ရေခဲဖန်သားထက်ပေါ်တွင် သူမခန္ဓာကိုယ်အစား ပန်းနုရောင်တောက်ပနေသော မြူမှုန်အလင်းစက်များကိုသာ တဝဲလည်လည် တွေ့မြင်ရသည်။နေအဂ္ဂမှာ ထိုအလင်းစက်များကို တအံ့တဩဖြင့် မမှိတ်မသုန် စိုက်ကြည့်နေ၏။
စုဝေးနေသည့် အလင်းစက်ကလေးများက တဖြည်းဖြည်း ထိုနေရာမှ ပျံ့လွင့်ကာ ရေတံခွန်အပြင်ဘက်သို့ ဦးတည်၍ ထွက်သွားသည်။နေအဂ္ဂတစ်ယောက် ပျာပျာသလဲဖြင့် ထိုအရာများနောက်သို့ တပ်ကြပ်မကွာ လိုက်ချသွား၏။
~~~~~~~~~~~~~~~~~~~~
ပြင်ပတွင် ပုံမှန်မဟုတ်သော လေများက ပြင်းထန်စွာ တိုက်ခတ်လာသည်။ကောင်းကင်အထက်တွင် သက်တန့်ရောင်သန်းနေသော တိမ်များမှာ အရောင်စုံလင်စွာဖြင့် ပုံမှန်ထက် ပိုထူးကဲကာ တောက်ပနေသည်။ထိုအရာကိုကြည့်၍ မစ္စတာဝှိုက်တစ်ယောက် စိတ်ထဲတွင် တစ်စုံတစ်ခုအား သတိရသွား၏။
ချက်ချင်းပင် ဒေါ်ဒေါ်မှူးကို အကြောင်းကြားကာ
ကျောင်းတော်၏ တာဝန်ရှိသူ အချို့နှင့်အတူ ရေတံခွန်အတွင်းရှိ ရေခဲဖန်သားဆီသို့ သွားကြည့်ကြ၏။သူထင်သည့်အတိုင်းပင် ရှန့်ခန္ဓာကိုယ်နှင့်အတူ သုံးရောင်ခြည်ပန်းပါ ရှိမနေတော့...။ထို့ကြောင့် တစ်နေရာကိုသာ သွားစစ်ဆေးကြည့်ရန် ရှိတော့သည်။
တစ်ဖက်တွင်လည်း မြူမှုန်များနောက် ရွှေရောင်အလင်းတန်းလေးတစ်ခုက တပ်ကြပ်မကွာ လိုက်ပါနေခဲ့သည်။ထိုမြူမှုန်များသည် ရေတံခွန်မှ ကျော်လွန်စွာ 'တခန့်တမူရာ' နယ်မြေပေါ်သို့ ထပ်မံကျော်လွန်၍ ပျံသန်းသွားသည်။
တစ်နေရာသို့ရောက်သော် ၎င်းမြူမှုန်များက တဖြည်းဖြည်းချင်း အောက်သို့ သက်ဆင်းသွား၏။ထိုနေရာသည် ပြာလဲ့ကြည်လင်နေသော ရေကန်ကြီးတစ်ကန်ပင် ဖြစ်သည်။ဘေးပတ်ပတ်လည် ကုန်းမြေတွင်လည်း မက်မွန်ပင်များက ရောသိပ် ပြည့်နှက်ကာ အစီအရီပေါက်နေ၏။
ပန်းနုရောင်မြူမှုန်များမှာ ထိုရေကန်ကြီးဆီသို့ တဖြည်းဖြည်း သက်ဆင်းလာသည်နှင့်အမျှ ဘေးပတ်ပတ်လည်ရှိ မက်မွန်ပင်များမှ ပွင့်ဖတ်များသည်လည်း အများအပြားပင် ကြွေလွင့်စပြုလာသည်။

YOU ARE READING
နတ်ဘုရားငယ်တို့ချစ်ပုံပြင်
Fantasy{ဖူးစာကြိုးသာ စစ်မှန်နေလျှင် ကမ္ဘာခြားရင်တောင် ပေါင်းစည်းကြရလတ္တံ့......} Title အတိုင်း..နတ်ဘုရားတွေရဲ့ အချစ်ဇာတ်လမ်းကို စာရေးသူ၏ စိတ်ကူးစိတ်သန်းအရ ပုံဖော်ဖန်တီးထားသည်မို့....Fantastically romance ကြိုက်နှစ်သူများအတွက်သင့်လျော်ပါသည်။ဘာသာပြန်မဟုတ်ပါ။...