(Unicode)
"မရဖူးနော် မင်းသမီးလေး......"
"ဘာကိုမရရမှာလဲ......"
မျက်ဝန်းအဝိုင်းသားဖြင့် မေးခွန်းပြန်ထုတ်လာသော မင်းသမီးလေးကင်ထယ်ယောင်း။
"မင်းသမီးအပြင်ထွက်ရင် ကျွန်တော်မျိုးတို့ ခေါင်းပြတ်ပြီပဲ...."
တံခါးဝကို ခြေကားယားလက်ကားယားဖြင့် အပြင်မထွက်အောင် ကာထားသော အွန်းနီကြောင့် ထယ်ယောင်းအခက်တွေ့လေပြီ။
"ခမည်းတော်က ခွင့်ပြုတယ်....."
"အပြင်ထွက်တိုင်း မင်းသမီးအဲ့စကားပဲပြောနေတာလေ ။ပြီးရင် အရှင်မင်းကြီးဆူတာ အမြဲခံနေရတာမလား ။ဒီတစ်ခါတော့ လုံးဝမရဖူး အပြင်မှာအရမ်းအန္တရာယ်များတယ်....."
"မသွားတော့ဘူး ....."
"သေချာတယ်နော်......"
"သေချာတယ် သွား စတော်ဘယ်ရီဖျော်ခဲ့ပေး ။ချဉ်ချိုလေး..."
"ဟုတ်ကဲ့......"
အွန်းနီမျက်စိအောက်က ပျောက်သွားတာ သေချာပြီဆိုကာမှ ဟိုနေ့က ခိုးပြီးသိမ်းထားသော အရပ်သားအဝတ်ကို လဲဝတ်လိုက်ပြီး ထယ်ယောင်းတစ်ဦးတည်းသာ သိထားသော လျို့ဝှက်ဝင်ပေါက်ကနေ ထွက်ခဲ့လိုက်သည်။
နန်းပြင်လည်းရောက်ရော လတ်ဆတ်တဲ့လေကို တစ်ဝကြီးရှူလိုက်သည်။လေခြင်းတူပေမယ့် နန်းတော်ထဲတွင်ရှူရသောလေထက် နန်းအပြင်ဘက်က လေကိုရှူရခြင်းကို ထယ်ယောင်းလွန်စွာနှစ်သက်ပါသည်။
ပုဝါစပါးပါးကို မျက်နှာတစ်ဝက်အုပ်လိုက်ပြီး ဈေးရှိရာသို့ ထယ်ယောင်းထွက်ခဲ့လိုက်သည်။နန်းတော်ထဲကအစားအစာတွေထက် ဒီဈေးကအစားစာတွေကို ထယ်ယောင်းပိုကြိုက်ပါသည်။
ဈေးထဲရောက်တော့ တွေ့သမျှဆိုင်က အစားအစာများကို တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်မြည်းတော့သည်။ကြိုက်တဲ့အစားအစာဆို တစ်ထိုင်တည်း ဝင်ထိုင်စားလိုက်သည်။
လက်ဝတ်လက်စားရောင်းချတဲ့ဆိုင်နားရောက်တော့ အွန်းနီကိုသတိရတာနှင့် သူမနှင့်လိုက်ဖက်မယ့် ဆံထိုးနှင့်လက်စွပ်ကို ဝယ်ယူလိုက်သည်။လူစုအုံတဲ့နေရာကိုရောက်တော့ စပ်စုချင်တဲ့စိတ်နဲ့ ရှေ့ဆုံးထိရောက်အောင် တိုးဝေ့လိုက်သည်။
