နွေဦး၏ ချိုမြိန်နွေးထွေးဖွယ် နံနက်ခင်းလေးတစ်ခုကို တေးသီငှက်ကလေးတချို့က ကြိုဆိုနေကြသည်။ကြွေကျပြီးသော သစ်ရွက်ခြောက်လေး အနည်းငယ်မှာ ပြတင်းပေါက် မှန်ဘောင်ပေါ်တွင် ကပ်ငြိတွယ်လျက် နေရာယူနေကြ၏။
နေရောင်ဖျော့ဖျော့လေး ဖြာကျနေသော အိပ်ရာပေါ်တွင်တော့ မိန်းကလေးတစ်ယောက် လှဲနေလေရာ အိပ်ရာမှ မထချင်သေးသော်လည်း မိခင်ဖြစ်သူ လာနှိုးတော့မည်ကို မြင်ယောင်၍ သူမထဖို့ပြင်ရတော့မည်။လေးလံနေသည့် မျက်ခွံများကို လက်ဖမိုးဖြင့် အသာပွတ်လိုက်ရင်း ညောင်းညာနေသော အကြောများကိုဆန့်လိုက်၏။ဂွမ်းစောင် ဖြူဖြူနုနုလေးကို အသာဖယ်ရင်း အိပ်ရာပေါ်ကနေ သူမဆင်းလိုက်သည်။
ခါးထိရှည်လျားသော ပိတုန်းရောင် တောက်နေသည့် ဆံနွယ်များကို စုစည်းချည်နှောင်ကာ နဖူးတစ်ဝိုက် ဝေ့ကျနေသည့် ဆံမျှင်လေးများကိုပါ ညှပ်တင်လိုက်သည်။ရေချိုးခန်းသို့ သူမ ဝင်မည်အလုပ်တွင် ညကရေးသားခဲ့သည့် သူမရဲ့ ဒိုင်ယာရီစာအုပ်လေးက ဖွင့်လျက်သား ဖြစ်နေ၏။
သူမ စာအုပ်လေးကို ကောက်ကိုင်လိုက်သည်။ပွင့်နေသည့် စာမျက်နှာမှာ ရေးထားသည်ကား...
"ဒီည ရှန် (၁၈)နှစ်ပြည့်ခဲ့ပြီ...မေမေကိုယ်တိုင် ကိတ်ကိုဖုတ်ပြီး ရှန့်ကို surpriseတိုက်ခဲ့တာ...အရမ်းစားလို့ကောင်းတာပဲ...ဒါနဲ့ ရှန့်ကို မေမေပြောနေကျ စကားတစ်ခွန်းရှိတယ်...အဲ့ဒါက ရှန်အသက်(၁၈)နှစ်ပြည့်ရင် တစ်စုံတစ်ခုက စောင့်ကြိုနေတယ်ဆိုပဲ...ဘာများလဲ သိချင်လိုက်တာ အဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားနေပြီ...ဒီညတော့ ဒီလောက်နဲ့အိပ်တော့မယ်...မနက်ကျရင် စိတ်သစ်လူသစ်နဲ့ နိုးထတာပေါ့လေ..."
သူမရဲ့ မျက်ခုံးနှစ်ဖက်က ထိလုနီးပါး ဖြစ်သွား၏။ညတုန်းက ရေးစရာရှိတာ ရေးပြီးသည်နှင့် သူမကိုယ်တိုင် စားပွဲအောက်က အံဆွဲအတွင်းသို့ သေသေချာချာ သိမ်းဆည်းထားခဲ့သည့် ဒိုင်ယာရီစာအုပ်က အခုတော့ ကြမ်းပြင််မှာ...။
ဤအိမ်လေးတွင် သူမနှင့်မေမေ နှစ်ယောက်တည်းသာနေ၏။ဖေဖေက သူမငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့သည်ကိုတော့ မေမေက ပြောပြထားခဲ့လို့ သူမသိခဲ့ရသည်။သူမကို မေမေ တစ်ယောက်တည်း ပြုစုပျိုးထောင်ကာ ယခုချိန်ထိ စောင့်ရှောက်လာခဲ့ရတာ ဖြစ်သည်။

أنت تقرأ
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
خيال (فانتازيا){ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...