲ့ သူမ ရဲတိုင်ဖို့နေနေသာသာ ညနေ ရုံးဆင်းတာနဲ့ မတွေ့တွေအောင် လိုက်ရှာဖို့ ဆုံးဖြတ်ပြီးသားဖြစ်နေပေပြီ။
ဘယ်တတ်နိုင်မလဲ?
နှလုံးသားရဲ့ အလိုဆန္ဒကို ဆန့်ကျင်ဖို့အင်အား သူမမှာရှိမှ မရှိတော့တာ။
----------------------------------------------------------------
အလုပ်လျှောက်ဖောင်မှာပါတဲ့ လိပ်စာအတိုင်းသွားရှာတော့ အဲ့ဒီအဆောင်မှာ ပန်းနှင်းဆီဆိုတဲ့ မိန်းကလေးမပြောနဲ့ အဲ့လိုနာမယ်ကိုတောင် မကြားဖူးဘူးတဲ့။
ဖောင်ထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်တော့လည်း ဖုန်းမှားနေတယ်တဲ့။
မွန်းကျပ်မှုတွေက သူမကို နေလို့လည်းမရ၊ ထိုင်လို့လည်းမရအောင် လောင်မြှိုက်နေကြတယ်။
နောက်ပြီး ပန်းနှင်းဆီနဲ့အတူ ငွေတွေပါသွားတယ်ဆိုတာ ဦးခန့်အောင်လည်း ရိပ်မိနေပြီ။
မရိပ်မိပဲ နေမလား။
ဦးခန့်အောင်က သူမအတွင်းရေးမှူးလို့ ပြောလို့ရသလို သူမကိုယ်ရေးကိုယ်တာတွေ အကုန်လုံးကို သိနှင့်နေပြီးသားလေ။
ငွေ သိန်း ၃၀ ကျော်ဆိုတဲ့ ပမာဏက သိပ်မကြီးမားပေမဲ့ ဒီလောက်ငွေကို တစ်နေ့တည်းနဲ့ သူမ ဘယ်လိုမှ မသုံးဘူးဆိုတာ ဦးခန့်အောင်က သိတယ်လေ။
နောက်ပြီး လူလိမ်မုန်းတဲ့သူမက အခု ပန်းနှင်းဆီရဲ့ လိမ်လည်မှုကို ၀ိုင်းဝန်းဖုံးပေးနေတယ်ဆိုတာ ဦးခန့်အောင် သိလိုက်ရတဲ့ညနေခင်းမှာ ယောက်ျားကြီးတန်မဲ့ ဦးခန့်အောင်တောင် သူမကိုသနားပြီး မျက်ရည်ဝေ့ရသေးတယ်။
ဒါတွေ မင်းသိမယ်မထင်ပါဘူး ပန်းနှင်းဆီရယ်။
"MDရယ်... MDဘယ်လိုပဲ ရှာရှာပါ။ ကောင်မလေးက MDကို လိမ်လည်သွားတာလေ... သူ့ကိုဘယ်လိုလုပ်ပြီးရှာတွေ့တော့မျာလဲ?"
"ဘာပဲဖြစ်ဖြစ် ဦးခန့်အောင်ရယ်။ သူ့ကို နောက်တစ်ခေါက်လောက်ဖြစ်ဖြစ် ထပ်မရှာပေးချင်ဘူးလားရှင်... ဟင်?"
သနားစဖွယ်တောင်းဆိုနေတဲ့ သူမ့စကားရဲ့ လေးနက်မှုကြောင့် ဦးခန့်အောင် ဘယ်လိုငြင်းပယ်ရဲတော့မှာလဲ။
ခေါင်းညိတ့်ပြီး၊ သက်ပြင်းချရင်း အရင်က အဲ့လိုတစ်ခါမှ မပူလောင်ဖူးတဲ့ သူမကို ဦးခန့်အောင် အရမ်းသနားမိနေတယ်။
"ရှာပေးပါ့မယ်MDရယ်... ကျွန်တော့်တွေ့အောင်ရှာပေးပါ့မယ်..."
"ကျေးဇူးတင်ပါတယ်ရှင်... နောက်ပြီး ဒီကိစ္စကိုလည်း
Company ကဘယ်သူ့ကိုမှ မသိစေချင်ဘူး။ ကျမ ရှက်တယ်... နောက်ပြီး သူ့သိက္ခာကိုလည်း မထိခိုက်စေ့ချင်ဘူး"
"စိတ်ချပါMDရယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး..."
"တကယ်လို့ ရှာတွေ့ခဲ့ရင် ကျမဆီကိုပြန်လာပြီးမပြောနဲ့နော်။ ကျမဆီကို ဦးခန့်အောင်ပြန်လာနေတုန်း သူထပ်ပြီး ခြေရာဖျောက်သွားမှာ ကြောက်လို့ပါ။ သူ့ကိုတွေ့တာနဲ့ တွေ့တဲ့နေရာကနေ လှမ်းသာဖုန်းဆက်လိုက်။ ကျမ ချက်ချင်း ထွက်လာခဲ့မယ်... ဘာပဲဖြစ်ဖြစ် သူ့ကိုတွေ့အောင်တော့ ရှာပေးပါနော်"
"ဟုတ်ကဲ့...ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်"
ဒီရက်ပိုင်းထဲမှာ ဦးခန့်အောင်ကို သူမ အထူးတလည်ခိုင်းစေနေတဲ့အရာကတော့ နှင်းဆီကို တွေ့အောင်ရှာဖွေပေးဖို့ပဲဖြစ်တယ်။
နောက်ဆုံးတစ်ခေါက်ဖြစ်ဖြစ်တော့ ထပ်တွေ့ချင်နေသေးတဲ့ ဆန္ဒကို သူမ ဘယ်လိုမှ မလွန်ဆန်နိုင်။
သူများတွေလိုပဲ သူမကိုလည်း နှင်းဆီလိမ်လည်သွားပါစေဦး... သူမ နာကျင်ရတာကလွဲပြီး နှင်းဆီကိုတော့ မမုန်းတီးနိုင်။
ပြီးတော့ သူမဖက်ကလည်း နှင်းဆီနဲ့ပတ်သတ်ပြီး ရင်ထဲက ခံစားချက်တွေကို ဖွင့်မပြောဖြစ်လိုက်ဘူးလေ။
YOU ARE READING
လေဒီရှူးအနီနဲ့... ကောင်မလေး
Romanceကျိုးပဲ့ပျက်စီးလွယ်ပြီး ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ နာကျဉ်စရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တာ ကျွန်မရဲ့ဘဝပါပဲ။